လေ့လာသုံးသပ်ချက်

ဝရမ်းပြေး ပယ်ဆောက်ချိန်နှင့် ဂေါ့ဖားသား မင်းအောင်လှိုင်

တရုတ်က ဝရမ်းထုတ် တောင်းဆိုနေသည့် “ပယ်” မိသားစု သားအဖမှာ ၂၀၀၉ ခုနှစ်က စစ်ဗိုလ်ချုပ်များ ကိုးကန့်ဒေသကို ဝင်သိမ်းပြီးနောက်ပိုင်း ခေါင်းဆောင်နေရာပေးထားသူများ ဖြစ်နေသည်။

တရုတ်အစိုးရက အလိုရှိနေသော အွန်လိုင်းငွေလိမ်ဂိုဏ်းများ (Telecom Fraud Gangs) ၏ ဦးသျှောင် ဝရမ်းပြေး ပယ်ဆောက်ချိန် (ခ) ဘေဆော်ချိန် မည်သည့်နေရာတွင် ပုန်းအောင်းနေသနည်း။ သို့မဟုတ် စစ်ကောင်စီက ၎င်းနှင့် သားဖြစ်သူ ပယ်ရင်ချန် (ခ) လီယွင်ချိန် (ခ) ခင်မောင်ဝင်း တို့ကို ဖမ်းဆီးပြီး၊ တရုတ်အစိုးရလက်ထဲ တိုးတိုးတိတ်တိတ် အပ်နှံခဲ့ပြီလား။

ကိုးကန့်ဒေသတွင် အခြေပြုပြီး၊ တရုတ်ပြည်သူများအပေါ် အွန်လိုင်းငွေလိမ်မှုများ ကျူးလွန်နေသည့် ရာဇဝတ်ဂိုဏ်းများ၏ နောက်ကွယ်က ကြိုးကိုင်နေသူ ခေါင်းဆောင်များအဖြစ် သက်သေအထောက်အထား ခိုင်လုံစွာရရှိပြီးနောက် လွန်ခဲ့သော တစ်ပတ်ကျော်က တရုတ်အစိုးရ၏ ပြည်နယ်အဆင့်အာဏာပိုင်များက ပယ်ဆောက်ချိန် အပါအဝင် ၁၀ ဦးကို ဖမ်းဝရမ်းထုတ်ပြီး၊ ဖမ်းဆီးပေးနိုင်သူများကို ဆုကြေးငွေ အမြောက်အမြားပေးမည်ဟု ထုတ်ပြန် ကြေငြာခဲ့သည်။

ထိုစဉ်ကတည်းက ပယ်ဆောက်ချိန်နှင့် ၎င်း၏သားဖြစ်သူ အင်အား ထောင်ဂဏန်းမျှရှိသော ကိုးကန့်ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ပယ်ရင်ချန် တို့၏ ကံကြမ္မာ သတင်းအစအန လုံးဝ ထွက်ပေါ်လာခြင်း မရှိတော့ပေ။

ယခင် “ဝ” ခေါင်းဆောင် နှစ်ဦးဖြစ်သော ချန်ရင်ပန် (ခ) ပေါက်အိုက်ပန်း နှင့် ရှောက်ရန်ပန် (ခ) ဟော်ချွင်ထင် တို့ ဖြစ်စဉ်တွင်လည်းကောင်း၊ မြီရှောက်ချန်း အပါအဝင် မိသားစုဝင် ၄ ဦး ဖြစ်စဉ်တွင်လည်းကောင်း တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ဆင့်ပြီး နောက်တစ်နေ့တွင် စစ်ကောင်စီကလည်း ဖမ်းဝရမ်းထုတ်သည့် သာဓကများ ရှိခဲ့သည်။

ရင်းမြစ်။   ။ မြန်မာ့အလင်းသတင်းစာ (အောက်တိုဘာလ ၈ ရက်နေ့ နှင့် နိုဝင်ဘာလ ၁၇ ရက်နေ့)

‘ဝ’ ခေါင်းဆောင်နှစ်ဦး ဖမ်းဝရမ်းနှင့် မြီရှောက်ချန်းမိသားစုကို ဖမ်းဆီးပြီး တရုတ်အစိုးရထံ လွှဲပြောင်းခြင်း

ပယ်ဆောက်ချိန် အလှည့်တွင်မူ စစ်ကောင်စီသည် ဖမ်းဝရမ်းထုတ်ပြန်ခြင်း မရှိသလို၊ အဆိုပါ ဝရမ်းပြေး ၁၀ ဦးကို ဖမ်းဆီးပြီး တရုတ်အစိုးရထံ အပ်နှံခဲ့ခြင်းရှိမရှိလည်း ယနေ့အထိ အများပြည်သူကို ထုတ်ပြန်အသိပေးခြင်း မရှိပေ။

လက်ကျန် ကိုးကန့်သစ္စာခံများကို ဖမ်းပေးရန် တရုတ်က စစ်ကောင်စီကို ရာဇသံပေးခဲ့သော်လည်း၊ ၎င်းတို့အထဲမှ ပယ်ဆောက်ချိန်နှင့် သူ၏သားကို စစ်ကောင်စီ အကာအကွယ်ပေးနေသလား ဆိုသည့် သံသယများ အများပြည်သူကြား ထွက်ပေါ်နေပါသည်။

အဆိုပါ သံသယက အကြောင်းမဲ့ ထွက်ပေါ်လာခြင်း မဟုတ်ပေ။ နိုဝင်ဘာလလယ်တွင် ပယ်ဆောင်ချိန်၏သား ကိုးကန့်ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ပယ်ရင်ချန်ကို တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ဆင့်ပြီဆိုသည့်သတင်း ဆိုရှယ်မီဒီယာပေါ်တွင် ပြန့်နှံ့လာချိန်တွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ၎င်းတို့ကို အကြီးအကျယ် ထိုးစစ်ဆင်နေသော ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ၏ မဟုတ်မမှန်ထုတ်ပြန်ချက်အဖြစ် ချက်ချင်း တုံ့ပြန်ခဲ့ပါသည်။

“ဒီမဟုတ်မမှန်ဝါဒဖြန့်မှုအနေနဲ့ အွန်လိုင်းလိမ်လည်မှုတွေမှာ ဦးပယ်စောက်ချိန်ရဲ့သား ဦးပယ်ရင်ချန်လည်း ပါဝင်တယ်။ တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်တယ်ဆိုပြီးတော့ လိမ်လည်မှုဖြစ်ပါတယ်။ ဦးပယ်စောက်ချိန်ရဲ့သား ဦးပယ်ရင်ချန်ကို တရုတ်နိုင်ငံနဲ့ ဆက်သွယ်ကြည့်တဲ့အခါမှာ ဖမ်းဝရမ်းထုတ်ထားတာလဲ မရှိပါဘူး။ သူ့အနေနဲ့ ပြစ်မှုတွေမှာ ပါဝင်ပတ်သက်ခြင်းလည်း မရှိဘူး ဆိုတာလည်း သိရပါတယ်။ ဒီဇာစ်မြစ်တွေကို လိုက်ကြည့်တဲ့အခါမှာလည်း တစ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ MNDAA အဖွဲ့က လုပ်တယ်ဆိုတာ သိရပါတယ်” ဟု ဇော်မင်းထွန်း၏ ပြောဆိုချက်ကို နိုဝင်ဘာလ ၁၇ ရက်နေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာ မြန်မာအလင်းက ဖော်ပြခဲ့ပါသည်။

ထိုနေ့ မြန်မာ့အလင်းသတင်းစာတွင် စစ်ကောင်စီသည် ဇော်မင်းထွန်း၏ တုံ့ပြန်ဖြေရှင်းချက်ကို ဖော်ပြရုံမျှမက ပယ်ရင်ချန်သတင်းသည် သတင်းမှားဖြစ်ကြောင်း သီးသန့်သတင်းထုတ်ပြန်ချက်တစ်ပုဒ် ထုတ်ခြင်းဖြင့် ပယ်ရင်ချန်ကို သိသိသာသာ အကာအကွယ်ပေးခဲ့သည်။

ရင်းမြစ်။   ။ မြန်မာ့အလင်းသတင်းစာ၊ နိုဝင်ဘာလ ၁၇ ရက်နေ့

စစ်ကောင်စီ၏ ပယ်ရင်ချန်ကို ကာကွယ်သောလုပ်ရပ်

ထို့ပြင် ဇော်မင်းထွန်း၏ ပြောဆိုချက်ထဲတွင် ပယ်ရင်ချန် ဖမ်းဝရမ်းသတင်း ဟုတ်မဟုတ် တရုတ်အစိုးရဘက်နှင့် အတည်ပြုခဲ့သလို၊ ပယ်ရင်ချန်ကိုလည်း အွန်လိုင်းလိမ်လည်ဂိုဏ်းများနှင့် ဆက်နွှယ်မှုရှိမရှိ ဆက်သွယ်မေးမြန်းခဲ့သည့် သဘောသက်ရောက်ပါသည်။ သို့ဖြစ်ရာ စစ်ကောင်စီနှင့် ပယ်ဆောက်ချိန်မိသားစုအကြား တိုက်ရိုက်ဆက်သွယ်မှုများ ထိုကာလအတွင်း ရှိခဲ့ကြောင်း ဖော်ပြရာရောက်ပါသည်။

ထို့ကြောင့် ဒီဇင်ဘာလ ၁၀ ရက်နေ့က ပယ်ဆောက်ချိန်နှင့် သားဖြစ်သူ ပယ်ရင်ချန်ကို တရုတ်အစိုးရ အမှန်တကယ် ဝရမ်းထုတ်လာချိန်တွင် စစ်ကောင်စီသည် ယခင်ဖြစ်စဉ်များကဲ့သို့ ပယ်ဆောက်ချိန်ကို ဖမ်းဝရမ်းမထုတ်ဘဲ တိတ်ဆိတ်နေခြင်းက ထူးခြားပါသည်။ အဘယ်ကြောင့်နည်း။

ပယ်ဆောက်ချိန်ကို အာဏာထိုင်ခုံပေါ် ဆွဲတင်ပေးခဲ့သူ မင်းအောင်လှိုင်

တရုတ်အစိုးရ၏ ဝရမ်းပြေး ပယ်ဆောက်ချိန်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် သစ္စာခံသည့် ကိုးကန့်အုပ်စု၏ ခေါင်းဆောင်ဖြစ်ပြီး၊ ကိုးကန့်ဒေသတွင် အရေးပါဆုံး နံပါတ် ၁ ခေါင်းဆောင် ဖြစ်သည်။

အကြောင်းမှာ ၂၀၀၉ ခုနှစ်တွင် အရှေ့မြောက်တိုင်း တိုင်းမှူးဖြစ်နေသော မင်းအောင်လှိုင်သည် ကိုးကန့်ဒေသကို တိုက်ခိုက်ထိန်းချုပ်ခဲ့ပြီးနောက် ဖုန်ကြားရှင်ကို မောင်းထုတ်ကာ ထိုဒေသ၏ အာဏာအရပ်ရပ်ကို “ပယ်” မိသားစုခေါင်းဆောင် ပယ်ဆောက်ချိန်လက်ထဲ အပ်နှံခဲ့သည်။ တစ်နည်းအားဖြင့် ပယ်ဆောက်ချိန်၏ ဂေါ့ဖားသားသည် မင်းအောင်လှိုင် ဖြစ်သည်။ 

ထိုဖြစ်စဉ်ကို နိုဝင်ဘာလ ၈ ရက်နေ့ တရားမဝင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (၃/၂၀၂၃) အစည်းအဝေးအတွင်း မင်းအောင်လှိုင်ကိုယ်တိုင် အောက်ပါအတိုင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

“၂၀၀၉ ခုနှစ်တွင် လောက်ကိုင်ဒေသ၌ ဖုန်ကြားရှင်ဦးစီးသည့် အထူးဒေသ (၁) ရှိကြောင်း၊ အဆိုပါဒေသတွင် မူးယစ်ဆေးဝါးများ ထုတ်လုပ်ရောင်းချခြင်း၊ လက်နက်ခဲယမ်းများထုတ်လုပ်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသဖြင့်…မိမိကိုယ်တိုင် ဦးစီး၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရကြောင်း…ဖုန်ကြားရှင်နှင့် အဖွဲ့သည် အဆိုပါနေရာမှ ဆုတ်ခွာသွားကြောင်း၊ ၎င်းတို့နေရာတွင် ဦးပယ်ဆောက်ချိန် ဦးဆောင်သည့် အဖွဲ့ကို ယာယီအနေဖြင့် တာဝန်ပေး ဆောင်ရွက်ခဲ့ပြီး ကိုးကန့်ဒေသပြန်လည်ထိန်းသိမ်းရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း” ဟု မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

ထိုနောက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာသော စစ်တပ်၏ ကြံ့ခိုင်ရေးပါတီ အစိုးရလက်ထက်တွင် မင်း အောင်လှိုင်သည် စစ်တပ်၏ အကြီးအကဲ ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသလို၊ ပယ်ဆောက်ချိန်သည် ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ရှမ်းပြည်နယ်လွှတ်တော်အမတ် ဖြစ်လာပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ပထမဆုံးဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ပယ်ဆောက်ချိန်၏ ကိုယ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့သည် စစ်တပ်ကို သစ္စာခံသော ကိုးကန့်ပြည်သူ့စစ်အဖွဲ့အဖြစ် ဖွဲ့စည်းရပ်တည်ပြီး၊ သားနှစ်ဦး ရှိသည့်အနက် သားအငယ် ပယ်ရင်ချန်ကို ထိုအဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ထားသည်။

သားအကြီး ပယ်ရင်နွယ် (ခ) ခင်မောင်လွင်သည် ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် ရှမ်းပြည်နယ်လွှတ်တော်၏ ကြံ့ခိုင်ရေးပါတီအမတ်ဖြစ်လာပြီး၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကိုးကန့်ဒေသ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွင် အဖွဲ့ဝင်ဖြစ်လာခဲ့သည်။

ထို့ကြောင့် ၂၀၀၉ ခုနှစ်မှစတင်ပြီး ကိုးကန့်ဒေသ၏ အာဏာထိုင်ခုံပေါ် ရောက်ရှိလာသော ပယ်မိသားစု၏ အလျင်အမြန် ချမ်းသာကြွယ်ဝလာမှု၊ အင်အားကောင်းသော ကိုယ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့ အခြံအရံထားပြီး အာဏာစက်ဖြန့်ကြက်မှုနှင့် တန်ခိုးဩဇာကြီးထွားလာမှုတို့၏ နောက်ကွယ်တွင် ၎င်းတို့မိသားစု၏ ဂေါ့ဖားသား မင်းအောင်လှိုင်၏ ထောက်ခံပံ့ပိုးမှု မရရှိဘဲ မဖြစ်နိုင်ပေ။

ထို့ကြောင့် တရုတ်အစိုးရက ပယ်ဆောက်ချိန်နှင့် သားဖြစ်သူ တရုတ်နိုင်ငံသား ပယ်ရင်ချန်ကို ဝရမ်းထုတ်ပြီးနောက် ဖမ်းဆီးပေးရန် စစ်ကောင်စီကို မုချ တောင်းဆိုပါလိမ့်မည်။ နိုဝင်ဘာလ ၁၇ ရက်နေ့ မြန်မာအလင်းသတင်းစာတွင် ပယ်ရင်ချန်ကို ဆက်သွယ်မေးမြန်းခဲ့သည်ဟု ဇော်မင်းထွန်း၏ ထုတ်ဖော်ပြောဆိုချက်အရ ပယ်မိသားစုနှင့် စစ်ကောင်စီထိပ်ပိုင်းစစ်ဗိုလ်ချုပ်များအကြား သေချာပေါက် အဆက်အသွယ်ရှိမည်ဖြစ်သည်။

မြီမိသားစု ဖြစ်စဉ်တွင် တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ပြီးနောက် စစ်ကောင်စီသည် ချက်ချင်း ထပ်ဆင့်ဝရမ်းထုတ် ဖမ်းဆီးအပ်နှံမှုများကို မြန်မြန်ဆန်ဆန် တက်တက်ကြွကြွ လုပ်ဆောင်ပြခဲ့သည်။ သို့သော် ပယ်မိသားစုအလှည့်တွင် ယနေ့အချိန်ထိ ပယ်ဆောက်ချိန်နှင့် ပယ်ရင်ချန်ကို စစ်ကောင်စီက ဖမ်းဝရမ်းမထုတ်ခြင်း၊ ဖမ်းဆီးမိပြီး တရုတ်အစိုးရလက်ထဲ အပ်နှံလိုက်ပြီဟု မကြေညာသေးခြင်းတို့က ပယ်မိသားစုနှင့် မင်းအောင်လှိုင်အကြား ပတ်သက်မှုများကြောင့်လော ဆိုသည်ကို သံသယဖြစ်ဖွယ် တွေ့မြင်နေရသည်။

သို့မဟုတ် မင်းအောင်လှိုင်ကိုယ်တိုင် ပယ်မိသားစုကို အကာအကွယ်ပေးထားပြီး၊ တရုတ်အစိုးရလက်ထဲ အပ်နှံခြင်း မပြုဘဲ လုံခြုံသောနေရာတွင် ထိန်းသိမ်းထားခြင်းကြောင့်လော၊ သို့မဟုတ် ပယ်မိသားစု ထွက်ပြေးပုန်းအောင်းနိုင်စေရန် စစ်ကောင်စီက မသိချင်ဟန်ဆောင် “ဟ” ထားပေးခြင်းလော စသည့် စစ်ကောင်စီ၏ သံသယဖြစ်ဖွယ်အပြုအမူများကို တွေ့မြင်နေရပါကြောင်း လေ့လာသုံးသပ်တင်ပြလိုက်ပါသည်။

နယ်စပ်လောင်းကစားဂိုဏ်းဝင်များဟု သဲံသယရှိသူများကို ‘ဝ’ လက်နက်ကိုင်တပ် UWSA က တရုတ်ရဲများထံ ၂၀၂၃ စက်တင်ဘာ ၆ နှင့် ၇ ရက်များအတွင်းက လွှဲပြောင်းပေးနေစဉ် (ဓာတ်ပုံ – WSTV)

Show More

Related Articles

Back to top button