အတွေးအမြင်

အသက်ရှူချောင်ဖို့အရေး ကိုးကန့်သစ္စာခံများကို ထိုးကျွေးလိုက်ခြင်းလော

နေပြည်တော်တွင် လနှင့်ချီ ခိုလှုံခွင့်ပေးထားသည့် ကိုးကန့်ထိပ်ပိုင်းခေါင်းဆောင်ဟောင်းများကို စစ်ခေါင်းဆောင်အမိန့်ဖြင့် ယမန်နေ့ညပိုင်းက တရုတ်လက် အပ်လိုက်ပြီဖြစ်သည်။

နေပြည်တော်တွင် လနှင့်ချီခိုလှုံခွင့်ပေးထားသည့် ကိုးကန့်ထိပ်ပိုင်းခေါင်းဆောင်ဟောင်း ဦးပယ်ဆောက်ချိန်အပါအဝင် ကျားဖြန့်သံသယမှုဖြင့် တရုတ်က အလိုရှိနေသည့် ကိုးကန့်ကြံ့ခိုင်ရေးအမတ်များ၊ ပြည်သူ့စစ်ခေါင်းဆောင်များနှင့် သူဌေးကြီးများကို နောက်ဆုံးတွင် စစ်ကောင်စီက တရုတ်လက် ထိုးအပ်လိုက်ပြီဖြစ်သည်။

ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့်ပတ်သက်၍ ကိုးကန့်ဒေသမြို့တော် လောက်ကိုင်မှ စစ်တပ်ဩဇာခံ ခေါင်းဆောင် ၁၀ ဦးကို တရုတ်အစိုးရက လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်တွင် ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။

ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများစတင်ပြင်းထန်စဉ်ကတည်းက ကိုးကန့်ဒေသမှ သစ္စာခံများကို အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်၌ ခေါ်ယူထားခဲ့ခြင်းဖြစ်သော်လည်း တရုတ်က အပြင်းအထန်အလိုရှိနေသည့် ထိုသူများနှင့်ပတ်သက်၍ လုံးဝအသံတိတ်နေခဲ့သည်။

စစ်ကောင်စီ၏ ကိုးကန့်သစ္စာခံများကို ယမန်နေ့ (ဇန်နဝါရီ ၃၀) တွင် တရုတ်အစိုးရက အထူးလေယာဉ်ဖြင့် နေပြည်တော်လို့ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ တရုတ်ရဲအစောင့်အရှောက်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဓာတ်ပုံများလည်း တွေ့ရှိရသည်။

ကိုးကန့်ဒေသမှ အွန်လိုင်းငွေလိမ်ဂိုဏ်းခေါင်းဆောင်ဟု ယူဆရသူ ၆ ဦးဖြစ်သော ပယ်ဆောက်ချိန်၊ ပယ်ရင်ချန်၊ ဝေ့ဟွိုင်ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ​ရွှီလောက်ဖာတို့အပါအဝင် ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူ စုစုပေါင်း ၁၀ ဦးကို လွှဲပြောင်းလက်ခံပြီးနောက် ညတွင်းချင်း တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့် ပတ်သက်၍ သံသယရှိသူ ၄၄,၀၀၀ ကို လွှဲပြောင်းလက်ခံခဲ့ပြီး ထိုအထဲတွင် အဖွဲ့ခေါင်းဆောင်နှင့် အမာခံ ၁၇၁ ဦး ပါဝင်သည်ဟုလည်း တရုတ်သံရုံးထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြသည်။

တရုတ်လက်အပ်လိုက်သူများတွင် ပါဝင်သူများမှာ စစ်တပ်ကျောထောက်နောက်ခံ​ ကြံ့ခိုင်ရေးပါတီဝင် လွှတ်တော်အမတ်ဟောင်း၊ ပြန်တမ်းဝင် နယ်ခြားစောင့်တပ်ဖွဲ့ခေါင်းဆောင်များလည်း ပါဝင်သည်။

စစ်ကောင်စီဘက်က ကြီးမားသည့် ဤဖြစ်ရပ်နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိပေ။

လနှင့်ချီ ဆိတ်ကွယ်နေပြီးနောက် ကိုးကန့်ခေါင်းဆောင်ဟောင်းများကို လွှဲပြောင်းပေးလိုက်ခြင်း၏ နောက်ကွယ်တွင် တရုတ်အစိုးရနှင့် စစ်ကောင်စီတို့အကြား မည်သို့အပေးအယူရှိသည်ကို မသိရပေ။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းအသက်ရှူချောင်ရေးအတွက် ကိုးကန့်အဖွဲ့ကို ထိုးကျွေးလိုက်ခြင်းဖြစ်သည်ဟု နေပြည်တော်နှင့် အဆက်အသွယ်ရှိသူ စစ်တပ်အရာရှိဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။

“မအလ (မင်းအောင်လှိုင်) ကတော့ သူတို့နိုင်ဖို့ဆို ဘာမဆို လုပ်ဖို့ ဝန်မလေးဘူး”

စစ်မီးတောက်လောင်၊ မဟာမိတ်ချနင်း

နေပြည်တော်လေဆိပ်မှ လက်ထိတ်တန်းလန်းဖြင့် တရုတ်ပြည်သို့ ပို့ခံခဲ့ရသည့် ဦးပယ်ဆောက်ချိန်နှင့် သူ၏နောက်လိုက်များသည် မြန်မာစစ်တပ်ကို ၁၅ နှစ်နီးပါး သစ္စာခံခဲ့ကြသူများဖြစ်ကြသော်လည်း စစ်ကောင်စီအတွက်မူ အကျပ်အတည်းဖြေရှင်းရေး အသုံးချခံဖဲချပ်များသာဖြစ်သည်။

ဦးပယ်ဆောက်ချိန်သည် စစ်အုပ်စုကို ဆန့်ကျင်သည့် နောက်ထပ်ကိုးကန့်တပ်ဖွဲ့တစ်ခုဖြစ်သည့်၊ ဦးဖုန်ကြားရှင်ဦးဆောင်သည့် MNDAA တပ်ကို စစ်တပ်နှင့်အတူ လက်တွဲတိုက်ခိုက်ခဲ့ပြီးနောက် ၂၀၀၉ မှ ၂၀၁၅ အထိ ကိုးကန့်ဒေသအုပ်ချုပ်ရေးအရာရှိ ဖြစ်ခဲ့သည်။

၎င်းသည်  ၂၀၁၀ ရွေးကောက်ပွဲအပြီး ရှမ်းပြည်နယ်လွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီကိုယ်စားပြုအမတ် ဖြစ်လာပြီး သူ၏သားများသည်လည်း ကိုးကန့်ပြည်သူ့စစ်နှင့် ကိုးကန့်စစ်ကောင်စီတွင် အဆင့်မြင့်ရာထူးများ ရယူထားကြသည်။

တရုတ်ဘက်အပို့ခံရသူများထဲတွင် စစ်ကောင်စီလက်အောက်ခံ အမှတ် ၁၀၀၆ နယ်ခြားစောင့်တပ် ကြီးကြပ်ရေးကော်မတီ၏ဥက္ကဋ္ဌ ဗိုလ်မှူးကြီးဟောင်း ဦးဝေဆန်း၊ ကိုးကန့်ဒေသတွင် အချမ်းသာဆုံးသူဌေး ဖူလီလိုက်ကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးလီကျိန်းချန် (ခ) ဦးလျိုအားပေါက်တို့လည်း ပါဝင်သည်။

ဦးဝေဆန်းသည် ၁၀၂၇ စစ်ဆင်ရေးမတိုင်မီ သီတင်းပတ်အနည်းငယ်အလို စက်တင်ဘာလအတွင်းက လားရှိုးမြို့တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံပြီး စစ်ကောင်စီကို သစ္စာခံမည်ဟု ထပ်လောင်း အတည်ပြုထားသူလည်းဖြစ်သည်။

MNDAA တပ်များက လောက်ကိုင်နှင့် ကိုးကန့်ဒေသကို ဝင်ရောက်တိုက်ခိုက်သည့် ၂၀၂၃ အောက်တိုဘာ ၂၇ စစ်ဆင်ရေးစပြီး သီတင်းပတ်အနည်းငယ်အကြားတွင် ဦးပယ်ဆောက်ချိန်အပါအဝင် ကိုးကန့်ထိပ်ပိုင်းခေါင်းဆောင်များကို စစ်ကောင်စီက နေပြည်တော်တွင် ခိုလှုံခွင့်ပေးခဲ့သည်ဟု အမည်မဖော်လိုသည့် စစ်တပ်အရာရှိဟောင်းက ပြောသည်။

ကနဦးပိုင်းတွင် မြန်မာပြည်ရှိ ကျားဖြန့်အရေးနှင့် ပတ်သက်ပြီး တရုတ်အစိုးရက ဝရမ်းထုတ်လျှင် စစ်ကောင်စီကလည်း ထိုသူများကို အလားတူ ဝရမ်းထုတ်လေ့ရှိသည်၊ ထို ၁၀ ဦးကို တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ခဲ့သော်လည်း စစ်ကောင်စီက ယခင်အဖြစ်အပျက်များကဲ့သို့ ထပ်ဆင့်ဖမ်းဝရမ်းမထုတ်ဘဲ ခိုလှုံခွင့်ပေးထားခြင်းဖြစ်သည်။ လနှင့်ချီ ကြာပြီးမှ တရုတ်လက်ထိုးအပ်လိုက်ခြင်းဖြစ်သည်။

ပယ်ဆောက်ချိန်နှင့် မြောက်ပိုင်းထိုးစစ်လဲလှယ်ခြင်း

တရားဝင်ထုတ်ဖော်ပြောဆိုမှုများ မရှိသော်လည်း ထိုအဖြစ်အပျက်၏နောက်ကွယ်တွင် စစ်ကောင်စီနှင့် တရုတ်အစိုးရတို့အကြား အပေးအယူများရှိနိုင်သည်။ သေချာသည်က ရှမ်းပြည်နယ်အတွင်းမှ မြောက်ပိုင်းမဟာမိတ်တပ်များ၏ ထိုးစစ်ကို ရပ်တန့်ပေးရန် စစ်ကောင်စီက တရုတ်အစိုးရထံ တောင်းဆိုမည် ဖြစ်သည်။

အလားတူ ရက္ခိုင့်တပ်တော် (AA) ၏ ပြင်းထန်ထိရောက်သည့် ရခိုင်ပြည်နယ်မှ ထိုးစစ်များကိုလည်း ရပ်တန့်ရေးအကူအညီပေးရန် စစ်ကောင်စီက တရုတ်အစိုးရထံ တောင်းဆိုနိုင်ဖွယ်ရှိသည်။

အထင်ရှားဆုံးသက်သေက ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်ရန် တရုတ်အစိုးရက ကြိုးပမ်းနေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ဇန်နဝါရီ ၂၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းပင်ဖြစ်သည်။

တရုတ်အစိုးရ၏ ထိုသဘောထားက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Hai နေပြည်တော်တွင် စစ်ကောင်စီဝန်ကြီးများနှင့် တွေ့ပြီး သုံးရက်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

နေပြည်တော်ခရီးတွင် တရုတ်သံအမတ်သည် စစ်ကောင်စီဝန်ကြီးများနှင့် နယ်စပ်တည်ငြိမ်ရေး၊ ကျားဖြန့်တရားခံ လွှဲပြောင်းရေးတို့ ဆွေးနွေးခဲ့ကြသည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ တစ်နည်းအားဖြင့် ဦးပယ်ဆောက်ချိန်နှင့် မြောက်ပိုင်းမဟာမိတ်တို့၏ ထိုးစစ်များ လဲလှယ်ရေးပင်။

တစ်ချိန်တည်းတွင် တရုတ်၏မဟာမိတ် လာအိုနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာချိန်တွင် စစ်ကောင်စီက သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမြဲတမ်းအတွင်းဝန်တစ်ဦးကို လာအိုနိုင်ငံတွင် ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ စေလွှတ်ခဲ့သည်။ ယခင်ကာလများတွင် အစည်းအဝေးတက်ခွင့် ကန့်သတ်ခံရသဖြင့် နေပြည်တော်မှ စစ်ဗိုလ်ချုပ်ကြီးများက ၎င်းတို့ကိုယ်တိုင် တက်ခွင့်မရသည့် အာဆီယံ၏ အရေးကြီးအစည်းအဝေးများကို သပိတ်မှောက်ခဲ့သည်။

အခြားထူးခြားချက်တစ်ခုမှာ အာဏာသိမ်းသုံးနှစ်ပြည့် အရေးပေါ်ကာလသက်တမ်းကုန်ချိန်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်ဘက်က အလိုရှိနေသူများကို အချိန်ကိုက်ထိုးအပ်ခဲ့ခြင်းဖြစ်သည်။​

စစ်ကောင်စီက အညာဒေသဘက် မြှားဦးလှည့်လာနိုင်

လတ်တလောတွင် စစ်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေးကြောင့် ဆုံးရှုံးလိုက်ရသည့် ရှမ်းမြောက်နှင့် ရခိုင်ဒေသမှ နယ်မြေများကို ပြန်လည်သိမ်းယူလိုသည့် အာသီသမရှိသည်ကို တွေ့မြင်ရသည်။

ရှေ့တန်းလွှတ်လိုက်သည့် တပ်မများ ရန်သူ့တပ်ထံ လက်နက်ချအညံ့ခံမှုများကလည်း စစ်ကောင်စီ တပ်တွင်း ကူးစက်ရောဂါတစ်ခုသဖွယ် ဖြစ်လာခဲ့ပြီးနောက် ရှမ်းမြောက်နှင့် ရခိုင်တွင် တရုတ်အကူအညီဖြင့် စစ်ကောင်စီက သေနတ်သံတိတ်ရန် ကြိုးစားနေသည်ဟု လေ့လာသူများက ယုံကြည်ကြသည်။

သို့သော်လည်း အထိနာနေပြီး ရက်စက်ကြမ်းကြုတ်သည့် တပ်များကို ထွက်ပေါက်ပေးရန်၊ အညာဒေသမှ စုဖွဲ့မှုအားမကောင်းသည့် တော်လှန်ရေးတပ်များကို တိုက်ခိုက်ရန် စစ်ကောင်စီက ပြင်ဆင်နေသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့တွင် အင်အားအလုံးအရင်းဖြင့် စစ်ပြင်နေပြီး ကန့်ဘလူနှင့် မိုင် ၅၀ ခန့်ဝေးသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်ထားသည့် ကောလင်းမြို့ကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်။

ရှမ်းမြောက်နှင့် ရခိုင်တွင် လက်နက်ကိုင်အချင်းချင်း တိုက်ပွဲမဝင်လိုသည့် စစ်ကောင်စီတပ်များသည် နိုင်ငံအလယ်ပိုင်းမှ လက်နက်မဲ့အရပ်သားများကိုမူ ဆက်လက် ရန်ပြု၊ တိုက်ခိုက်နေဆဲ ဖြစ်သည်။

ထို့ပြင် စစ်ကိုင်းတိုင်းအထက် ချင်းတွင်းမြစ်ဘေးရှိ တော်လှန်ရေးအဖွဲ့များ သိမ်းယူထားသည့် ရွှေပြည်အေးမြို့သစ်ကိုလည်း စစ်ကောင်စီဘက်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။​ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အပစ်ရပ်ပြီးနောက် စစ်ကိုင်းတိုင်း ဒီပဲယင်း၊ ရေဦး၊ ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်တို့တွင် စစ်ကောင်စီဘက်က စစ်ကြောင်းများစေလွှတ်ခဲ့သည်။

Show More

Related Articles

Back to top button