သတင်း

ထိုင်း၊ မြန်မာနယ်စပ် ကော့သောင်းတွင် တိုက်ပွဲစိပ်လာ၊ ဒေသခံရာချီ စစ်ဘေးရှောင်ရ

နိုင်ငံတောင်ဘက်အစွန်ဆုံး တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်ပွားနေပြီး ဒေသခံရာနှင့်ချီ စစ်ရှောင်နေရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။

ထိုင်းနှင့် မြန်မာနယ်စပ် ကော့သောင်းမြို့နယ် ဝိုင်ဒင်း၊ အေးမြမင်္ဂလာနှင့် တပ်ဦးမြိုင်သာယာ စသည့် ရွာများကို PDF အပါအဝင် ပူးပေါင်းတပ်အဖွဲ့က စိုးမိုးထားကြောင်း ဖေဖော်ဝါရီ ၁၉ တွင် ထုတ်ပြန်ကြေညာပြီးနောက် တိုက်ပွဲစိပ်လာခြင်းဖြစ်သည်။

ဝိုင်ဒင်းရွာသို့ စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၂၁ တွင် တိုက်ခိုက်ခဲ့သည်၊ ထိုရွာတွင် ဆက်လက်ဝင်ရောက်အထိုင်ချနေသဖြင့် ဖေဖော်ဝါရီ ၂၇ တွင် ထပ်မံတိုက်ခိုက်ခဲ့သည်ဟု PDF ကောင်သောင်းခရိုင် အမှတ်(၁) တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်လျှပ်စီးဆိုသူက ပြောသည်။

ကော့သောင်းမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံတပ်ရင်းများနှင့် ပြည်သူ့စစ်များပါဝင်သော အဆိုပါစစ်ကြောင်းကို ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“(တိုက်ပွဲ) ဆက်နေတယ်၊ နောက်လည်း ဆက်ဦးမှာ အဲဒီသဘောရှိတယ်၊ အခြေအနေကြည့်နေတဲ့ သဘောရှိတယ်။ စစ်ကောင်စီဘက်က စစ်ကြောင်းတော့ သိပ်ဝင်မထိုးသေးဘူး၊ ရမ်းသန်းထုနေတာ၊ ကျွန်တော်တို့က နောက်နည်းနည်း ဆုတ်ပေးထားတယ်” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲနှစ်ခုတွင် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများပြားသည်၊ တော်လှန်ရေးတပ်ဖွဲများဘက်တွင်လည်း ထိခိုက်ဒဏ်ရာရသည့် ရဲဘော်အချို့ရှိကာ ဆေးကုသပေးထားသည်ဟု ဗိုလ်လျှပ်စီးက ဆိုသည်။

စစ်ကောင်စီတပ်သည် ဝိုင်ဒင်းရွာစာသင်ကျောင်းတွင် တပ်စွဲ၍ လက်နက်ကြီးများဖြင့် တစ်ရက်လျှင် အချက် ၃၀ မှ ၄၀ အထိ ပစ်ခတ်နေကြောင်း ၎င်းက ဆိုသည်။ 

ထိုသို့ပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဝိုင်ဒင်းရွာပေါ်သို့ လက်နက်ကြီးကျည်ကျသဖြင့် အမျိုးသားတစ်ဦး ဒဏ်ရာရကြောင်း၊ ဖေဖော်ဝါရီ ၂၅ တွင် ထိုင်းဘက်အခြမ်း နွားမွေးမြူရေးခြံတစ်ခုအတွင်း ၆၀ မမ ကျည် ကျရောက်ပေါက်ကွဲသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။ 

တိုက်ပွဲကြောင့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ထိုင်းနိုင်ငံဘက်တွင် စစ်ဘေးရှောင်သူ ၂၃၀ ထက်မနည်း ရှိလာကြောင်းလည်း ဗိုလ်လျှပ်စီးက ပြောသည်။

နိုင်ငံတစ်ဝန်း စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်ရာတွင် တနင်္သာရီတိုင်းသည်လည်း အားကောင်းသည့် ဒေသတစ်ခုဖြစ်ပြီး ထားဝယ်၊ မြိတ်၊ ကော့သောင်း ခရိုင်သုံးခုတွင် ဒေသခံကာကွယ်ရေးအဖွဲ့များ လှုပ်ရှားနေသည်။  

ကနဦးတွင် စစ်ကောင်စီတပ်ကို ချုံခိုတိုက်ခိုက်ခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်း စသည့် နည်းလမ်းများကို အဓိကအသုံးပြုရာမှ ယခုအခါ ရင်ဆိုင်တိုက်ပွဲများ ဆင်နွှဲလာသည်။

စစ်ရေးအခြေအနေကြောင့် ကော့သောင်းခရိုင်အတွင်း နေထိုင်သွားလာသူများ စစ်ကောင်စီယာဉ်များနှင့် နီးနီးကပ်ကပ်သွားလာမှုမပြုရန် ထိုအဖွဲ့များက သတိပေးလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button