သတင်း

ကိုးကန့်ဒေသ ဝန်ထမ်းများ နောက်ကြောင်းရှင်းရမည်ဟု MNDAA ပြော

ကိုးကန့်ဒေသတွင် ဝန်ထမ်း၊ အလုပ်သမား ခန့်ရာတွင် စစ်ကောင်စီနှင့် ကင်းရှင်းသူကိုသာ ခန့်မည်၊ လူမျိုး ကန့်သတ်ချက်မရှိဟု MNDAA ပြန်ကြားရေးအရာရှိက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်တပ် (MNDAA) ထိန်းချုပ်လိုက်သည့် ကိုးကန့်ဒေသတွင် အလုပ်သမားများ၊ ဝန်ထမ်းများ လိုအပ်သဖြင့် အလုပ်သမားဝန်ဆောင်မှု ကုမ္ပဏီများ တည်ထောင်ခွင့်ပြုလိုက်ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၁၈) ရက်စွဲဖြင့် ကြေညာထားသည်။

“စစ်ပွဲငြိမ်းစဲပြီးနောက် ဒေသပြန်လည်တည်ဆောက်ရေးတွင် အလုပ်သမားများနှင့် နည်းပညာရှင် အမြောက်အမြား လိုအပ်ပါသည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

အလုပ်ရလိုသူက အလုပ်ရှင်ကို ကိုယ်တိုင် ဆက်သွယ် အလုပ်လျှောက်ထားနိုင်သလို ဝန်ဆောင်မှုကုမ္ပဏီများမှတစ်ဆင့်လည်း လျှောက်ထားနိုင်သည်ဟု MNDAA ပြောခွင့်ရ အရာရှိ လီကျားဝင်းက Myanmar Now ကို ပြောသည်။

“အရေးကြီးတဲ့ အချက်က လုပ်ငန်းရှင်တွေက မိမိသဘောနဲ့ အလုပ်သမားဝန်ဆောင်မှုကုမ္ပဏီကနေ မခေါ်ယူဘဲနဲ့ မိမိသဘောနဲ့ ခေါ်ယူတာမျိုးကိုလည်း ကျွန်တော်တို့ ခွင့်လွတ်တယ်။ ဒီလိုလည်းခေါ်ယူလို့ရပါတယ်။ ဒါပေမဲ့ စာမှာပါတဲ့အတိုင်း သူခေါ်လာတဲ့ အလုပ်သမားက နိုင်ငံရေးနောက်ခံ မသန့်ရှင်းဘူး၊ စစ်ကောင်စီနဲ့ ဆက်နွယ်နေတယ်ဆိုရင်တော့ ပြင်းထန်စွာ အရေးယူမှာပါ” ဟု သူက ပြောသည်။

“အလုပ်သမားတွေ နည်းပညာ တတ်ကျွမ်းသူတွေပေါ့၊ သူတို့အနေနဲ့ လောက်ကိုင်မှာ အလုပ်လုပ်ချင်ရင် အလုပ်သမားဝန်ဆောင်မှုကုမ္ပဏီမှာ သွားရောက်ပြီးတော့ အသိပေးလို့ပါတယ်ဗျ။ အလုပ်ရှင်တွေလည်း ဘယ်လိုအလုပ်သမားမျိုးလိုချင်တယ်ဆိုတာကို အဲဒီကုမ္ပဏီကိုပဲ သွားပြီးတော့ စုံစမ်းလေ့လာလို့ရတယ်”

လူမျိုးမရွေး လာရောက် လုပ်ကိုင်နိုင်သည်ဟု သူက ဆက်ပြောသည်။

“ဗမာတွေ လုံးဝမဝင်ရဘူး၊ ဘယ်လူမျိုးမှ မလာရဘူးဆိုတာက ကောလာဟလဖြစ်တယ်။ အဲဒီတုန်းက စစ်ပွဲပြီးပြီးချင်း ပြန်လည်တည်ဆောက်နေတဲ့အချိန်ဆိုတော့ တချို့အရာတွေက ခဏတဖြုတ်နဲ့ လုပ်ဆောင်လို့မရတဲ့ အရာတွေဖြစ်နေတယ်။ အခုတော့ ကျွန်တော်တို့လည်း တဖြည်းဖြည်းနဲ့ ပြန်လည်လည်ပတ်နေပြီဆိုတော့ လာလို့ရပါတယ်ဗျ။ အကယ်၍ သူက နိုင်ငံရေးနောက်ခံသန့်ရှင်းတယ်၊ အလုပ်လာလုပ်ချင်တယ်ဆိုရင် လုံးဝ စိတ်ချလက်ချ လာလို့ရပါတယ်ဗျ” ဟု ပြောခွင့်ရ အရာရှိက ဆိုသည်။

အလုပ်အကိုင် ရှားပါးပြီး လုံခြုံသည့်နေရာ နည်းပါးနေချိန်တွင် ကိုးကန့်ဒေသ အလုပ်အကိုင်နှင့် ပတ်သက်သည့် စည်းကမ်းချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကိုးကန့်ဒေသသည် တရုတ်ဘာသာစကား၊ တရုတ်ငွေကြေးတို့ကို အဓိကအသုံးပြုသည့် ဒေသဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်နေရာပြမြေပုံ။

ဝဒေသ ဝန်ထမ်းများ

အောက်တိုဘာ ၂၇ တွင် စတင်ခဲ့သည့် “၁၀၂၇”စစ်ဆင်ရေးတွင် ကိုးကန့်ဒေသ အပါအဝင် မြန်မာ-တရုတ်နယ်စပ်မှ မြို့နယ်များနှင့် စစ်စခန်းများကို ညီနောင် ၃ ဖွဲ့ဖြစ်သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က သိမ်းယူထားသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့တွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် MNDAA နှင့် TNLA တို့က ရှမ်းမြောက်ဒေသတွင် အပစ်အခတ်ရပ်စဲထားသည်။

TNLA က နမ့်ဆန်၊ နမ့်ခမ်း၊ မိုင်းလုံ၊ မိုင်းငေါ့၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်မြို့တို့ကို သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးယန္တရားများ စတင်နေသည်။

MNDAA က ကိုးကန့်ဒေသတခုလုံးကို ပြန်လည်ထိန်းချုပ်ပြီး လောက်ကိုင်မြို့အနီးရှိ ချင်းရွှေဟော်၊ ကွမ်းလုံ၊ ကုန်းကြမ်း မြို့များကိုလည်း သိမ်းပိုက်ထားပြီးဖြစ်သည်။

ရှမ်းအရှေ့မြောက်ဒေသ ဟိုပန်နှင့် ပန်လုံမြို့တို့ကိုမူ ဝတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။ ထိုမြို့ ၂ မြို့တွင် တရားစီရင်ရေး၊ အုပ်ချုပ်ရေးဌာနများတွင် ဝတပ်ဖွဲ့ (UWSA) ဝန်ထမ်းများကို ခန့်ထားသည်ဟု ရွှေဖီမြေသတင်းဌာန၏ ဖေဖော်ဝါရီ ၁၈ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ကျန်းမာရေး၊ ပညာရေးဌာနများတွင် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး လုပ်ငန်းခွင်မှ ထွက်ခွာထားသည့် ဝန်ထမ်းများနှင့် ဒေသခံ ပညာတတ်လူငယ်များကို ခန့်ထားမည်၊ စစ်ကောင်စီလက်အောက် လုပ်ကိုင်နေသူများလည်း ဆန္ဒရှိပါက လုပ်ကိုင်နိုင်မည်ဟု ဆိုသည်။

ဟိုင်ဂင်သဘောတူညီချက်ပါ အချက်အလက်များ အနှစ်ချုပ်

စစ်ကောင်စီလက်အောက် ဝန်ထမ်းများ

ရှမ်းပြည်နယ်မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ သိမ်းယူလိုက်သည့်ဒေသမှ တိမ်းရှောင်လာကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ   နီးစပ်ရာမြို့ကြီးများနှင့် နေပြည်တော်တွင် ရုံးတက်နေကြသည်ဟု ဆိုသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့မှ ရာနှင့်ချီသော ဝန်ထမ်းများ နေပြည်တော်၊ လားရှိုးနှင့် တောင်ကြီးတို့တွင် ရောက်နေပြီး ဝန်ထမ်းဝတ်စုံနှင့် ဝန်ထမ်းကတ် ယူဆောင်လာနိုင်ခဲ့ခြင်း မရှိသဖြင့် လုပ်ငန်းခွင်သို့ ဝင်ရောက်ရန် ခက်ခဲနေသည်ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။

“ကျွန်တော်တို့မြို့မှာက ဝန်ထမ်းမှန်းမသိအောင်လို့ ဝတ်စုံတွေထားခဲ့ရတယ်၊ ဒီရောက်တော့ ဝတ်စုံမပါတော့ ဝင်မရဘူးတဲ့၊ ခု အသစ်ချုပ်နေရတယ်” ဟု ဌာနအမည် ထုတ်မပြောလိုသည့် ဝန်ထမ်းတစ်ဦးက ဆိုသည်။

နေပြည်တော်သို့ ရောက်သွားသူများသည် သက်ဆိုင်ရာ ဌာနလေ့ကျင့်ရေးကျောင်းများ၊ နီးစပ်ရာ အသိမိတ်ဆွေများထံတွင် နေထိုင်ကြရသည်ဟု သိရသည်။

ထွက်ပြေးရာတွင် ရဲနှင့် စစ်တပ်အကူညီမရရှိဘဲ တိမ်းရှောင်ခဲ့ကြရခြင်း ဖြစ်သည်။

“ဝန်ထမ်းတွေလို့ အသိမခံရဲဘူး၊ နီးစပ်ရာ ခိုလှုံပြေးခဲ့ရတာ” ဟု ဒီဇင်ဘာလအတွင်း နေပြည်တော်သို့ ရောက်သွားသည့်  ဝန်ထမ်းတစ်ဦးက ပြောသည်။

ထိုဝန်ထမ်းများသည် ပြောင်းရွှေ့ချပေးမည့် မြို့နယ်ကိုသာ စောင့်ဆိုင်းနေပြီး ဌာနဆိုင်ရာပိုင် စာရွက်စာတမ်းနှင့် ရုံးပစ္စည်းများကို နီးစပ်ရာ မြို့နယ်များရှိ အုပ်ချုပ်ရေးမှူးနှင့် အိမ်များတွင် အပ်နှံခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလထိ လစာရရှိနေသေးသည်ဟု ပဲခူးဇာတိ ဝန်ထမ်းတစ်ဦးက ပြောသည်။

“လုပ်စရာအလုပ်လည်းမရှိဘူး၊ လစာမရမှာစိုးတော့ (သတင်း) ပို့၊ သတင်းမပို့ရင် ဝန်ထမ်းက ဖြုတ်မှာ၊ နေရာအပြောင်းအရွှေ့လည်း မချပေးတော့ ကိုယ့်အိမ်ကိုယ် ပြန်နေကြတာပဲ၊ ခုထိတော့ လစာရသေးတယ်” ဟု လုံခြုံရေးအရ သူ၏အမည်၊ ဌာနအမည် ထုတ်မပြောလိုသည့် ထိုဝန်ထမ်းက ပြောသည်။

Show More

Related Articles

Back to top button