သတင်း

မြန်မာပြည်တောင်ပိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်

မြန်မာနိုင်ငံတောင်ဘက်ပိုင်း တနင်္သာရီကမ်းမြောင်ဒေသတွင် စစ်ကောင်စီ၏ ကြည်းတပ်နှင့် ရေတပ် လှုပ်ရှားမှု များပြားနေသည့်အတွက် တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်ကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ် PDF များက ဆိုသည်။

ထိုဒေသတစ်လျှောက်တွင် စက်တင်ဘာ ၁၁ ရက်နေ့မှစတင်ပြီး ယမန်နေ့အထိ  တိုက်ပွဲများ ရှိနေကြောင်း၊ ဒေသတွင်းအထိုင်တပ်စခန်းများတွင် စစ်အင်အားဖြည့်နေသည့် စစ်ကောင်စီက ထားဝယ်နှင့် မြိတ် ဒေသတစ်လျှောက် စစ်ကြောင်းထိုးနိုင်ခြေရှိကြောင်း တနင်္သာရီစစ်ဒေသခွဲ – ကွပ်ကဲရေးအဖွဲ့ – ပြန်ကြားရေးတာဝန်ခံ ကိုဂျိုကာက ပြောသည်။

“… စစ်ကောင်စီတပ်သားအသစ်တွေ ကျွန်တော်တို့ဘက်ကို ပို့လွှတ်နေတာမျိုးကို တွေ့နေရတယ်။ ထပ်တိုးပြီးတော့လည်း အင်အားထပ်ဖြည့်တင်းတာတွေ ရှိလာတယ်။ တနင်္သာရီတိုင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ တပ်တည်၊ တပ်လှုပ်တွေ လုပ်လာတာကို တွေ့ရတယ်” ဟု ၎င်းက ပြောသည်။

ဒေသကာကွယ်ရေးတပ်များကတည်း တောင်ပိုင်းကမ်းခြေဒေသတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေပြီး စက်တင်ဘာ ၁၉ တွင် မြိတ်ခရိုင် PDF တပ်ရင်း (၂) နှင့် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တို့က တနင်္သာရီ ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ ကို ပစ်ခတ်ခဲ့သည်။

“စစ်တပ်စခန်းထဲကိုတော့ လက်နက်ကြီးနဲ့ ပစ်တာပါ။ ထိခိုက်ကျဆုံးမှုနဲ့ သေဆုံးမှုတော့ တိတိကျကျ မသိရသေးဘူး။ တပ်ထဲကနေ လူနာတင်ယာဉ် ၂ စင်းနဲ့ မြိတ်မြို့ကို ခေါ်သွားတယ်လို့တော့ ပြန်သိရပါတယ်” ဟု မြိတ်ခရိုင်တပ်ရင်း (၂) ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို ပြောသည်။

စစ်ကောင်စီက ထုတ်ပြန်ခဲ့သည့် ၂၀၂၃ စက်တင်ဘာ ၁၈ ပုလော၊ မြဒေါင်ရွာအနီးမှ တိုက်ပွဲတွင် ကျဆုံးခဲ့သည့် PDF များ၏ လက်နက်များ။

ထို့နောက် စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့ဝင်များ ရှိနေနိုင်သည်ဟု ယူဆသည့် ကျေးရွာများကို ပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“ဝင်ပစ်တဲ့ တပ်ကနေပြီးတော့ ကျွန်တော်တို့ ပြန်ဆုတ်ခွာသွားတဲ့နောက်မှာ လက်နက်ကြီးတွေနဲ့ မကြာမကြာ ရမ်းသန်းပြီးတော့ ပြန်ပစ်ခတ်နေတာမျိုးတော့ရှိတယ်။ ကျွန်တော်တို့ စိုးမိုးထားတဲ့ တကူတိုက်နယ်ထဲက ရွာတွေကို သူတို့ ပစ်နေကြတာပေါ့” ဟု ၎င်းက ပြောသည်။

ထိုတိုက်ခိုက်မှုမှာ စက်တင်ဘာ ၁၈ က စစ်ကောင်စီတပ်လက်ချက်ကြောင့် ပုလောမြို့နယ်၊ မြဒေါင်ကျေးရွာနှင့် လက္ကူးကျေးရွာများမှ အရပ်သားများ၊ PDF တပ်ဖွဲ့ဝင်များ သေဆုံးခဲ့အပြီး ပေါ်ပေါက်လာခြင်း ဖြစ်သည်။

စက်တင်ဘာ ၂၀ တွင် စစ်တပ်က အင်အား ၅၀ နီးပါးဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ရာ ဖာနီ၊ ဒူးဂျိုး၊ ရေခန်းချောင်း ကျေးရွာများမှ ဒေသခံ ရာချီ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာ ၂၁ နံနက်ပိုင်းတွင် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ရှိ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်ဘက်မှ ၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ထိုတိုက်ခိုက်မှုမှာ Dawei Defense Team – DDT တပ်ခွဲ (၃) နှင့် Guerrilla Dawei- ထားဝယ်တို့၏ ပူးပေါင်းစစ်ဆင်ရေးဖြစ်ပြီး ၁၀ မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်၊ စစ်ကောင်စီတပ်ဘက်မှ စစ်ကူရောက်လာ၍ ဆုတ်ခွာခဲ့ရသည်ဟု Dawie Defense Team – DDT တပ်ခွဲ (၃) က ထုတ်ပြန်ထားသည်။

ထိုင်း-မြန်မာနယ်စပ် ကော့သောင်းခရိုင်ရှိ ဘုတ်ပြင်း၊ လေညာနှင့် မဏ္ဍိုင်မြို့များတွင်လည်း စစ်ကောင်စီတပ်က အင်အားတိုးချဲ့ထားသည်၊ စက်တင်ဘာ ၂၁ နံနက်ပိုင်းတွင်လည်း စစ်တပ်က မဏ္ဍိုင်မြို့ဘက်ကို ပစ်ခတ်ခဲ့သည်ဟု ကော့သောင်းခရိုင် တပ်ရင်း (၁) တာဝန်ခံ ရဲဘော်မြေဇာက ပြောသည်။

“မဏ္ဍိုင်မှာ PDF တွေ လက်ဖက်ရည်သောက်ကြတယ်ဆိုပြီး သတင်းရလို့ ကြောက်ပြီး သေနတ်လျှောက်ပစ်နေတယ်။ လက်နက်ငယ် ၄ ချက်၊ အကြီးက ၂ ချက် ပစ်သွားတယ်” ဟု ၎င်းက ပြောသည်။

မွန်-တနင်္သာရီလမ်းပိုင်းတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ပေါင်းစုက ခရီးသွားမော်တော်ယာဉ်များကို ရပ်တန့်စေကာ စစ်ဆေး ရှာဖွေတတ်သည် (ဓာတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F)

မြိတ်ခရိုင် ၊ ပုလောမြို့အနီးရှိ ကျေးရွာများကို စက်တင်ဘာ ၁၁ မှ ၁၈ အထိ စစ်တပ်က ရေတပ်ကိုပါ အသုံးပြုပြီး စစ်ကြောင်းထိုးရာ အရပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ လက်နက်ကိုင်တော်လှန်ရေးသမားများလည်း ၁၀ ဦး သေဆုံးသည်ဟု ဆိုသည်။

ထိုသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေသော်လည်း ဘက်ပြောင်းခိုလှုံလာသည့် စစ်ကောင်စီတပ်သားများလည်း ရှိနေသည်။ ဘက်ပြောင်းမှုများမှာ နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် တပ်အတွင်း ဆိုးရွားသည့် အခြေအနေများ၊ ခွင့်နှင့် နားရက်မရဘဲ အဆက်မပြတ် တာဝန်ထမ်းနေရခြင်းတို့နှင့်လည်း သက်ဆိုင်နေသည်။

စက်တင်ဘာ ၁၃ တွင် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်​ရေးအဖွဲ့ထံသို့ ညောင်ပင်ကွင်းရွာ အခြေစိုက် ခမရ ( ၅၆၁) မှ တပ်သား အောင်ဇော်မင်း ခိုလှုံခဲ့သည်ဟု တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းတွင် စစ်သား ၃၅ ဦး၊ ရဲ ၄၉ ဦး အာဏာဖီဆန်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များထံ ခိုလှုံခဲ့သည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။

စစ်ကောင်စီကမူ တနင်္သာရီတိုင်းဒေသ စစ်ရေးအခြေအနေများကို ထုတ်ပြန်ပြောဆိုလေ့မရှိပေ။

ထိုင်း-မြန်မာ အဓိကကုန်သွယ်ရေးအချက်အချာလမ်းမကြီးဖြစ်သည့် အမှတ် (၈) ပြည်​ထောင်စုလမ်းမကြီး ဖြတ်သန်းသွားရာ အဓိကဒေသတစ်ခုဖြစ်သော၊ ထိုင်းနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသော တနင်္သာရီတိုင်းသည် နှစ်ဖက်တပ်များအတွက် စစ်ရေးအရ အရေးပါသည့် ဒေသဖြစ်လာသည်။

အမျိုးသားညီညွတ်အစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တပ်ရင်း ၅ ရင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) တို့အပြင် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပါ အခြေစိုက်ထားသည့် တနင်္သာရီတိုင်းသည် တော်လှန်ရေးတပ်ဖွဲ့များ၏ စိုးမိုးနယ်မြေရှိသော ဒေသဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button