
နိုင်ငံတောင်ဘက်စွန်း ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း ကော့သောင်းမြို့အနီး ပြည်ထောင်စုလမ်းမ ဝန်းကျင်တွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့ ယမန်နေ့ (ဩဂုတ် ၂၄) တွင် တိုက်ပွဲဖြစ်ပွားသည်။
မြို့မြောက်ဘက် မိုင် ၂၀ ဝန်းကျင်အကွာ ပြည်ထောင်စုကားလမ်းဘေးရှိ မလိဝမ်းရွာသို့ ရောက်လာသည့် အင်အား ၅၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်ကို မိုင်း ၃ လုံး ဖောက်ခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။
ထိုတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၅ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရသည်ဟု ၎င်းက ဆိုသည်။ တော်လှန်ရေးအဖွဲ့၏ ထိခိုက်မှုကိုမူ မသိရပေ။
“၂၃ ရက်နေ့လောက်ကတည်းက စစ်ကြောင်းထိုးနေတာ။ (ဩဂုတ် ၂၄) မနေ့ကတော့ မလိဝမ်းဘက်ကို စစ်ကြောင်းထိုးလာတော့ ကျွန်တော်တို့အဖွဲ့နဲ့ တစ်နာရီနီးပါး တိုက်ပွဲဖြစ်ပြီး သူတို့ဘက်က အကျအဆုံးများပြီး ပြန်ဆုတ်သွားတာပါ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီလက်နက်ကိုင်တို့ သေဆုံးမှုအရေအတွက်နှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း စစ်ရေးသတင်းကို အထူးလျှို့ဝှက်ထားသည်။

ဒေသတွင်းတွင် စစ်ရေးအခြေအနေကြောင့် ဒေသခံ ၁၀၀ ကျော် ထိုင်းနိုင်ငံဘက်သို့ ခေတ္တ တိမ်းရှောင်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။
ထိုင်းနိုင်ငံဘက်သို့ ရွာလုံးကျွတ် တိမ်းရှောင်နေရသည့် ချောင်းဝကျေးရွာမှာ ထိုင်း-မြန်မာနယ်စပ် ပါကျန်မြစ်ဘေးတွင် တည်ရှိပြီး တိုက်ပွဲဖြစ်ပွားသည့် မလိဝမ်းကျေးရွာအုပ်စုနှင့် ၈ မိုင်ခန့် ကွာဝေးသည်။
ဩဂုတ် ၂၃ ရက်ကလည်း ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ရှိ အမှတ် (၂၀) ခြေလျင်တပ်ရင်းက ချောင်းဝကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထိုသို့ ခြိမ်းခြောက်ပြီး နောက်တစ်ရက်အကြာ ဩဂုတ် ၂၄ တွင် မလိဝမ်းရွာတွင် တိုက်ပွဲဖြစ်ပြီးနောက် ရွာလုံးကျွတ် တိမ်းရှောင်ကြရခြင်းဖြစ်သည်။
“မလိဝမ်းဘက် တိုက်ပွဲဖြစ်တော့ ချောင်းဝရွာက ပြည်သူတွေ ရွာက မထွက်နဲ့၊ သူတို့ ပြန်ဆင်းလာပြီ၊ ရွာထဲက အိမ်တွေကို မီးရှို့မယ်လို့ ခြိမ်းခြောက်တော့ ရွာသားတွေ ကြောက်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ကြတာပါ” ဟု အထက်ပါ ဒေသခံက ပြောသည်။
တိမ်းရှောင်လာသည် စစ်ဘေးဒုက္ခသည်များကို ထိုင်းအာဏာပိုင်များက ကူညီထားပြီး ဩဂုတ် ၂၄ ညပိုင်းတွင် မြန်မာပြည်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
ဩဂုတ် ၂၁ တွင်လည်း ကော့သောင်းမြို့အနီးတွင် နေထိုင်သည့် စစ်တပ်သတင်းပေး ၂ ဦး အသတ်ခံရပြီးနောက် ထိုဒေသတွင် စစ်ကောင်စီက စစ်ရေးလှုပ်ရှားနေကြောင်း ဒေသတွင်းဖြစ်ရပ်များ အထူးပြု တင်ဆက်သည့် တနင်္သာရီတိုင်းသတင်းဌာန သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။
အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်အထိ နိုင်ငံအနှံ့အပြားတွင် စစ်ကောင်စီကို ခုခံတော်လှန်မှုများ မြင့်တက်နေဆဲဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)