သတင်း

လက်ကျန် ကိုးကန့်သစ္စာခံများကို ဖမ်းပေးရန် တရုတ်က စစ်ကောင်စီကို ရာဇသံပေး

နေပြည်တော်မှ စစ်ဗိုလ်ချုပ်များထံ ဆယ်စုနှစ်နှင့်ချီကြာ သစ္စာခံခဲ့ကြသည့် ကိုးကန့်လက်နက်ကိုင်ခေါင်းဆောင်များကို ဖမ်းဆီးပေးရန် တရုတ်အစိုးရ၏တောင်းဆိုမှုက စစ်ကောင်စီအတွက် အကျပ်ရိုက်စရာဖြစ်လာခဲ့သည်။

တရုတ်အစိုးရသည် ကျားဖြန့်လောင်းကစားသံသယဖြင့် ကိုးကန့်အုပ်ချုပ်ရေးခေါင်းဆောင်ဟောင်းများဖြစ်ကြသည့် ဦးပယ်ဆောက်ချိန်၊ ဦးဝေဆန်းနှင့် ဦးလီကျိန်းချန် (ခ) ဦးလျိုအားပေါက် တို့အပါအဝင် လောက်ကိုင်မှ လူ ၁၀ ဦးကို ယမန်နေ့က ဖမ်းဝရမ်းထုတ်ခဲ့သည်။

စစ်ကောင်စီကို သစ္စာခံသည့် ကိုးကန့်အုပ်စုထဲတွင် ၎င်းတို့သုံးဦးနှင့် ပြီးခဲ့သည်လအတွင်းက သေဆုံးသွားသည့် တရုတ်နိုင်ငံသား ကြံ့ခိုင်ရေးအမတ် ဦးမြီရှောက်ချန်းတို့သည် အရေးအပါဆုံးခေါင်းဆောင်များဖြစ်သည်။

ထိုလေးဦးစလုံးကို ဖမ်းဝရမ်းထုတ်ခဲ့ခြင်းက ကျားဖြန့် ခေါ် အွန်လိုင်းလိမ်လည်မှုများ၏ နောက်ကွယ်တွင် စစ်အုပ်စုက ကျောထောက်နောက်ခံပေးထားသည့် ကြံ့ခိုင်ရေးအမတ်များ၊ နယ်ခြားစောင့်တပ် ခေါင်းဆောင်များ ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေသည်ကို တရုတ်အစိုးရက အခိုင်အမာယုံကြည်နေကြောင်း ပြသနေသည်။

စစ်ကောင်စီအတွက်လည်း ၎င်းတို့၏သစ္စာခံများကို အကာအကွယ်ပေးမည်လား၊ တရုတ်လက်ထဲ အပ်မည်လား ဆုံးဖြတ်ရမည်ဖြစ်သည်။

ဦးပယ်ဆောက်ချိန်

စစ်ဗိုလ်ချုပ်များ၏ စိတ်အချရဆုံး ကိုးကန့်မိတ်ဆွေ

ဦးပယ်ဆောက်ချိန်သည် စစ်အာဏာရှင်အဆက်ဆက်ကို သစ္စာခံသည့် ကိုးကန့်အုပ်စု၏ ခေါင်းဆောင်ဖြစ်သည်။ သူသည် ကိုးကန့်ဒေသတွင် အရေးအပါဆုံး နံပါတ် ၁ ခေါင်းဆောင်လည်း ဖြစ်သည်။

စစ်အုပ်စုကို ဆန့်ကျင်သည့် နောက်ထပ်ကိုးကန့်တပ်ဖွဲ့တစ်ခုဖြစ်သည့် ဦးဖုန်ကြားရှင်ဦးဆောင်သည့် MNDAA တပ်ကို စစ်တပ်နှင့်အတူ လက်တွဲတိုက်ခိုက်ခဲ့ပြီးနောက် ၂၀၀၉ တွင် ကိုးကန့်ဒေသ အုပ်ချုပ်ရေးအရာရှိ ဖြစ်လာသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီကိုယ်စားပြုအမတ်ဖြစ်လာပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်လာသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ပထမဆုံးဥက္ကဋ္ဌဖြစ်လာခဲ့သည်။

သူ၏သားနှစ်ဦးဖြစ်ကြသည့် ပယ်ရင်ချန် (ခ) ဦးခင်မောင်ဝင်း၊ ပယ်ရင်နွယ် (ခ) ဦးခင်မောင်လွင် တို့သည် ကိုးကန့်ပြည်သူ့စစ်နှင့် ကိုးကန့်စစ်ကောင်စီတွင် အဆင့်မြင့်ရာထူးများ ရယူထားကြသည်။

သားငယ် ပယ်ရင်ချန်သည် အင်အားထောင်ချီရှိသည့် ကိုးကန့်ပြည်သူ့စစ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ သူသည် တရုတ်နိုင်ငံသားဖြစ်ကြောင်း တရုတ်ဖမ်းဝရမ်းအရ သိရသည်။

အခြားတစ်ဖက်တွင် ပယ်ရန်ချန်သည် နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့အခမ်းအနားသို့ အထူးဖိတ်ကြားထားသူအနေဖြင့် တက်ရောက်ခွင့်ရခြင်း၊ စစ်ကောင်စီတပ်သားများရရှိသည့် လစာ၊ ရိက္ခာ၊ စစ်ဆေးရုံများတွင် ဆေးကုသခွင့် ရခြင်း စသည့် အခွင့်အရေးများ ရခဲ့ကြသည်။

မတ်လအတွင်းက နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့အခမ်းအနားကို တက်ရောက်ရန် ပယ်ရင်ချန်ကို စစ်ကောင်စီက ဖိတ်ကြားခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခွင့်ရခဲ့သည်။

စစ်ကောင်စီက နိုဝင်ဘာလ ၁၆ ရက်နေ့က ပယ်ရင်ချန်သည် ကျားဖြန့် ခေါ် အွန်လိုင်းအခြေပြုလိမ်လည်မှု၊ လူကို သွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှု စသည့် အမှုများ ကျူးလွန်ကြောင်း စွပ်စွဲပြီး ဖမ်းဝရမ်းထုတ်ခဲ့သည်။ သို့သော် ဝရမ်းကို နာရီပိုင်းအတွင်း ပြန်လည်ပယ်ဖျက်ပေးခဲ့သည်။

ပယ်ရင်ချန် (အနီဖြင့် ဝိုင်းထားသူ) ကို ယခုနှစ် မတ်လအတွင်းက နေပြည်တော် တပ်မတော်နေ့အခမ်းအနားတွင် တွေ့ရစဉ်။

ဦးဝေဆန်း

ကိုးကန့်နယ်ခြားစောင့်တပ်၏ ခေါင်းကိုင်ဖခင်

တရုတ်ဖမ်းဝရမ်းထဲတွင် ပါလာသည့် စစ်ကောင်စီလက်အောက်ခံ ဦးဝေဆန်းသည်လည်း အမှတ် ၁၀၀၆ နယ်ခြားစောင့်တပ်ကြီးကြပ်ရေးကော်မတီ၏ ဥက္ကဋ္ဌဖြစ်ပြီး စစ်ကောင်စီတပ်ထဲမှ ဗိုလ်မှူးကြီးရာထူးဖြင့် အငြိမ်းစားယူခဲ့ခြင်းဖြစ်သည်။

နေပြည်တော်မှ စစ်ဗိုလ်ချုပ်များနှင့် ကိုးကန့်နယ်ခြားတပ်တို့အကြား ဆက်သွယ်ရာတွင် ဗိုလ်မှူးကြီးဝေဆန်းက အခရာကျသည်။ ၁၀၂၇ စစ်ဆင်ရေးမတိုင်မီ သီတင်းပတ်အနည်းငယ်အလို စက်တင်ဘာလအတွင်းက လားရှိုးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခွင့်ရသည့် ရှမ်းမြောက်အခြေစိုက် လက်ရွေးစင် ပြည်သူ့စစ်ခေါင်းဆောင် ၇ ဦးထဲတွင် ပါဝင်သည်။

တရုတ်၏ဖမ်းဝရမ်းထဲတွင် သူ၏သားဖြစ်သူ အသက် ၄၂ နှစ်အရွယ် ဝေချင်းဆုန်လည်း ပါဝင်သည်။ ဝေချင်းဆုန်သည် တရုတ်နိုင်ငံသားဖြစ်ကြောင်း ဝရမ်းစာအရ သိရသည်။ သူ၏မြန်မာအမည်သည် ဦးမောင်မောင်ဖြစ်သည်။ (တရုတ်က ဖမ်းထားသည့် ကိုးကန့်သူဌေးနှင့် ကြံ့ခိုင်ရေးအမတ် ဦးမောင်မောင် မဟုတ်ပါ။)

ဝေချင်းဆုန် (အလယ် – စစ်ဝတ်ဆုံဝတ်၊ နှာခေါင်းစည်းတပ်ထားသူ) ကို စစ်ကောင်စီအရာရှိတစ်ဦးနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ – ပေးပို့)

သူသည် တစ်ချိန်တည်းတွင် စစ်ကောင်စီတပ်လက်အောက်ခံ အမှတ် ၁၀၀၆ နယ်ခြားစောင့်တပ်၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ဝင်ဖြစ်သည်။ အမှတ် ၁၀၀၆ နယ်ခြားစောင့်တပ်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမိန့်ဖြင့် ၂၀၀၉ အတွင်းက ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး လောက်ကိုင်တွင် အခြေစိုက်သည်။

ဝေချင်းဆုန်သည် စစ်ကောင်စီတပ်က နယ်ခြားစောင့်တပ်များအတွက် သတ်မှတ်ထားသည့် စစ်စိမ်းရောင် ယူနီဖောင်းဝတ်ဆင်ခွင့်၊ ထိုယူနီဖောင်းပေါ်တွင် ဝါစိမ်းနီ သုံးရောင်ခြယ် မြန်မာအလံပါသည့် လက်မောင်းတံဆိပ် တပ်ဆင်ခွင့်များ ရရှိထားသည့် အရာရှိတစ်ဦးဖြစ်သည်။ စစ်ကောင်စီတပ် တပ်မှူး ဗိုလ်ချုပ်များနှင့်အတူ စစ်ဆင်ရေးများ၊ အရပ်ဘက်အုပ်ချုပ်ရေးများတွင် ဝင်ရောက်ခြယ်လှယ်ခွင့်ရခဲ့သူဖြစ်သည်။

ယမန်နေ့က တရုတ်အစိုးရ၏ ကျားဖြန့်ဖမ်းဝရမ်းတွင်မူ သားအဖနှစ်ယောက်စလုံး ပါဝင်ခဲ့ပြီး ဆွေမျိုးတော်စပ်သည့် ဝေယုံ (ခ) ဒေါ်ချောချောအေး တို့လည်း ပါဝင်လာခဲ့သည်။ ဒေါ်ချောချောအေးသည် လောက်ကိုင်ရှိ အကြီးမားဆုံး စီးပွားရေးလုပ်ငန်းထဲတွင် ပါသည့် ဟိန်းလီကုမ္ပဏီအုပ်စု၏ ဥက္ကဋ္ဌဖြစ်သည်။

ဟိန်းလီကုမ္ပဏီအုပ်စုသည် လောက်ကိုင်တွင် ဟိုတယ်လုပ်ငန်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း၊ ဆေးရုံ၊ ကိုယ်ပိုင်မီးသတ်ဌာနများဖြင့် လည်ပတ်နေသည့်လုပ်ငန်းစုဖြစ်သည်။

ဦးလီကျိန်းချန် (ခ) ဦးလျိုအားပေါက်

တရုတ်ဖမ်းထားသည့် ကြံ့ခိုင်ရေးအမတ် ဦးမောင်မောင်၏အစ်ကို

တရုတ်၏ဖမ်းဝရမ်းထဲတွင် ကိုးကန့်ကြံ့ခိုင်ရေးလွှတ်တော်အမတ် ဦးမောင်မောင်၏အစ်ကို ဦးလီကျိန်းချန် (ခ) ဦးလျိုအားပေါက်လည်း ပါဝင်လာခဲ့သည်။

ဦးလီကျိန်းချန် (ခ) ဦးလျိုအားပေါက်သည် ဖူလီလိုက်ကုမ္ပဏီအုပ်စု ဥက္ကဋ္ဌဖြစ်ပြီး စစ်ခေါင်းဆောင်က ပေးအပ်ထားသည့် ‘အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ’ ဘွဲ့ကို ၂၀၂၁ အတွင်းက ရရှိထားသူဖြစ်သည်။

ဦးလီကျိန်းချန် (ခ) ဦးလျိုအားပေါက်ကို စစ်ခေါင်းဆောင်က ၂၀၂၁ အတွင်းက ‘အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ’ ဘွဲ့ပေးအပ်စဉ် (ဓာတ်ပုံ – ပေးပို့)

သူသည် NLD အစိုးရလက်ထပ် ၂၀၁၆-၂၀၂၁ အတွင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးအဖွဲ့ဝင်လည်း ဖြစ်သည်။ ထို့ပြင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ မြို့ပြတည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စသည့် များပြားလှသည့် ရာထူးများကိုလည်း ရယူထားသူဖြစ်သည်။

ဖူလီလိုက်ကုမ္ပဏီအုပ်စု၏ စီးပွားရေးလုပ်ငန်းများ (ဓာတ်ပုံ – Fully Light)

သူပိုင်ဆိုင်သည့် ဖူလီလိုက်ကုမ္ပဏီအုပ်စုသည် မြန်မာနိုင်ငံအနှံ့ စီးပွားရေးလုပ်ငန်းများစွာ ဖြန့်ကြက်ထားသည်။

တရုတ်၏ဖမ်းဝရမ်းထဲတွင် သူ၏သားဖြစ်သူနှင့် ဖူလီလိုက်ကုမ္ပဏီအုပ်စု၏ မန်နေဂျာ လျိုကျင့်မောင်တို့လည်း ပါဝင်သည်၊။

·   ကိုးကန့်သူဌေးကြီးများအပေါ် ရောက်လာသည့် တရုတ်၏ဒေါသ

ရှမ်းပြည်နယ်အတွင်း မြို့နယ်များအခြေစိုက်ပြီး ကျားဖြန့်လုပ်ငန်း လုပ်ကိုင်မှုကြောင့် တရုတ်နိုင်ငံသားများ ငွေအမြောက်အမြား အလိမ်ခံနေရပြီး နိုင်ငံခြားသားအများအပြားလည်း ကျွန်ပြုခံနေရသည်။

အဆိုပါ လူဆိုးဂိုဏ်းခေါင်းဆောင်ဟု ယူဆရသူများ တည်ရှိသည့် နေရာကို သတင်းပေးပါက ယွမ်ငွေ တစ်သိန်းမှ ငါးသိန်း (အမေရိကန်ဒေါ်လာ ၁၄,၀၀၀ မှ ၇၀,၀၀၀) အထိ ဆုငွေချီးမြှင့်မည်၊ အကာအကွယ်ပေးသူများကိုလည်း ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု တရုတ်က ဆိုထားသည်။

စစ်ကောင်စီကလည်း တရုတ်၏ လိုအပ်ချက်ကို ဖြည့်ဆည်းလိုကြောင်း ပြသနေသည်။ စစ်ကောင်စီ၏ လတ်တလောတိုက်ပွဲသတင်းထုတ်ပြန်ချက်များတွင် ထိုအမှုများကို ကိုင်တွယ်နေကြောင်း ထည့်သွင်းဖော်ပြလေ့ရှိသည်။

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကလည်း ကျားဖြန့်အမှုများတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသူ ၃၀,ဝဝဝ ကျော်ကို မြန်မာဘက်မှ လွှဲပြောင်းရယူထားကြောင်း ကြေညာထားသည်။

ကရင်ပြည်နယ်အတွင်းရှိ မြဝတီမြို့နယ်တွင်လည်း အွန်လိုင်းမှ ငွေလိမ်သည့် ဂိုဏ်းများက နိုင်ငံတကာမှ အလုပ်အကိုင်ရှာဖွေသူများကို သွေးဆောင်ခေါ်ယူပြီး ကျွန်ပြုခိုင်းစေမှု၊ ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှုများ ကျူးလွန်နေဆဲ ဖြစ်သည်။

Show More

Related Articles

Back to top button