အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

ရွေးကောက်ပွဲအလွန်တွင် အတိုက်အခံနိုင်ငံရေး ရှင်သန်နိုင်ဦးမည်လော

အာဏာသိမ်းတပ် စီစဉ်သည့် ဟန်ပြရွေးကောက်ပွဲကို လိုလိုလားလား ဝင်ပြိုင်ခဲ့ကြသူ နိုင်ငံရေးသမားများသည် စစ်တပ်၏ ကလိမ်ကျခြင်း၊ ပြည်သူတို့၏ ဒဏ်ခတ်ခြင်းတို့ကို ဆက်တိုက် ရင်ဆိုင်လိုက်ရသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ပြီးဆုံးသွားပါပြီ။ စစ်ကျွန်ဇာတ်သွင်းသော ရွေးကောက်ပွဲမှန်း သိလျက်နှင့် အာဏာသိမ်းစစ်တပ်နှင့်  ပူးပေါင်းသလို၊ စစ်အာဏာသိမ်းမှု ကို “အာဏာထိန်း” ခြင်းပါဟု စစ်တပ်နှင့်အတူ လိမ်ညာပေးခဲ့ကြသော၊ စစ်ကျွန်မခံလိုသည့် နိုင်ငံအနှံ့ ပြည်သူများ၏ လက်နက်ကိုင် ခုခံတော်လှန်ရေးကို စစ်တပ်အလိုကျ အကြမ်းဖက်မှုများအဖြစ် ဆန့်ကျင်ရှုတ်ချခဲ့ကြသော အေးမောင်၊ ကိုကိုကြီးနှင့် စန္ဒာမင်းတို့အားလုံး မရှုမလှ ရှုံးနိမ့်ခဲ့ကြသည်။ 

အတုအယောင် ရွေးကောက်ပွဲ သုံးပိုင်းခွဲကျင်းပခဲ့ရာ တစ်ချိန်က ရခိုင်ပြည်သူတို့၏ ဆန္ဒမဲများကို အခိုင်အမာ ရရှိခဲ့ဖူးသော အေးမောင်သည် ရွေးကောက်ပွဲ အပိုင်း(၁) တွင် စစ်တွေမြို့နယ်ရှိ ရခိုင်မဲဆန္ဒရှင်များ ရှေ့မှောက် ရှုံးနိမ့်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဩဇာအရှိန်အဝါဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လွှတ်တော်အမတ် ဖြစ်ခဲ့ဖူးသော စန္ဒာမင်းသည် ရွေးကောက်ပွဲ        အပိုင်း(၂) တွင် NLD အမြဲတမ်းနိုင်သော ရန်ကုန်တိုင်း လသာမြို့နယ်မဲဆန္ဒနယ်တွင် ရှုံးနိမ့်ခဲ့သည်။ 

ရှစ်လေးလုံး ကျောင်းသားလှုပ်ရှားမှုသမိုင်းတွင် အောင်မြင်ထင်ရှားသော ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သော်လည်း၊ ပါတီနိုင်ငံရေးကို စတင်လျှောက်လှမ်းချိန်ကစ၍ အလဲလဲအကွဲကွဲဖြင့် ရှုံးနိမ့်မှုများကိုသာ ကြုံတွေ့နေရသော ပြည်သူ့ပါတီခေါင်းဆောင် ကိုကိုကြီးသည် ရွေးကောက်ပွဲ အပိုင်း(၃)တွင် လမ်းမတော်မြို့နယ် မဲဆန္ဒနယ်တွင် ရှုံးနိမ့်ခဲ့သည်။ ၎င်းတို့အားလုံးသည် စစ်တပ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများကို ရှုံးနိမ့်ခဲ့ကြခြင်း ဖြစ်သည်။ 

ပြည်သူ့ဆန္ဒကို ကျောခိုင်း၍ စစ်အာဏာရှင်အလိုတော်ရိဘဝ ခံယူခဲ့ကြသူများ ရရှိသွားကြသော ဆုလာဘ်ပေတည်း။ ၎င်းတို့သည် အရပ်ဘက်နိုင်ငံရေးလောကတွင် ထင်ရှားသောနိုင်ငံရေးသမားများဟု ဆိုနိုင်သော်လည်း၊ တစ်ချိန်က လူအများ ကြည်ညိုလေးစားသော “အတိုက်အခံနိုင်ငံရေးသမား” ဟူသော ဂုဏ်ပုဒ်နှင့် မထိုက်တန်ကြသူများ ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားနိုင်ငံရေးသမားများကို ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့်အတူ မြန်မာ့ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးအတွက် အာဏာရှင်စစ်တပ်ကို နှစ်ပေါင်းများစွာ ရင်ဆိုင်ရုန်းကန်တိုက်ပွဲဝင်ခဲ့ကြသဖြင့် အတိုက်အခံနိုင်ငံရေးသမားများဟု သတ်မှတ်ခေါ်ဝေါ်လေ့ ရှိကြသည်။ စစ်အာဏာရှင်တို့ကို မကြောက်မရွံ့ အဖမ်းခံ၊ ထောင်ကျခံ နိုင်ငံရေးလုပ်ကြသော ထိုအရပ်သားနိုင်ငံရေးသမားများကို ပြည်သူတို့က လွန်စွာတန်ဖိုးထား လေးစားကြသည်။ ကိုကိုကြီးနှင့် စန္ဒာမင်းတို့သည် ထိုသူများထဲတွင် ပါဝင်ခဲ့ဖူးသည်။ အေးမောင်သည် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင်မှ ရခိုင်နိုင်ငံရေးနယ်ပယ်ထဲ ဝင်ရောက်လာသူဖြစ်ပြီး၊ စစ်အာဏာရှင်စနစ်ကို တည့်တည့်ရင်ဆိုင်ဖူးသောသမိုင်း မရှိပါ။

ယခုတစ်ကြိမ် စစ်ကျွန်ဇာတ်သွင်းသော ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် အတိုက်အခံ နိုင်ငံရေး ရှင်သန်နိုင်ပါဦးမလား ဆိုသည့် မေးခွန်းက လွှမ်းမိုးနေပါလိမ့်မည်။ အကြောင်းမှာ အတိုက်အခံ နိုင်ငံရေးသမားစစ်စစ်ဆိုလျှင် အများအားဖြင့် လက်နက်စွဲကိုင်၍ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ် တော်လှန်သည့် လှုပ်ရှားမှုထဲ ပါဝင်နေကြပြီ ဖြစ်သည်။ မြေပေါ်နိုင်ငံရေးဆိုသည်မှာ စစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ မရှင်သန်နိုင်တော့ခြင်းကြောင့်ပင်။ ထိုအချက်ကို အေးမောင်၊ ကိုကိုကြီး၊ စန္ဒာမင်းနှင့် သက်သက်ခိုင်တို့က သက်သေထူ ပြသလျက်ရှိသည်။

အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်ဘဝဖြင့် မကျေနပ်နိုင်ဘဲ၊ နိုင်ငံရေးနယ်ပယ်ထဲ ခြံခုန်ကူးခဲ့သော ရွှေဆိုင်များပိုင်ရှင် သက်သက်ခိုင်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သေချာပေါက်နိုင်မည့် NLD ပါတီကို ကိုယ်စားပြု အရွေးချယ်ခံပြီး လွှတ်တော်အမတ် ဖြစ်ခဲ့သည်။ သို့သော် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထက် ပို၍တတ်သိနားလည်သူဟု စိတ်ကြီးဝင်လျက် ပါတီစည်းကမ်းများကို မလိုက်နာ၊ ပါတီမှနုတ်ထွက်ပြီး၊ နိုင်ငံရေးပါတီတစ်ခုကို ကုမ္ပဏီတစ်ခုထောင်သလို လွယ်ကူလေဟန်ဖြင့် တည်ထောင်ခဲ့သူဖြစ်သည်။ 

ပါတီတည်ထောင်သူက ဥက္ကဋ္ဌရာထူး ယူကြသည့် မြန်မာ့နိုင်ငံရေးတွင် ပြည်သူ့ရှေ့ဆောင်ပါတီနှင့် ပြည်သူ့ပါတီ၏ ဥက္ကဋ္ဌများဖြစ်ကြသော သက်သက်ခိုင်နှင့် ကိုကိုကြီးတို့သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တစ်နေရာမျှ အနိုင်မရကြပေ။ ၎င်းတို့၏အစွမ်းအစသည် ထိုမျှလောက်ပင်ဖြစ်သည်ကို ဝန်မခံနိုင်ဘဲ၊ စစ်တပ် အာဏာ သိမ်းရန် အကွက်ချလိမ်ညာသော မဲစာရင်းမှားယွင်းသည်၊ မဲလိမ်သည် ဟူသော နိုင်ငံရေးလုပ်ကြံမှုတွင် ချော်လဲရောထိုင်ခဲ့ကြသူများ ဖြစ်သည်။ NLD က မဲမသမာမှုပြုသဖြင့် ၎င်းတို့ရှုံးနိမ့်ခဲ့သယောင် စစ်အာဏာသိမ်းမှုကို အားပေးထောက်ခံခဲ့ကြသည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်နှင့်ညှိနှိုင်းမှု မလုပ်ခြင်းကိုပင် ကိုကိုကြီးက လူသိရှင်ကြား ပြစ်တင်ဝေဖန်ခဲ့သည်။ ဒီမိုကရေစီ၏ အခြေခံစံနှုန်းများကို ကာကွယ်ရန် ဝေးစွ၊ ဒီမိုကရေစီ၏ရန်သူ စစ်အာဏာသိမ်းခြင်းကို မကန့်ကွက်၊ မရင်ဆိုင်ဘဲ၊ စစ်ခေါင်းဆောင်နှင့် ပူးပေါင်းခဲ့ခြင်းက ၎င်းတို့၏ နိုင်ငံရေး ဂုဏ်သိက္ခာကို ၎င်းတို့ ကိုယ်တိုင် ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။ ဂုဏ်သိက္ခာမဲ့ နိုင်ငံရေးသမားကို မြန်မာပြည်သူက ထောက်ခံရိုး ထုံးစံမရှိပေ။  

စစ်အာဏာရှင်အလိုတော်ရိ အရပ်သားနိုင်ငံရေးသမားဘွဲ့ခံယူကြသူများ 

စစ်အာဏာသိမ်းမှုကို တစ်နည်းနည်းဖြင့် ထောက်ခံအားပေးခဲ့ကြသော အနှီ အရပ်သားနိုင်ငံရေးသမားများ သည် ဒေါ်အောင်ဆန်းစုကြည်အလွန် စစ်တပ်နှင့်ပူးပေါင်း၍ စစ်ဘက်-အရပ်ဘက် နိုင်ငံရေးအခင်းအကျင်းသစ်တစ်ခု ဖန်တီးနိုင်လေမည်လားဟု စိတ်ကူးယဉ်ခဲ့ကြဟန်တူသည်။ သို့ဆိုလျှင် စစ်ဘက်-အရပ်ဘက် နိုင်ငံရေးကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူတစ်ယောက်ဟု ကိုယ့်ကိုယ်ကိုယ် အထင်ရှိသော ကိုကိုကြီးသည် အဆိုပါ စိတ်ကူးယဉ် နိုင်ငံရေး၏ ထိပ်ဆုံးက သားကောင် ဖြစ်ပေလိမ့်မည်။

ယခုအခါ ၎င်းတို့၏ နိုင်ငံရေးလမ်းကြောင်းကို နဖူးပေါ် လက်တင်၍ ပြန်လည်သုံးသပ်နေမည်လား မသိပါ။ ထိုကဲ့သို ပြန်လည်သုံးသပ် ဆင်ခြင်ကြမည်ဆိုလျှင် ၎င်းတို့ ကိုယ်တိုင် ရိုးသားစွာ မေးမြန်းသင့်သော ပထမဆုံး မေးခွန်းသည် အဘယ်ကြောင့် ပြည်သူများက ၎င်းတို့ကို ထောက်ခံမဲပေး မရွေးချယ်ခဲ့ကြသနည်း။ ဤတစ်ကြိမ် ကြံ့ခိုင်ရေးပါတီ မဲလိမ်မဲခိုးတာပါ ဟု မပြောရဲကြမည်မှာ သေချာပါသည်။ ဇာဂနာပျောက်နေ၍ ကြောက်မွှေးများ ၎င်းတို့ခန္ဓာကိုယ်အနှံ့ ရှင်သန်ကြီးထွားလျက်ရှိသည်။

ဒုတိယမေးခွန်းကို ပို၍ရိုးသားစွာ ဖြေဆိုရန် လိုအပ်သည်။ ၎င်းတို့ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ခြင်းနှင့် မင်းအောင်လှိုင်၏ စစ်ကော်မရှင်လက်ထက် ရှုံးနိမ့်ခြင်း မည်သို့ကွဲခြားသနည်း။ ယခင်ကာလက ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူလူထုအပေါ် လွန်စွာဩဇာ လွှမ်းမိုးနိုင်မှုကြောင့် လည်းကောင်း၊ NLD ပါတီက မဲဆန္ဒနယ်တိုင်းတွင် “ပါတီကြီး ဝါဒ” ကျင့်သုံးပြီး လွှမ်းမိုးအနိုင်ကျင့်မှုကြောင့် လည်းကောင်း၊ မဲများသူအနိုင်ယူစနစ်တွင် NLD ပါတီကြီး တစ်ခုကသာ သိမ်းကြုံးအနိုင်ယူခြင်းက “ဒီမိုကရေစီ အာဏာရှင်” ဖြစ်ပြီး မတရားကြောင်း စသဖြင့် ရွေးကောက်ပွဲရှုံးနိမ့်မှု ကို လက်မခံဘဲ ဆင်ခြေအမျိုးမျိုး ပေးတတ်ကြသော အနှီ နိုင်ငံရေးသမားများအနေဖြင့် ယခုတစ်ကြိမ်တွင် မည်သို့သောဆင်ခြေများ ပေးကြမည်နည်း။  

တတိယ မေးခွန်းသည် ဒေါ်အောင်ဆန်းစုကြည်ခေတ်အလွန် နိုင်ငံရေးအခင်းအကျင်းကို မျှော်မှန်းခဲ့ကြပြီး၊ လူထု ခေါင်းဆောင်နေရာနှင့် အရပ်ဘက်နိုင်ငံရေးကို လွှမ်းမိုးရယူနိုင်ရန် စိတ်ကူးယဉ်ခဲ့ကြသော အနှီ နိုင်ငံရေးသမားများသည် အနာဂတ်နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် စစ်တပ်နှင့် စစ်တပ်ပါတီသာလျှင် အာဏာချုပ်ကိုင်မည့် စစ်ကျွန်ဇာတ်သွင်းသော ရွေးကောက်ပွဲမှန်းသိသိနှင့် စစ်တပ်နှင့်ပူးပေါင်းခဲ့သည့် ရလဒ်က ၎င်းတို့မျှော်လင့်သကဲ့သို့ ဖြစ်ခဲ့သလော။ စင်စစ် စစ်တပ်နှင့် သဟဇာတဖြစ်ဖြစ် ပေါင်းသင်း ဆက်ဆံနိုင်မှ နိုင်ငံရေးလုပ်ခွင့်ရမည့် လူ့ဂုဏ်သိက္ခာအမဲ့ဆုံး၊ ဒီမိုကရေစီ စံတန်ဖိုးအမဲ့ဆုံး နိုင်ငံရေး အခင်အကျင်းကို စစ်တပ်နှင့်ပေါင်းပြီး ပုံဖော်ခဲ့ကြခြင်းသာ ဖြစ်သည်။ ယခုအခါ ၎င်းတို့သည် စံတန်ဖိုးမဲ့ နိုင်ငံရေးသမားများဘဝ သက်ဆင်းခဲ့ရပြီ ဖြစ်သည်။

ပြည်သူ့ဆန္ဒကို ကျောခိုင်းခဲ့သော နိုင်ငံရေးသမားများ၏ လာရာနှင့် လားရာ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် စနစ်တကျ ကြံစည်ထားသော အတုအယောင် ရွေးကောက်ပွဲ၏ လာရာနှင့် လားရာ လမ်းကြောင်းတွင် ပူပူနွေးနွေး ရှုံးနိမ့်ခဲ့ကြသော ကိုကိုကြီး၊ စန္ဒာမင်း၊ အေးမောင်တို့နှင့် ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်ပင်မရလိုက်သော သက်သက်ခိုင်တို့ မသိ၍ မဟုတ်ပါ။ စစ်တပ်သည် ၎င်း၏ ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် အနိုင်ရရေးအတွက် ရွေးကောက်ပွဲ ဥပဒေများနှင့် မဲပေးခြင်းနည်းစနစ်များ အသေအချာ စီစဉ်ခဲ့သည်မှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်ပါ။ 

၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် အတုအယောင် ရွေးကောက်ပွဲကို အပိုင်းခွဲကျင်းပမည်ဟု လွန်ခဲ့သော     တစ်နှစ်ကျော်ခန့်က မင်းအောင်လှိုင် ကြိုတင် ကြေညာခဲ့သည်။ သို့သော် ရွေးကောက်ပွဲ အစီအစဉ် တစ်ခုလုံး၏ အသေးစိတ် လုပ်ငန်းစဉ်များဆိုင်ရာ သတင်းအချက်အလက်များနှင့် အချိန်ဇယားများကို လုံးဝထိန်းချုပ်ထားခဲ့သည်။ မည်သည့်ပါတီကမျှ ကြိုတင်သိရှိနိုင်ခြင်း မရှိသော်လည်း၊ စစ်ဗိုလ်ချုပ်များခေါင်းဆောင်သော ကြံ့ခိုင်ရေးပါတီက အတွင်းသတင်းများရရှိပြီး ကြိုတင်သိရှိပြင်ဆင်ထားမည်မှာ သံသယရှိစရာ လိုမည်မထင်ပါ။ 

နိုင်ငံတစ်ဝှမ်းမြို့နယ်တိုင်းတွင် ပါတီအခြေခံအဆောက်အဦ အခိုင်အမာ ရှိထားသည်မှာ ကြံ့ခိုင်ရေးပါတီ တစ်ခုသာ ရှိသည်။ ထိုအခြေအနေတွင် ပါတီရုံးခန်းပင် ပြည့်ပြည့်ဝဝ ဖွင့်လှစ်နိုင်ခြင်းမရှိသေးသော သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ကိုကိုကြီး၏ ပြည်သူ့ပါတီ (PP)၊ အေးမောင်၏ ရခိုင့်ဦးဆောင်ပါတီ (AFP) ၊ NLD ခွဲထွက်ဟောင်းများ ထူထောင်ထားသည့် အမျိုးသားဒီမိုကရေစီအင်အားစု   (NDF) စသည့် ကြံ့ခိုင်ရေးပါတီ၏ပြိုင်ဘက် ပါတီသစ်များ လိုက်နာရန် မဖြစ်နိုင်သော စည်းကမ်းချက်များကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် မင်းအောင်လှိုင် တမင်ထည့်သွင်း ကြေညာခဲ့သည်။ 

ထိုအခါ အနှီ နိုင်ငံရေးသမားများအကြား မကျေနပ်ချက်များ တိုးတိုးတစ်ဖုံ ကျယ်ကျယ်တစ်မျိုး ထွက်ပေါ်လာ ခဲ့ပြီး၊ ထိုအခြေအနေကို ဇိမ်ခံစောင့်ကြည့်နေသော မင်းအောင်လှိုင်သည် လွန်စွာ သဘောထား ကြီးမားလေဟန်ဖြင့် ပါတီများ၏ တင်ပြချက်ကို စဉ်းစားပေးပြီး ဖြေလျှော့ပေးမှုများ လုပ်ဆောင်ပေးသည်ဟု အမှတ်ယူခဲ့သေးသည်။ ၎င်း၏လက်ထဲ ဖမ်းမိထားသော ကြွက်ကလေးကို ကစားနေသည့် ကြောင်ဖားကြီးနှင့် တူလှသည်။ ထိုကဲ့သို့ ဥပဒေကို လိုသလိုပြဋ္ဌာန်း၊ လိုသလိုပြင်ဆင်၊ စိတ်တိုင်းကျလုပ်နေသော စစ်အာဏာရှင်ကိုပင် အနှီ နိုင်ငံရေးသမားများ ကျေးဇူးတင်ခဲ့ကြပြီး၊ ၎င်းတို့၏ တောင်းဆိုချက်များကို စစ်ခေါင်းဆောင်ကိုယ်တိုင် လိုက်လျောခဲ့ရသည်မဟုတ်ပါလား ဟု ကြံဖန်ဂုဏ်တင်နေကြပါလိမ့်မည်။

တစ်ဖက်တွင် ပါတီဖျက်သိမ်းမခံရရေးနှင့် ရွေးကောက်ပွဲဝင်ခွင့်ရရှိရေးအတွက် ပါတီရုံးခန်းများကို အချိန်မီ ဖွင့်လှစ်နိုင်ရန်၊ ပါတီဝင်အရေအတွက် ပြည့်မီရန် အနှီ ပါတီခေါင်းဆောင်များ ဗျာများနေအောင် စစ်ခေါင်းဆောင်က လုပ်ဆောင်ထားခဲ့သည်။ ရွေးကောက်ပွဲ ရှုံးနိမ့်သည့်အခါကျမှ စစ်တပ်၏ ရွေးကောက်ပွဲကော်မရှင်က ဥပဒေများကို တစ်ခုပြီးတစ်ခု ဆက်တိုက်ထုတ်ပြန်နေ၍ ၎င်းတို့ ဘာမျှမလုပ်နိုင်တော့သလို ကိုကိုကြီး ထုတ်ပြောလာသော်လည်း၊ အပြစ်တင်သောလေသံ တစ်စက်မျှ မပါမိစေရန် သတိထားနေပုံသည် သိသာလှသည်။  

NLD လွှတ်တော်အမတ်ဟောင်းဘဝမှ NDF ပါတီက ဒု-ဥက္ကဋ္ဌရာထူး ကမ်းလှမ်းမှုကြောင့် ခြံခုန်ကူးသွားသော စန္ဒာမင်းသည် သေမည့်နှစ်တွင် စစ်ထဲလိုက်မိသော စစ်သားပမာ ဖျက်သိမ်းခံရမည့်ပါတီသို့ ခြံခုန်ကူးမိလျက်သား ဖြစ်ခဲ့ရပြီး၊ ဒု-ဥက္ကဋ္ဌရာထူးကို ရက်ပိုင်းသာ စံစားခွင့်ရခဲ့သည်မှာ နိုင်ငံရေးသံဝေဂယူစရာ ကောင်းလှသည်။ နိုင်ငံရေးအသေမခံနိုင်သော စန္ဒာမင်းတစ်ယောက် တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ခံမှ နိုင်ငံရေး နှစ်ခါပြန် သေခဲ့ရသည်။ 

ကျပ်ငွေဘီလီယံရာပေါင်းများစွာ အကြွေးတင်နေသည့် ရွှေဆိုင်များရှင် သက်သက်ခိုင်ကို ရွေးကောက်ပွဲ ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းမပြည့်မီဟု အကြောင်းပြပြီး ရွေးကောက်ပွဲနီးမှ အနီးကပ် ဖြုတ်ချလိုက်သည်။ သူဌေးသိက္ခာကျပြီး နာလိုခံခက်ဖြစ်နေသော သက်သက်ခိုင်သည် ရွေးကောက်ပွဲ ပထမပိုင်း ကျင်းပရန် နှစ်ပတ်ခန့်အလိုတွင် “ဒီတပ်မတော်အစိုးရလက်ထက်မှာပဲ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းတယ်။ ဒီတပ်မတော် အစိုးရကပဲ ရွေးကောက်ပွဲဥပဒေတွေ ရေးဆွဲထားတယ်။ ပြောမယ်ဆိုရင် ကိုယ်က ဒိုင်လူကြီး လုပ်နေတာပေါ့နော်။ ဒိုင်လူကြီး လုပ်နေတဲ့နေရာမှာ ဒိုင်လိုလည်း နေတယ်၊ ကိုယ့်လူတွေကို အင်အားကြီးပါတီတစ်ခုကို ပို့လွှတ်ပြီးတော့မှ ဝင်လည်းပြိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်က မေးခွန်းထုတ်စရာတွေ ဖြစ်သွားတယ်” ဟု စစ်တပ်နှင့် စစ်ခေါင်းဆောင်ကို လူသိရှင်ကြား ဝေဖန်ပြောဆိုခဲ့သည်။

စစ်အာဏာသိမ်းမှုကို အားပေးအားမြှောက်ပြုခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ချီးမြှောက်ခဲ့သော ဝန်ကြီးရာထူးတစ်နေရာကို အပြေးအလွှားလက်ခံခဲ့သူ၊ စစ်ကောင်စီလက်အောက် ကျိုးနွံစွာ အလုပ်အကျွေးပြုခဲ့သူ သက်သက်ခိုင်က စစ်ခေါင်းဆောင်ကို ပထမဆုံး ပြန်လှန်ဝေဖန်သော စကားတစ်ခွန်း ဖြစ်သည်။ ထိုစကား တစ်ခွန်းကြောင့်လားမသိ၊ နိုင်ငံခြားသံရုံးတစ်ခုက သံတမန်တစ်ဦးနှင့် တွေ့ဆုံခဲ့မှုကို အမှုရှာပြီး ချက်ချင်း လက်တုံ့ပြန်ဖမ်းဆီးစစ်ဆေးခြင်း၊ အမှုဖွင့်ခြင်းတို့ ပေါ်ပေါက်လာသည်။ ထိုထက်ပို၍ ကံဆိုးလျှင် ပါတီဖျက်သိမ်းခံရမည် ဖြစ်သည်။

ပြည်သူ့နှလုံး မသိမ်းကျုံးနိုင်လျှင် ပါတီရှင်သန်ရပ်တည်ရေးပင် မလွယ်ကူနိုင်

အတုအယောင် ရွေးကောက်ပွဲအလွန် စစ်တပ်ကြိုးကိုင်ခြယ်လှယ်မည့် နိုင်ငံရေးဇာတ်ခုံပေါ်တွင် အနှီ နိုင်ငံရေးသမားများ မည်ကဲ့သို့ ကပြ အသုံးတော်ခံကြဦးမည်နည်း။ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ကြောင်း သိရှိသွားချိန်တွင် ပြည်သူ့ပါတီခေါင်းဆောင် ကိုကိုကြီးက “လွှတ်တော်ပြင်ပ နိုင်ငံရေး ဆက်လုပ်သွားမည်” ဟု သတင်းဌာနတစ်ခု၏ မေးမြန်းခန်းတွင် ပြောသွားသည်။ ရွေးကောက်ပွဲအပိုင်း (၃) ရလဒ်များ ဇန်နဝါရီလ ၃၀ ရက်နေ့ သတင်းစာတွင် ထုတ်ပြန်ခဲ့ရာ ပြည်သူ့ပါတီက အချိုးကျကိုယ်စားပြုစနစ် (PR) အရ အမျိုးသားလွှတ်တော်တွင် လေးနေရာရရှိကြောင်း တွေ့ရှိရသည်။ လွှတ်တော်ကိုယ်စားလှယ် မဖြစ်သော်လည်း လွှတ်တော်နိုင်ငံရေးကို ၎င်း၏ကိုယ်စားလှယ်များမှ တဆင့် ကိုကိုကြီး ဆက်လုပ်နိုင်ပါသေးသည်။

အေးမောင်သည် ကိုယ်တိုင် ရွေးကောက်ခံရခြင်းမရှိသော်လည်း ၎င်း၏ပါတီမှ ကိုယ်စားလှယ်တချို့သည်  အမျိုးသားလွှတ်တော်  အနည်းဆုံး သုံးနေရာတွင် ရွေးကောက်ခံခဲ့ရသည်။ ပြည်နယ်လွှတ်တော်တွင်လည်း နေရာအချို့ ရရှိထားသည်။ ထို့ကြောင့် ကိုကိုကြီးနည်းတူ အေးမောင်သည် ပါတီခေါင်းဆောင်တစ်ဦး အနေဖြင့် လွှတ်တော်နိုင်ငံရေးကို ၎င်း၏ ကိုယ်စားလှယ်များမှတဆင့် နောက်ကွယ်မှ ကစားနိုင်သေးသည်။ 

ပါတီနောက်ခံမဲ့သွားသော စန္ဒာမင်းသည် နိုင်ငံရေးလောကကို ကျောခိုင်းသွားမည်လား။ ကိုကိုကြီးကဲ့သို့ မျက်နှာပြောင်တိုက်ကာ လွှတ်တော်ပြင်ပ နိုင်ငံရေး ဆက်လုပ်မည်လား စောင့်ကြည့်ရပေလိမ့်မည်။ 

သက်သက်ခိုင်သည် ရွေးကောက်ပွဲဝင်ပြိုင်ခွင့် မရရှိခဲ့သလို၊ တရားစွဲခံနေရသည့်အပြင် ၎င်း၏ ပြည်သူ့ရှေ့ဆောင်ပါတီသည်လည်း အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီး ပါတီရပ်တည်ရေးပင် မသေချာ မရေရာ ဖြစ်နေသည်။

သေချာသည့်အချက်သည် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်တစ်သိုက်သည် ၎င်းတို့၏လက်ဦးဆရာ အာဏာရှင်ဟောင်း နေဝင်း၏ လမ်းစဉ်အတိုင်း အရပ်သား နိုင်ငံရေးသမားများကို မုန်းတီးကြသူများဖြစ်ပြီး၊ အရပ်သားနိုင်ငံရေးလောက မျိုးသုဉ်းပျောက်ကွယ်ရေးအတွက် အစဉ်တစိုက် ချေမှုန်းနေဦးမည်ဖြစ်သည်။ မြန်မာ့နိုင်ငံရေးလောကကို စစ်ဗိုလ်လူထွက်များနှင့်သာ စိုးမိုးခြယ်လှယ်ရန် လုပ်ဆောင်နေသည်မှာ သံသယမရှိ ရှင်းလင်းမြင်သာလျက် ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

Related Articles

Back to top button