အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီတပ်ရန်ကြောင့် ကော့သောင်းဒေသခံများ ထိုင်းဘက်ထွက်ပြေး

လက်နက်ကိုင်အင်အား ၁၀၀ ခန့်ပါသည့် စစ်ကောင်စီ၏ ကြည်းနှင့် ရေ ပူးပေါင်းတပ်များက စက်တင်ဘာ ၂၀ မှစတင်ပြီး ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အနီးရှိ ကျေးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဒေသခံ ၃၀ ခန့် ဖမ်းဆီးခံထားရပြီး ၃၀၀ ခန့် ထိုင်းဘက်သို့ ထွက်ပြေးနေရသည်။

ကော့သောင်းမြို့နှင့် မိုင် ၂၀ ခန့် ဝေးသည့် မလိဝမ်းဒေသကို စစ်သားများ ရောက်လာပြီး စိုက်ပျိုးရေးခြံလုပ်သား ၃၀ ကျော်ကို ဖမ်းဆီးခဲ့သည်၊ ရေတပ်ကလည်း မလိဝမ်းချောင်းမှ ဝင်လာသည်ဟု ကော့သောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုမုန်တိုင်းက ပြောသည်။

စစ်ကြောင်းထိုးသူများ ဖမ်းဆီးကြသည့် အကြောင်းရင်းကို မသိရသေးပေ။

ထိုစစ်ကြောင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) နှင့်လည်း တိုက်ပွဲဖြစ်ခဲ့သည်၊ ယခုအခါ ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့အနီး ချောင်းဝကျေးရွာတွင် တပ်စွဲထားသည်ဟုလည်း ၎င်းက ပြောသည်။

“စစ်ကြောင်းတစ်ကြောင်းက ပကဖတွေနဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ မလိဝမ်းဘက်ကို ပြန်ထွက်သွားပြီး အဲဒီနားက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ဥယျာဉ်ခြံလုပ်သား အသက် ၆၀ လောက်ရှိတဲ့ ဦးခင်ရီကို ထိမှန်သွားပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားပါတယ်” ဟု ကိုမုန်တိုင်းက ဆက်ပြောသည်။

ကြည်းတပ်နှင့် ရေတပ် ပူးပေါင်းစစ်ဆင်ရေးဖြင့် တနင်္သာရီတိုင်းကို NUG-PDF နှင့် KNU လက်ထဲ မရောက်စေရန် စစ်ကောင်စီက ကြိုးစားနေသည်။

တိုက်ပွဲများကြောင့် ဒေသခံ ၃၀၀ ကျော်သည် ကော့သောင်းနှင့် ကပ်နေသည့် ထိုင်းနိုင်ငံ ရနောင်းဘက်ခြမ်းသို့ ထွက်ပြေးနေရသည်ဟု ဒုက္ခသည်အရေးကူညီပေးနေသူတစ်ဦးက ပြောသည်။

“ထိုင်းဘက်ရောက်နေတဲ့ စစ်ရှောင်တွေအတွက်က မြန်မာအချင်းချင်း ကူညီပေးနေတာ ရှိတယ်။ ထိုင်းအစိုးရဘက်ကလည်း တာဝန်ရှိသူတွေက ကူညီပေးနေတာ ရှိပါတယ်။ အဲဒီဘက်မှာ ရှိနေတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေကို အကူအညီတောင်းပြီးတော့ လူသားချင်းစာနာမှုအနေနဲ့ ကူညီစောင့်ရှောက်ခိုင်းထားရတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတောင်ဘက်ပိုင်း တနင်္သာရီကမ်းရိုးတန်းဒေသတွင် စစ်ကောင်စီ၏ ရေတပ်၊ ကြည်းတပ်တို့ လှုပ်ရှားမှု များပြားနေသည့်အတွက် တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်ကြောင်း ဒေသတွင်း လက်နက်ကိုင်တော်လှန်ရေးသမားများက ခန့်မှန်းထားသည်။

ထိုဒေသတွင် အမျိုးသားညီညွတ်အစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တပ်ရင်း ၅ ရင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၄) တို့အပြင် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီနှင့်အပြိုင် နယ်မြေစိုးမိုးနိုင်ရန် ကြိုးစားနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button