သတင်း

အိမ်နီးချင်းနိုင်ငံများနှင့်ပေါင်းကာ KNU ကို တိုက်မည်ဟု စစ်ခေါင်းဆောင်ကြုံးဝါး

သက်တမ်းရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KNU ကို အွန်လိုင်းလိမ်လည်မှုနှင့် လူမှောင်ခိုလုပ်ငန်း လုပ်ကိုင်နေကြောင်း အာဏာသိမ်းခေါင်းဆောင်က စွပ်စွဲလိုက်သည်။

သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) သည် ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည်မှုနှင့် လူမှောင်ခိုလုပ်နေသည်ဟု စစ်ခေါင်းဆောင်က စွပ်စွဲလိုက်ပြီး အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်းကာ တိုက်ခိုက်သွားမည်ဟုလည်း ကြုံးဝါးသည်။

KNU သည် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကို အကြောင်းပြပြီး နည်းလမ်းပေါင်းစုံဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည်ဟုလည်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုသည်။

စစ်ကောင်စီသက်တမ်း ၆ လတိုးရန် ယမန်နေ့ (ဇန်နဝါရီ ၃၁) က နေပြည်တော်၌ ပြုလုပ်သည့် အစည်းအဝေးတွင် ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ကာ ၁၉၄၇ က စတင်တည်ထောင်ပြီး တော်လှန်ရေးသက်တမ်း ၇၆ နှစ်ရှိပြီဖြစ်သော KNU ကို “သောင်းကျန်းသူအဖွဲ့” ဟုလည်း စစ်ခေါင်းဆောင်က သုံးနှုန်းခဲ့သည်။

ကရင်ပြည်နယ်အတွင်း ၂၀၁၉ ခုနှစ်က ပြုလုပ်သည့် နှစ် ၇၀ ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနား။ ဓာတ်ပုံ – EPA

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့အနီးတွင် ကျားဖြန့်လုပ်ငန်းများနှင့် လူမှောင်ခိုလုပ်ငန်းများ လုပ်ဆောင်နေသည့် အထောက်အထားများ တွေ့ရှိထားသည်ဟု စစ်ခေါင်းဆောင်က စွပ်စွဲခဲ့သည်။

အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းတိုက်ခိုက်မည်ဟု အာဏာသိမ်းခေါင်းဆောင်က ဆိုရာ၌ နိုင်ငံအမည်ကို ထည့်သွင်းပြောဆိုခြင်း မရှိသော်လည်း တရုတ်နှင့်ထိုင်းကို ရည်ရွယ်သည်ဟု ယူဆရသည်။ လွန်ခဲ့သည့် ဒီဇင်ဘာမှစ၍ ထိုင်းစစ်တပ် တာဝန်ရှိသူများနှင့် သုံးကြိမ်ထက်မနည်း တွေ့ဆုံဆွေးနွေးနေသည့်အပြင် တရုတ်နှင့် တွေ့ဆုံမှုများလည်း ရှိနေသည်။

ဒီဇင်ဘာ ၂၇ တွင် ထိုင်းစစ်တပ်မှ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူးနှင့်အဖွဲ့ နေပြည်တော်ရောက်လာခဲ့ပြီး ဇန်နဝါရီ ၁၂ တွင် ထိုင်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ်နှင့် အွန်လိုင်းမှတစ်ဆင့် ကျားဖြန့်ဂိုဏ်း ဖြိုခွင်းရေးဆွေးနွေးခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် ဇန်နဝါရီ ၁၆ တွင် ထိုင်းကြည်းတပ်ဦးစီးချုပ်ရုံး အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေးဌာန အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီးနှင့်အဖွဲ့ နေပြည်တော်သို့ ရောက်လာပြီး စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည်။

တရုတ်အစိုးရသည် တရုတ်-မြန်မာနယ်စပ်မှ ကျားဖြန့်ဂိုဏ်းများကို စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အသုံးချကာ ဖြိုခွဲနေသည့်နည်းတူ ထိုင်းအစိုးရနှင့်လည်း ထိတွေ့ဆက်ဆံနေသည်။

၂၀၂၃ ဒီဇင်ဘာလကုန်ပိုင်းက ထိုင်းစစ်တပ် တာဝန်ရှိသူများနှင့် မြန်မာစစ်ခေါင်းဆောင်တို့ နေပြည်တော်၌ တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ​- စစ်ကောင်စီ)

မြဝတီအနီးမှ ကျားဖြန့်လုပ်ငန်း 

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ ရွှေကုက္ကိုမြို့သစ်သည် အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်း အချက်အချာနေရာတစ်ခုအဖြစ် ကမ္ဘာသိဒေသဖြစ်လာသည်။ ထို့အတူ မြဝတီမြို့နှင့် မနီးမဝေးရှိ KK Park အမည်ရ နေရာသည်လည်း နိုင်ငံတကာမှ အလုပ်အကိုင်ရှာဖွေနေသူတို့ကို ကျွန်ပြု နှိပ်စက်သည့် ဂိုဏ်းများ အခြေစိုက်ရာနေရာအဖြစ် ထင်ရှားသည်။ ရွှေကုက္ကိုမြို့သစ်နှင့် KK Park တို့သည် မြဝတီမြို့၏ တစ်ဖက်တစ်ချက်တွင် တည်ရှိသည်။

ရွေကုက္ကိုမြို့သစ်မှာ စစ်ကောင်စီလက်အောက်ခံအဖြစ် တည်ရှိခဲ့သော ကရင်နယ်ခြားစောင့်တပ် (BGF) အပိုင်နယ်မြေဖြစ်သည်။ မကြာသေးမီရက်ပိုင်းအတွင်းကမူ BGF ခေါင်းဆောင်တို့က စစ်ကောင်စီအောက်မှ ခွဲထွက်ကာ သီးခြားရပ်တည်တော့မည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

မြဝတီမြို့အနီးရှိ KK Park မှာမူ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်း၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

ထိုနေရာနှစ်ခုလုံးသည် ထိုင်း-မြန်မာနယ်စပ်မျဉ်းနှင့် ကပ်လျက်ရှိနေသောကြောင့် လောင်းကစားရုံများသို့ သွားသူ၊ အလုပ်အကိုင်ရှာဖွေသူ နိုင်ငံခြားသားများ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ရန် လွယ်ကူသည်။

အိန္ဒိယနိုင်ငံသား ကွန်ပျူတာနည်းပညာ ကျွမ်းကျင်သူ ၃၀၀ ခန့်ကို KK Park ကျားဖြန့်ဂိုဏ်းက ဖမ်းဆီးပြီး ကျားဖြန့် ခေါ် အွန်လိုင်းရာဇဝတ်မှုများ ခိုင်းစေခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်း စသည်တို့ ပြုလုပ်ခဲ့သည်ဟု အိန္ဒိယသတင်းဌာန The Times of India က ၂၀၂၂ စက်တင်ဘာလအတွင်းက ရေးသားသည်။

မလေးရှားနိုင်ငံသား ၅၃ ယောက်သည်လည်း မြဝတီတွင် အလားတူအဖြစ်အပျက်မျိုး ရင်ဆိုင်နေရသည်ဟု မလေးရှားနိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာအဖွဲ့ MHO က ၂၀၂၂ အောက်တိုဘာလအတွင်း ကြေညာခဲ့သည်။ အလားတူ သီရိလင်္ကာနိုင်ငံသား ၅၆ ဦးလည်း မြဝတီရှိ ကျားဖြန့်ဂိုဏ်းများလက်ထဲတွင် ရှိနေဆဲဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၃ ဒီဇင်ဘာ ၂၂ ရက်နေ့က ထုတ်ဖော်ပြောဆိုထားသည်။

စစ်တပ်ကို ပုန်ကန်သည့် BGF နှင့် ကျားဖြန့်အရှုပ်အထွေး

ရွှေကုက္ကိုမြို့သစ်စီမံကိန်းသည် မြန်မာ-ထိုင်းနယ်စပ် သောင်းရင်းမြစ်ဘေးတွင်ရှိပြီး မြေဧက ၃၀,၀၀၀ ကျယ်ဝန်းကာ အမေရိကန်ဒေါ်လာ ၁၅ ဘီလျံခန့် တန်ကြေးရှိသည်။ ထိုစီမံကိန်းကို ရထိုက်နိုင်ငံတကာ ဦးပိုင်လုပ်ငန်း (Yatai International Holdings Group) နှင့် BGF ဗိုလ်မှူးကြီးစောချစ်သူ တည်ထောင်ထားသည့် ချစ်လင်းမြိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်နေခြင်းသည်။

ဗိုလ်မှူးကြီး စောချစ်သူသည် ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) မှ ခွဲထွက်ပြီး စစ်ဗိုလ်ချုပ်များထံ သစ္စာခံသည့် နယ်ခြားစောင့်တပ်၏ ခေါင်းဆောင်ဖြစ်သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်တပ်ထံမှ လစာနှင့် အထောက်အပံ့များမယူတော့ဘဲ သီးခြားရပ်တည်မည်ဟု ကြေညာခဲ့သည်။

ကျားဖြန့်နှင့် လူကုန်ကူးမှုများ ကျူးလွန်ရာတွင် ပတ်သက်ကြောင်း ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့က စွပ်စွဲပြီး အရေးယူပိတ်ဆို့ခံထားရသည့် ကရင်ပြည်နယ် မြဝတီမှ စစ်ကောင်စီ နယ်ခြားစောင့်တပ်မှူး စောချစ်သူကို ၂၀၁၄ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ – Facebook)

ကရင်နယ်ခြားစောင့်တပ် BGF တပ်သည် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် တပ်ရင်း ၄ ရင်း၊ ဖာပွန်မြို့နယ်တွင် ၂ ရင်း၊ မြဝတီမြို့နယ်တွင် ၅ ရင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂ ရင်း အခြေချ လှုပ်ရှားနေပြီး ခန့်မှန်းအင်အား ၅၀၀၀ ခန့် ရှိသည်။

ရွှေကုက္ကိုမြို့သစ်စီမံကိန်းပိုင်ဆိုင်သည့် ရထိုက်လုပ်ငန်းစုသည် ၂၀၁၇ ဖေဖော်ဝါရီက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် မှတ်ပုံတင်ခဲ့သည်။ ထိုစီမံကိန်းတွင် ရထိုက်လုပ်ငန်းစုက ၈၀ ရာခိုင်နှုန်းနှင့် ချစ်လင်းမြိုင်ကုမ္ပဏီက ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်တွင် အခြေစိုက်ကာ ဟောင်ကောင်၌ လုပ်ငန်းမှတ်ပုံတင်ထားသည့် ရထိုက်လုပ်ငန်းစုကို ဦးဆောင်နေသူများမှာ ကမ္ဘောဒီယားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် တရုတ်စီးပွားရေးသမား ရှီဇီကျန်း (She Zhijiang) ဆိုသူဖြစ်သည်။

တရုတ်အစိုးရက ရှီဇီကျန်းကို လောင်းကစားမှုစွပ်စွဲချက်များဖြင့် ၂၀၁၂ ကတည်းက ဖမ်းဆီးရန် ကြိုးစားနေပြီး အင်တာပို ခေါ် နိုင်ငံတကာရဲတပ်ဖွဲ့ကလည်း အနီရောင်အဆင့် အလိုရှိသူစာရင်းသွင်းထားသည်။

ထိုင်းရဲတပ်ဖွဲ့က သူ့ကို ဘန်ကောက်မြို့တွင် ၂၀၂၂ သြဂုတ်လအတွင်းက ဖမ်းဆီးနိုင်ခဲ့သည်။

သို့သော် ရထိုက်လုပ်ငန်းစုက ၎င်းတို့အပေါ် စွပ်စွဲချက်များသည် မှန်ကန်မှု မရှိကြောင်း၊ KK Park သည်လည်း ၎င်းတို့နှင့်မသက်ဆိုင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ်သတင်းစာတွင် ထုတ်ပြန်ချက်ကြော်ငြာထည့်ကာ ပြန်လည်ဖြေရှင်းထားသည်။

ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါနိုင်ငံများက ရွှေကုက္ကိုမြို့သစ်စီမံကိန်း ခေါင်းဆောင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးစောချစ်သူ၊ ရှီဇီကျန်းနှင့် ချစ်လင်းမြိုင်ကုမ္ပဏီ ဒါရိုက်တာ စောမင်းမင်းဦးတို့ကို မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများအတွင်း ကျားဖြန့်နှင့် လူကုန်ကူးမှုများ ကျူးလွန်ရာတွင် ပါဝင်ပတ်သက်ကြောင်း စွပ်စွဲပြီး ၂၀၂၃ ဒီဇင်ဘာ ၈ ရက်နေ့တွင် ပိတ်ဆို့အရေးယူခဲ့သည်။

စစ်ခေါင်းဆောင်သည် မြဝတီကျားဖြန့်လုပ်ငန်းများအတွက် စွပ်စွဲမှုများတွင် ခွဲထွက်မည်ဟု ကြေညာထားသည့် ဗိုလ်မှူးကြီးစောချစ်သူ၏ နယ်ခြားစောင့်တပ်အကြောင်းကိုမူ ထည့်သွင်းပြောဆိုခြင်းမရှိဘဲ ချန်လှပ်ထားသည်။

စစ်ပြင်နေသည့် KNU

စစ်ခေါင်းဆောင်က KNU ကို ဓားကြိမ်းကြိမ်းသည့် တစ်ချိန်တည်းတွင် KNU ကလည်း ၎င်းတို့၏ (၇၅) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို ထိန်းချုပ်နယ်မြေများတွင် ကျင်းပနေသည်။

KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ကရင်လက်နက်ကိုင်အဖွဲ့များအားလုံး ပြန်လည် ပေါင်းစည်းကြရန် တော်လှန်ရေးနေ့မိန့်ခွန်းပြောကြားခဲ့ပြီး KNU အနေဖြင့် လွတ်လပ်မှု၊ တန်းတူညီမျှရှိမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် “ကော်သူးလေ” ကို တည်ထောင်ပြီး တစ်ချိန်တည်းမှာပင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို လွတ်လပ်မှု၊ တန်းတူညီမျှရှိမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ပြည်နယ်များဖြင့် တည်ဆောက်ရန် ရည်မှန်းထားသည်ဟု ဆိုသည်။

KNU သည် ၂၀၂၁ အာဏာသိမ်းမှုကို ရှုတ်ချကန့်ကွက်ခဲ့ကာ လက်နက်ကိုင်ခုခံလိုသည့် မြန်မာနိုင်ငံအရပ်ရပ်မှ လူငယ်လူရွယ်များကို စစ်ပညာသင်ကြားပေးခဲ့သည်။ ထို့ပြင် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများကိုလည်း ခိုလှုံခွင့်ပေးခဲ့သည်။

KNLA – ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပူးပေါင်း ပစ်ချခဲ့သည့် စစ်ကောင်စီရဟတ်ယာဉ်။ (ဓာတ်ပုံ − KNU)

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) တွင် လက်မှတ်ထိုးထားသော်လည်း KNU က အာဏာသိမ်းပြီးစကတည်းက စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ခဲ့သည်။ လွန်ခဲ့သည့် သုံးနှစ်တာလုံးလုံး KNU ထိန်းချုပ်နယ်မြေများတွင်း စစ်ကောင်စီနှင့် တိုက်ပွဲများ အဆက်မပြတ်ဖြစ်ခဲ့သည်။

ဇန်နဝါရီ ၂၉ ရက်နေ့က မြဝတီမြို့၊ သင်္ကန်းညီနောင်အခြေစိုက် ခမရ (၃၅၆) တပ်ရင်းသို့ ရောက်လာသည့် စစ်ကောင်စီရဟတ်ယာဉ်တစ်စင်းကို KNU နှင့် မဟာမိတ်တပ်များက ပစ်ချခဲ့သည်။

Show More

Related Articles

Back to top button