အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့်ပတ်သက်၍ ကိုးကန့်ဒေသ လောက်ကိုင်မှ စစ်တပ်ဩဇာခံလူ ၁၀ ဦးကို တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ထားသည်မှာ ရက်ပေါင်းတစ်ဆယ် ကျော်သွားပြီဖြစ်သော်လည်း စစ်ကောင်စီက အသံတိတ်နေဆဲဖြစ်သည်။
ကျားဖြန့်ခေါ် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်သည်ဟူသော သံသယဖြင့်
ကိုးကန့်ဒေသ အုပ်ချုပ်ရေး ခေါင်းဆောင်ဟောင်းများဖြစ်ကြသည့် ဦးပယ်ဆောက်ချိန်၊ ဦးဝေဆန်းနှင့် ဦးလီကျိန်းချန် (ခ) ဦးလျိုအားပေါက်တို့အပါအဝင် လောက်ကိုင်မှ လူ ၁၀ ဦးကို ဒီဇင်ဘာ ၁၀ တွင် တရုတ် က ဖမ်းဝရမ်းထုတ်ခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများစတင်ဖြစ်ပွားချိန် ကျားဖြန့်သံသယဖြင့် အလိုရှိသူများကို တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ဆင့်တိုင်း သံယောင်လိုက်ကာ ဝရမ်းထုတ်လေ့ရှိသည့် စစ်ကောင်စီသည် ယခုတစ်ကြိမ်၌ ဦးပယ်ဆောက်ချိန် အပါအဝင် လက်ကျန် ကိုးကန့်သစ္စာခံများအကြောင်း တစ်လုံးတစ်ပါ ဒမျှဖွင့်ဟခြင်း မရှိပေ။

‘ဝ’ပြည်အစိုးရအဖွဲ့မှ ခေါင်းဆောင်နှစ်ဦးနှင့် လောက်ကိုင်မှလုပ်ငန်းရှင် ၄ ဦးကို အလိုရှိကြောင်း တရုတ် အစိုးရက ကြေညာခဲ့စဉ် စစ်ကောင်စီက ချက်ချင်းဆိုသလို ဖမ်းဝရမ်းထုတ်ဆင့်ကာ လောက်ကိုင်မှ ၄ ဦးကို ရက်ပိုင်းအတွင်း လက်ရဖမ်းဆီးအပ်နှံခဲ့သည်။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တိုက်ရိုက်ပတ်သက်နေသည့်အတွက် ဦးပယ်ဆောက်ချိန်နှင့်အဖွဲ့ကို ဖမ်းပေးရန် စစ်ကောင်စီဘက်က တွန့်ဆုတ်နေခြင်းဖြစ်နိုင်သည်။ ကိုးကန့် ဒေသတစ်ခုလုံးတွင် နံပါတ် ၁ အရေးပါဆုံးခေါင်းဆောင်အဖြစ် ပယ်ဆောက်ချိန်ကို စင်တင်ပေးခဲ့သူမှာ စစ်ခေါင်းဆောင်ဖြစ်သည်။
စစ်ကောင်စီကို သစ္စာခံသည့် ကိုးကန့်အုပ်စုထဲတွင် ဦးပယ်ဆောက်ချိန်၊ ဦးဝေဆန်းနှင့် ဦးလီကျိန်းချန် (ခ) ဦးလျိုအားပေါက်သုံးဦးနှင့် ပြီးခဲ့သည်လအတွင်းက သေဆုံးသွားသည့် တရုတ်နိုင်ငံသား ကြံ့ခိုင်ရေး အမတ် ဦးမြီရှောက်ချန်းတို့မှာ အရေးအပါဆုံး ခေါင်းဆောင်များဖြစ်သည်။
ကြံ့ခိုင်ရေးအမတ်များ၊ စစ်တပ်အောက်မှ နယ်ခြားစောင့်ခေါင်းဆောင်များဖြစ်ကြသည့် ၎င်းတို့ကို တရုတ်လက်ထဲ အပ်ခဲ့ပါက ကျားဖြန့်အွန်လိုင်းလောင်းကစားလုပ်ငန်းနောက်ကွယ်တွင် စစ်ဗိုလ်ချုပ်များ၊ စစ်ကောင်စီခန့် အစိုးရအရာရှိများ ခြေရှုပ်ခဲ့ပုံကို တရုတ်အစိုးရက တစ်စုံတစ်ရာ သိရှိသွားနိုင်မည် ဖြစ်သည်။
ကျားဖြန့် ရာဇဝတ်ဂိုဏ်းများ၏နောက်ကွယ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်တော်မှ စစ်ဗိုလ်ချုပ်ကြီးများပါဝင်ပတ်သက်နေကြောင်း အထောက်အထားမရှိသည့်တိုင် စစ်ကောင်စီ၏ စစ်ဘက်နှင့် အရပ်ဘက် အလယ်အလတ်အဆင့် အရာရှိကြီးများပါဝင်ပတ်သက်သည့် အထောက်အ ထားများရှိသည်။
လောက်ကိုင်မှ ကိုးကန့်ခေါင်းဆောင်များအနေဖြင့် ၎င်းတို့လုပ်ကိုင်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ နေပြည်တော်ရှိ စစ်ရုံးကို အံပေါင်း (လက်ဆောင်) ပုံမှန်ပေးရသည်ဟု အမည်မဖော်လိုသည့် စစ်တပ်အရာရှိ ကြီးဟောင်းတစ်ဦးက ဆိုသည်။
ကိုးကန့်ဒေသလောက်ကိုင်သည် စစ်ကောင်စီထိန်းချုပ်မှုအောက်တွင်ရှိပြီး ထိုဒေသတွင် လူထောင်နှင့်ချီ လုပ်ကိုင်နေသည့် ကျားဖြန့်ဂိုဏ်းများအကြောင်း နေပြည်တော်က မသိစရာအကြောင်းမရှိနိုင်ပေ။
အာဏာသိမ်းပြီးနောက် လောက်ကိုင်တွင်ရုံးထိုင်ပြီး ကိုးကန့်ဒေသကို အုပ်ချုပ်ရန်အတွက် ၂၀၂၀ ရွေး ကောက်ပွဲဝင် ကြံ့ခိုင်ရေးအမတ် ဦးမြင့်ဆွေ(ခ)လီကျိန်းဖူကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တာဝ န်ပေးခဲ့သည်။ ဦးမြင့်ဆွေ၏ လက်အောက်တွင် ဒုတိယ ဗိုလ်မှူးကြီး ကျော်ကျော်ဦးက စစ်ကောင်စီခန့် ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့၏ အဖွဲ့ဝင်ဖြစ်သည်။

ထို့အပြင်ကိုးကန့်ဒေသတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) အမည်ဖြင့် စစ်ကောင်စီတပ်တစ်ခု ရှိပြီး ထိုတပ်ဖွဲ့ကို ဦးဆောင်ရန်အတွက် ဗိုလ်မှူးချုပ် တစ်ဦးကိုအမြဲခန့်ထားသည်။
ကိုးကန့်ဒေသရှိ စစ်ဘက်နှင့်အရပ်ဘက် အုပ်ချုပ်ရေးများတွင် ပါဝင်ကြသည့် ထိုဗိုလ်ချုပ်ကြီးနှစ်ဦးသည် ဒေသတွင်းသတင်းများကို လားရှိုးရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကိုဖြတ်ကာ နေပြည်တော်သို့ အစီရင်ခံကြရသည်။
လောက်ကိုင်မြို့တွင်းမှ လမ်းဘေးစျေးသည်များပင်သိကြသည့် လောက်ကိုင်အခြေစိုက် ကျားဖြန့်ဂိုဏ်း များ၏ ရက်စက်သည့် ရာဇဝတ်မှုများအကြောင်းကို ထိုစစ်ဗိုလ်ချုပ်နှစ်ဦး မသိစရာအကြောင်း မရှိနိုင်ပေ။
ကျားဖြန့်ဂိုဏ်းများသည် တရုတ်နိုင်ငံသားများအပါအဝင် ၎င်းတို့ထံတွင် လာရောက် အလုပ်လုပ်ကိုင်ကြ သူများကို လူမဆန်သည့်ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများကြောင့် လောက်ကိုင်နှင့်တရုတ်နိုင်ငံများတွင် နာမည်ဆိုးဖြင့် ကျော်ကြားကြသည်။
ကျားဖြန့်ပြဿနာများတက်လာချိန်မှာတော့ ကျားဖြန့်လုပ်ငန်းများအခြေချသည့် လောက်ကိုင်နှင့် ချင်းရွှေဟော်မှ ဟိုတယ် ၁၅၃ တွင်စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် မှတ်ပုံတင်ထားသည်က ၁၂ သာရှိသည်ဟု စစ်ခေါင်းဆောင်က နိုဝင်ဘာ ၈ ရက်နေ့တွင် နေပြည်တော်တွင် ပြုလုပ်သည့်အစည်း အဝေးတွင် ပြောခဲ့သည်။ ကျန်ဟိုတယ်များက ဒေသအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ဆောက်ထားခြင်း ဟုလည်း ၎င်းကဆိုသည်။
ဒေသအုပ်ချုပ်ရေးအဖွဲ့ဆိုသည်ကလည်း စစ်ခေါင်းဆောင်ကိုယ်တိုင် ခန့်ထားသူများဖြစ်ပြီး အထက်က ပြောကြားခဲ့သလိုပင် ကြံ့ခိုင်ရေးအမတ် ဦးမြင့်ဆွေ၊ ဒုတိယ ဗိုလ်မှူးကြီး ကျော်ကျော်ဦးနှင့် ဦးခင်မောင်လွင်က ဦးဆောင်သည်။ စစ်ခေါင်းဆောင်၏စကားအရ နေပြည်တော်ကမသိရှိသည့်တိုင် ၎င်းတို့သုံးဦးက သိရှိပြီးသားဖြစ်နေသည်။
ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့ထဲပါဝင်သည့် ဦးခင်မောင်လွင်ဆိုသည်ကလည်း ဦးပယ်ဆောက်ချိန်၏ သားအကြီးပင်ဖြစ်သည်။ ဖခင်ဖြစ်သူက ကျားဖြန့်လုပ်ငန်းကို ဦးဆောင်ပြီး သားဖြစ်သူအစိုးရအရာရှိက မမြင်ချင်ယောင်ဆောင်ထားသည့် သဘောဖြစ်နေသည်။
ထို့အတူ စစ်ကောင်စီပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ကျားဖြန့်ပြဿနာတွင် “အစိုးရဝန် ထမ်းများအနေနဲ့ လာဘ်ပေးလာဘ်ယူမှုများ ရှိနိုင်ပါတယ်” ဟု တရုတ်သတင်းဌာန Phoenix နှင့် အောက်တို ဘာလ ၂၃ ရက်နေ့က အင်တာဗျူးတွင် ဝန်ခံခဲ့သည်။
ကျားဖြန့်တိုက်ဖျက်ရေးအတွက် ပူးပေါင်းပါမည်ဟု တရုတ်အစိုးရကို ကတိပေးထားသည့် စစ်ကောင်စီ အတွက် ဦးပယ်ဆောက်ချိန်၊ ဦးဝေဆန်းနှင့် ဦးလီကျိန်းချန် (ခ) ဦးလျိုအားပေါက် တို့အပါအဝင် ၁၀ ဦးကို တရုတ်ဘက်က ဖမ်းဝရမ်းထုတ်ခဲ့ခြင်းက အကျပ်ရိုက်စရာဖြစ်လာသည်။
၎င်းတို့သည် ၂၀၁၉ မှစတင်ကာ ကိုးကန့်ကိုအုပ်ချုပ်ရသည့် အစိုးရအရာရှိများ၊ လွှတ်တော်အမတ်များ၊ စစ်တပ်လက်အောက် နယ်ခြားစောင့်တပ်အရာရှိများဖြစ်ကြသည်။ ထိုသူများကိုဖမ်းပြီး တရုတ်ဘက်လွှဲ ပါက နောက်ဆက်တွဲအမှုတွဲများတွင် စစ်ဗိုလ်ချုပ်များပါ ပါဝင်လာပါက တရုတ်ဘက် ထပ်မံလွှဲပေးရန် ရှိမရှိ စစ်ကောင်စီဆုံးဖြတ်ရမည်ဖြစ်သည်။
ဖမ်းပေးရန်ပျက်ကွက်ခဲ့ပါကလည်း တရုတ်အစိုးရ၏အမျက်နှင့် စစ်ကောင်စီရင်ဆိုင်ရနိုင်သည်။
လက်ရှိအချိန်တွင်တော့ စစ်ကောင်စီဘက်က ဦးပယ်ဆောက်ချိန်အပါအဝင် လက်ကျန် ကိုးကန့်သစ္စာ ခံများ မည်သည့်နေရာတွင် ရှိနေသည်ကိုပင် ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
တရုတ်ကြားဝင်မှုဖြင့် ယူနန်ပြည်နယ် ကူမင်းမြို့တွင် မကြာသေးမီက စစ်ကောင်စီနှင့် “၁၀၂၇” စစ်ဆင် ရေးကို ဖော်ဆောင်နေသော မြောက်ပိုင်းညီနောင်သုံးဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုစေ့စပ်ဆွေးနွေးပွဲ အကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုသည့်နေ့၌ပင် တရုတ်အစိုးရက ဦးပယ်ဆောက်ချိန် အပါအဝင် ၁၀ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် သဘောတူညီများရရှိခဲ့သည်၊ ဆက်လက်ဆွေးနွေးမည်ဟု တရုတ်အစိုးရနှင့် စစ်ကောင်စီ က ထုတ်ပြန်ကြေညာခဲ့သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတခွင်တွင် တိုက်ပွဲများ အပြင်းအထန် ဆက် ဖြစ်နေကော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက မြို့အချို့ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။
ကိုးကန့်ဒေသအတွင်း တစ်ခုတည်းသာကျန်ရှိတော့သည့် လောက်ကိုင်မြို့တွင်လည်း တိုက်ပွဲစတင်ဖြစ်ပွား နေပြီဖြစ်ကာ စစ်ကောင်စီက နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေသည်။



