မြန်မာပြည်တောင်ဘက်စွန်း တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့အနီးရှိ ကျေးရွာ ၃ ရွာကို ယနေ့ (စက်တင်ဘာ ၁၁) နံနက်မှ စတင်၍ စစ်ကောင်စီ၏ စစ်သင်္ဘောများက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေသလို မြေပြင်စစ်ကြောင်းများသုံးပြီး ထိုးစစ်ဆင်နေသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။
နံနက် ၅ နာရီခန့်တွင် ပုလောမြို့မှ ၃ မိုင်ခန့်အကွာ တိုရွာ၊ ပိတပ်နှင့် မြဒေါင် ကျေးရွာများအနီးရှိ ပင်လယ်ပြင်တွင် တပ်စွဲထားသည့် စစ်သင်္ဘောများက ပစ်ခတ်နေခြင်းဖြစ်ပြီး မြိတ်ခရိုင်အတွင်းရှိ ပလမြို့ဘက်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်၊ ပိတပ်ကျေးရွာမှ ဒေသခံ ၁၀ ဦးထက်မနည်းကို ဓားစာခံအဖြစ် ဖမ်းဆီးထားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက ပြောသည်။
“ပင်လယ်ဘက်မှာ စစ်သင်္ဘော ၅ စင်း ရောက်နေတယ်။ စစ်သင်္ဘောတွေ ပစ်နေတာ။ ပြီးတော့ ပလဘက်ကနေပြီးတော့ လက်နက်ကြီးထုနေတယ်။ မြတောင်နဲ့ ပိတပ်ဘက်ကို လက်နက်ကြီး ထုနေတယ်” ဟု ၎င်းက ဆိုသည်။
“အဲဒီရွာက လူတွေက အနောက်ဘက်ကို ရှောင်နေကြတယ်။ ရွာသားတွေကို ဓားစာခံ ဖမ်းဆီးထားတာက ၁၀ ယောက်ကျော်လောက် ရှိတယ်။ လူသားဒိုင်း လုပ်ထားတယ်ဆိုပြီးတော့ သိရပါတယ်”
တိုရွာ၊ မြဒေါင်ရွာနှင့် ပိတပ်ကျေးရွာများတွင် PDF များ နယ်မြေစိုးမိုးထားသည်ဟု ယူဆကာ စစ်ကောင်စီတပ်က မကြာခဏ ထိုးစစ်ဆင် တိုက်ခိုက်လေ့ရှိသည်ဟု သိရသည်။
ယနေ့ မွန်းလွဲအထိ သတင်းများအရ အသက် ၃၀ အရွယ် ပိလောက်ရွာဒေသခံ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရပြီး ပိလောက်ရွာသား ၅၀ ဝန်းကျင်ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း သိရသည်။
ဒေသခံ PDF တပ်ဖွဲ့များ အားကောင်းသည့် တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် ကုန်းကြောင်း အသုံးပြုပါက မိုင်းဆွဲ တိုက်ခိုက်ခံနေရသည့်အတွက် ရေလမ်းအသုံးပြုပြီး တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ယူဆကြောင်း တနင်္သာရီတိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တာဝန်ခံ ကိုစတားက ပြောသည်။
“သူတို့က စစ်ကြောင်းထိုးတိုင်း လမ်းပေါ်မှာ သွားတိုင်း မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ဟာမျိုးတွေရှိတော့ နောက်ပိုင်းတော့ (မြေပြင်) လမ်းပိုင်းကို အသုံးပြုတာ နည်းလာတယ်။ ရေလမ်းခရီးကိုပဲ အဓိက သုံးလာတာမျိုး ဖြစ်လာတာပေါ့”
စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်နေသော တနင်္သာရီတိုင်းအတွင်း ပုလောမြို့အနီး စက်တော်ရာကျေးရွာတွင် PDF ဂိတ်တစ်ခုသာရှိပြီး ဒေသတွင်း အဓိကလမ်းမများကို PDF များက မကြာခဏ စစ်ဆေးတတ်ကြောင်း၊ စစ်တပ်၏ စစ်ကြောင်းနှင့် ယာဉ်တန်းများ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ကိုစတားက ဆက်ပြောသည်။
“အမြဲ စိုးမိုးထားတာမျိုး မဟုတ်ပေမဲ့ ပုလောဘက်မှာ ဆိုရင် ပုလော စက်တော်ရာဘက်မှာ PDF က ဂိတ်ချထားတယ်။ စစ်ဆေးတာတွေ လုပ်နေတာတော့ ရှိတယ်၊ ကျန်တဲ့နေရာမှာတော့ ပုံမှန်စစ်ဆေးတာမျိုး မရှိပါဘူး” ဟု ၎င်းက ဆိုသည်။
PDF တိုက်ခိုက်မှုများ ခံရသော စစ်ကောင်စီတပ်ကလည်း လူနေကျေးရွာများကို ပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၉ က စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည်များ ပုလောမြို့နယ်၊ လက္ကူးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၃၅ အရွယ် ကိုမြတ်ဖြိုးဝေ ကျည်ထိမှန်သေဆုံးခဲ့သလို ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သားပြည်သူ ၄ ဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့သည်။
ပုလောမြို့နယ်၊ ပလောက်မြို့အနီး ပျူစောထီးနှင့် စစ်တပ် ပူးပေါင်းဂိတ်ကို ဒေသခံ PDF တပ်ဖွဲ့များက စက်တင်ဘာ ၇ တွင် တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသတွင်းသတင်းဌာနဖြစ်သော တနင်္သာရီတိုင်းမ်တွင် ဖော်ပြထားသည်။
ယခုနှစ်ဆန်းမှ စတင်ကာ ပဲခူးတိုင်းတွင် PDF လှုပ်ရှားမှု အားကောင်းလာသလို တနင်္သာရီဒေသတွင်လည်း PDF လှုပ်ရှားမှုများ ခပ်စိပ်စိပ်ဖြစ်လာသည်။
စစ်ရေးပြင်းထန်နေသော တနင်္သာရီဒေသ၌ ဩဂုတ်အတွင်း ဒေသခံပြည်သူ သုံးသောင်းခွဲကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေါနတနင်္သာရီစစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ဒေသတွင်းသတင်းဌာနများကို ထုတ်ဖော်ပြောဆိုထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)