အတွေးအမြင်

မြဝတီကျဆုံးခြင်းနှင့် ထိုင်းအစိုးရ ရင်ဆိုင်ရမည့် မြန်မာဒုက္ခသည် လှိုင်းအသစ်

မြဝတီမြို့ တပ်စခန်းများကျသည်အထိ ဒေသတွင်း တိုက်ပွဲပြင်းထန်နေရာ ရောက်လာမည့် ဒုက္ခသည်များ၊ ချိနဲ့လာသည့် စစ်ကောင်စီကို ဆက်ဆံရေးတို့နှင့် ပတ်သက်ပြီး ထိုင်းအစိုးရတွင် ဖိအားရှိလာသည်။

အာဏာသိမ်းစစ်တပ်ကို မြန်မာပြည်သူများ လက်နက်ကိုင်တော်လှန်နေခဲ့သည့် ၃နှစ်လုံးလုံး၊ စစ်ကောင်စီကို အသိအမှတ်ပြုဆက်ဆံနေခဲ့သော အိမ်နီးချင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် Srettha Tharvisin ကိုယ်တိုင် ယခု နောက်ဆုံး စစ်ကောင်စီ “အင်အားချိနဲ့လာပြီ” ဟု ထုတ်ဖော်ပြောဆိုလာရပြီ ဖြစ်သည်။

မြန်မာပြည်သူများ စစ်ကောင်စီကို မည်သို့ပင် လက်နက်စွဲကိုင်တော်လှန်ပါစေ၊ အဆုံးတစ်နေ့တွင် နိုင်ငံမပြိုကွဲ အောင် စုစည်းထားနိုင်သည့် တစ်ခုတည်းသောအဖွဲ့အစည်းဖြစ်သော စစ်တပ်သာ အောင်နိုင်လိမ့်မည်ဟု မြန်မာစစ်ခေါင်းဆောင်များနှင့် အလွန်ရင်းနှီး ပုလဲပနံသင့်သော ထိုင်းစစ်ဖက်အရာရှိကြီးများ၊ ထိုင်းအစိုးရ ခေါင်းဆောင်များက ယုံကြည်လက်ခံထားခဲ့ကြသည်။ 

သို့သော် ဧပြီလ ၅ ရက်နေ့တွင် သင်္ယန်းညီနောင် အခြေချစစ်ဗျူဟာမှ ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းလတ် ဦးဆောင်သော အရာရှိနှင့် စစ်သည်အင်အား ၄၇၈ဦး၊ ရဲမေ (ရဲဘော်များ၏ အိမ်ထောင်ဘက်) ၅၉ဦး၊ အခြား မိသားစုဝင် ၈၁ဦး တို့ လက်နက်ချ အညံ့ခံသည့် သတင်းထွက်ပေါ်လာချိန်တွင် ထိုင်းအစိုးရ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

ဧပြီလ ၆ ရက်နေ့က မြဝတီမြို့တစ်ဖက်ကမ်း ထိုင်းနယ်စပ်မြို့ရှိ မဲဆောက် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဧပြီလ ၇ ရက်နေ့မှ ၉ရက်နေ့အထိ အရေးပေါ်အသုံးပြုခွင့်ပေးရန် ဘန်ကောက်မြို့ရှိ စစ်ကောင်စီသံရုံးထံမှ စာ တစ်စောင် လက်ခံရရှိချိန်တွင် မြဝတီမြို့ကျဆုံးခန်း တဖြည်းဖြည်း နီးကပ်လာပြီ ဆိုသည်ကို ထိုင်းအစိုးရ ရှင်းရှင်းလင်းလင်း သဘောပေါက် သိမြင်သွားပုံရသည်။  

ဧပြီလ ၇ ရက်နေ့ ညပိုင်း မြန်မာအမျိုးသားလေကြောင်းပိုင်  လေယာဥ်တစ်စင်း မဲဆောက်လေဆိပ်ကို ဆိုက်ရောက်လာပြီး၊ အမျိုးအမည်မသိသော ပစ္စည်းများကို လျှို့ဝှက်စွာ သယ်ဆောင်၍ ချက်ချင်းပြန်လည် ထွက်ခွာသွားခြင်းနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ၏ အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီးဖြစ်သော Move Forward Party က ထိုင်းအစိုးရကို ဝေဖန်မေးခွန်းထုတ်ခဲ့သည်၊  ထိုင်းပြည်သူများ ထိုကိစ္စကို သိရှိပိုင်ခွင့်ရှိသည်ဟု တောင်းဆိုခဲ့ သည်။ ထို့နောက် စစ်ကောင်စီက မဲဆောက်လေဆိပ် အသုံးပြုမှုကို ရုတ်တရက် ရပ်ဆိုင်းလိုက်သည်။  

ဧပြီလ ၉ ရက်နေ့တွင် ဝန်ကြီးချုပ် ဆရက်ထာသည် နိုင်ငံခြားရေးဝန်ကြီး၊ ထိုင်းတော်ဝင်တပ်မတော် အကြီး အကဲများနှင့် အမျိုးသားလုံခြုံရေးကောင်စီအကြီးအကဲများ ပါဝင်သော အရေးပေါ်အစည်းအဝေး တစ်ရပ်ကို ဝန်ကြီးချုပ်ရုံးတွင် ခေါ်ယူကျင်းပခဲ့သည်။

ထိုအချိန်ကျမှ ဝန်ကြီးချုပ် ဆရက်ထာက စစ်ကောင်စီသည် အင်အားချိနဲ့လာနေပြီဖြစ်၍ ယခုအချိန်သည် တွေ့ဆုံဆွေးနွေးရန် အကောင်းဆုံးအချိန်ဖြစ်သည်၊ ၎င်း၏ အစိုးရအနေဖြင့် ဘက်အသီးသီးနှင့် ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်သွားမည် ဟု ထုတ်ဖော်ပြောဆိုလာသည်။

မြဝတီမြို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးလိုက်သော သင်္ယန်းညီနောင် အခြေချစစ်ဗျူဟာ၏ လက်နက်ချ အညံ့ခံမှု ဖြစ်ရပ်သည် တရုတ်နယ်စပ်တွင် ဖြစ်ပွားခဲ့သော လောက်ကိုင်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လက် နက်ချအညံ့ခံမှု ဖြစ်စဥ်နှင့် ဆင်တူနေသည်။

သို့သော် လောက်ကိုင်မြို့မှာ စစ်ကောင်စီအပေါ် ဩဇာညောင်းသော တရုတ်အစိုးရကြောင့် မီးလောင်ပြာကျ မြို့ပျက်ကြီးဖြစ်သွားမည့်အရေးမှ ရှောင်ရှားနိုင်ခဲ့သည်။ မြဝတီမြို့သည် လောင်ကိုင်မြို့ကဲ့သို့ စစ်ဒဏ်ကို ရှောင်ရှားနိုင်ပါမည်လော၊ ထိုင်းအစိုးရသည် တရုတ်အစိုးရကဲ့သို့ ကြားဝင်ဆောင်ရွက်နိုင်သော ဩဇာအရှိန် အဝါ ရှိနိုင်မည်လော စောင့်ကြည့်ရပေလိမ့်မည်။  

ဒုက္ခသည် ၁သိန်း လက်ခံမည့် ထိုင်းအစိုးရ၏ ကြိုတင်ဖိတ်ခေါ်ချက် စစ်ကောင်စီကို အကြိုက်တွေ့စေ

စစ်ကောင်စီ အုပ်ချုပ်မှုအောက်မှ မြဝတီမြို့ လွတ်မြောက်တော့မည့် နောက်ဆုံးနေ့ရက်များ ရောက်လာချိန် တွင် ထိုင်းအစိုးရက အစဥ်အလာမဟုတ် မြန်မာဒုက္ခသည် ၁ သိန်း လက်ခံနိုင်ကြောင်း ဖိတ်ခေါ်မှုတစ်ခုကို ကြေညာခဲ့သည်။ 

မြန်မာဒုက္ခသည်များ ထိုင်းနိုင်ငံအတွင်း အမှန်တကယ်ဝင်ရောက်ခြင်း မရှိသေးခင်၊ ထိုင်းအစိုးရ၏ ကြိုတင် အသိပေးကြေညာချက်သည် မြေပြင်တွင် စစ်မီးလျှံကို အမှန်တကယ် ကြုံတွေ့ရတော့မည့် မြဝတီမြို့သူ မြို့သားများအတွက် လွန်စွာအားတတ်ဖွယ်ရာ သတင်းစကား ဖြစ်ပါသည်။

အစဥ်အလာအားဖြင့် ထိုင်းအစိုးရများသည် မြန်မာနိုင်ငံမှ စစ်ပြေးဒုက္ခသည်များ ထိုင်းနိုင်ငံတွင်း နယ်စပ်ဖြတ် ကျော် ဝင်ရောက်ခိုလှုံလာမှာကို လွန်စွာစိုးရိမ်ပါသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း မြဝတီမြို့ တောင်ပိုင်းရှိ လေးကေကော်မြို့သစ်ကို စစ်ကောင်စီတပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်စဥ် ထောင်နှင့်ချီသော စစ်ပြေးဒုက္ခသည်များ သောင်ရင်းမြစ် (ထိုင်းအခေါ် မိုးရေမြစ်) ကို ဖြတ်ကူး၍ ထိုင်းနိုင်ငံဖက်အခြမ်းကို ခိုလှုံခဲ့ဖူးသည်။

၂၀၂၄ မတ်လလယ်ပိုင်း မြိတ်-ထားဝယ်ဒေသခံများ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတို့နှင့် ရင်ဆိုင်ရသဖြင့် လုံခြုံသည့်နေရာတစ်ခုတွင် ပုန်းအောင်းနေစဉ် (ဓာတ်ပုံ – KHRG)

ထိုစဥ်က ထိုင်းအစိုးရကို အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် ပရက်ရွက် ချန်အိုချာ ဦးဆောင်နေ ချိန် ဖြစ်သည်။ ထိုအဖြစ်အပျက်တွင် ထိုင်းနယ်ခြားစောင့်စစ်တပ်သည် မြန်မာဖက်မှ နယ်စပ်ဖြတ်ကျော် ခိုလှုံ လာသော စစ်ပြေးဒုက္ခသည်များကို ပြန်လည်မောင်းထုတ်ခဲ့သဖြင့် လူ့အခွင့်အရေးအဖွဲ့များ၏ ကန့်ကွက်မှုများ ကို ရင်ဆိုင်ခဲ့ရဖူးသည်။

ယခုအခါ ဝန်ကြီးချုပ် ဆရက်ထာ အစိုးရသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသော အစိုးရ ဖြစ်၍ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု စည်းမျဥ်းများအရ မြန်မာစစ်ပြေးဒုက္ခသည်များကို ယခုလို လိုလိုလားလား လက်ခံခြင်း ဖြစ်နိုင်ပါသည်။ 

သို့သော် ထိုင်းအစိုးရ၏ လူသိရှင်ကြား ကြိုတင်ထုတ်ပြန် ကြေညာချက်က ဘေးထွက်ဆိုးကျိုး မကင်းနိုင်ပေ။ အကြောင်းမှာ အာဏာမှလွဲလျှင် ကိုယ့်ပြည်သူအပေါ် ညှာတာထောက်ထားမှုကင်းမဲ့စွာ ရက်စက်ကြမ်းကြုတ် သော စစ်ကောင်စီက ထိုကြေညာချက်ကို အခွင့်အလမ်းအဖြစ် အသုံးချသွားနိုင်ပါသည်။

ထိုင်းအစိုးရဖက်က မြန်မာစစ်ပြေးဒုက္ခသည် ၁သိန်း လိုလားစွာ လက်ခံမည့်သတင်းက စစ်ကောင်စီအတွက် တစ်ဖက်နိုင်ငံကို အားနာစရာမလိုတော့သည့် အခြေအနေဟု ဘာသာပြန်နားလည်သွားပါလိမ့်မည်။ ထို့ကြောင့် မြဝတီမြို့ကို  ပြင်းထန်သည့်လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက် ကြီးများ အသုံးပြု တိုက်ခိုက်လာဖွယ်ရှိသည်။ 

မြဝတီမြို့ စစ်မီးလျှံ စတင်တောက်လောင်နေလေပြီ

ဧပြီလ ၉ ရက်နေ့တွင် မြဝတီမြို့ စစ်မီး စတင်တောက်လောင်ပြီ ဖြစ်သည်။ သင်္ယန်းညီနောင်မှ မြဝတီမြို့ အဝင် တောင်ကုန်းပေါ်တွင် အခိုင်အမာခံစစ်ပြင်ထားသော စစ်တပ်၏ တစ်ခုတည်းသော လက်ကျန် စခန်းဖြစ်သည့် အမှတ် ၂၇၅ ခြေလျင်တပ်ရင်းစခန်းမှ စစ်သည်များ လက်နက်ချအညံ့ခံရန် ငြင်းဆန်ရာ ထိုနေ့ ညပိုင်းမှစ၍ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။ 

ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်း တစ်ခု တည်းတွင် လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ် ခန့် ပြုလုပ်ကာ တော်လှန်ရေးအင်အားစု၏ ထိုးစစ်ကို ဟန့်တားခဲ့သည်။ သို့သော်လည်း ထိုနေ့ ညပိုင်းတွင်ပင် ၂၇၅ တပ်ရင်းစခန်းတွင် ရှိနေသူများ စခန်းကို စွန့်ခွာသွားကြရာ မြဝတီရှိ စစ်စခန်းများအားလုံးကို တော်လှန်ရေး အင်အားစုက ထိန်းချုပ်လိုက်သည်။ ဤအခြေအနေသည်   ကရင်အမျိုးသားအစည်းအရုံး (KNU) အတွက် သမိုင်းဝင် အောင်ပွဲ ဖြစ်သည်။ 

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ ဈေးကွက်စီးပွားရေး စတင်ကျင့်သုံးချိန်မှစ၍ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်လာသော မြဝတီသည် နှစ်စဥ် အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ ကုန်သွယ်နေသော အဓိကနယ်စပ်မြို့ကြီး ဖြစ်ပြီး၊ ထိုင်းနိုင်ငံနှင့် စီးပွားရေးအကျိုးစီးပွား များစွာ ယှက်နွယ်နေ သော မြို့ဖြစ်သည်။

ထို့ကြောင့် သောင်ရင်းမြစ် တစ်ဖက်ခြမ်း မဲဆောက်မြို့၏ စီးပွားရေးအတက်အကျသည် မြဝတီမြို့နှင့် ကုန်သွယ်မှု အခြေအနေအပေါ် တိုက်ရိုက်တည်မှီနေသဖြင့် လတ်တလောဖြစ်ပွားနေသော စစ်မီးလျှံကြောင့် ဖြစ်ပေါ်လာမည့် မြဝတီမြို့၏ ကံကြမ္မာကို မျှဝေခံစားရနိုင်ဖွယ်ရှိနေသည်မှာ မဲဆောက်မြို့ပင် ဖြစ်ပေလိမ့်မည်။

ခေတ်အဆက်ဆက် မြန်မာစစ်အစိုးရများ၊ ရွေးကောက်ခံအစိုးရများနှင့် နယ်စပ်ကုန်သွယ်ရေး စည်းမျဥ်းစည်းကမ်းများကို သဘောတူညီမှုရယူ ဆောင်ရွက်လာရာမှ ယခုကဲ့သို့ မြဝတီမြို့ကို စစ်ကောင်စီတပ်များ စွန့်ခွာသွားရချိန်တွင် မည်သို့ကိုင်တွယ်ဆောင်ရွက်ရမည်ကို ထိုင်းအစိုးရအဖွဲ့တွင် မသေချာမရေရာမှုများ ဖြစ်နေနိုင်ပါသည်။ 

ထို့အပြင် စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်ဆုံးရှုံးခဲ့ရသော အခြားဒေသများမှ မြို့ရွာများကဲ့သို့ မြဝတီမြို့ကို မီးလောင်တိုက်သွင်း ဖျက်ဆီးမည်ဆိုပါက ယင်းသည် မြို့ခံပြည်သူများ များစွာ အတိဒုက္ခ ရောက်ပြီး၊ ပြန်လည်ထူထောင်ရေး ကာလကြာရှည် ကြာမြင့်နိုင်ပါသည်။ အဓိပ္ပာယ်မှာ ဒုက္ခသည် ၁သိန်း လက်ခံ နိုင်ကြောင်း ကြေညာခဲ့သော ထိုင်းအစိုးရသည် မြန်မာဒုက္ခသည်လှိုင်း အသစ်ကို ရေတိုထက် ရေရှည်သဘော ကြုံတွေ့နိုင်ပါသည်။ 

ထို့ကြောင့် ထိုင်းနိုင်ငံသည် ၁၉၈၈ ခုနှစ်ကတည်းက ရှိနှင့်ပြီးသော ထိုင်းနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည် စခန်း ၉ ခုမှ မြန်မာဒုက္ခသည် ၉သောင်းခန့် အပြင်၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း နယ်စပ်ဖြတ်ကျော် ခိုလှုံလာကြသော စစ်ပြေးဒုက္ခသည် (War Refugee)၊ နိုင်ငံရေးဒုက္ခသည် (Political Refugee) အသစ်များ နှင့် ယခုနောက်ဆုံး မြဝတီမြို့မှ ဒုက္ခသည် အလုံးအရင်းကို ကာလကြာရှည် လက်ခံရဖွယ် ရှိနေနိုင်ပါသည်။  

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံ၏ ဩဇာကြီးမားသော ဘန်ကောက်ပိုစ့် သတင်းစာကြီးက “Dealing with Myanmar ခေါင်းစဥ်ဖြင့် အယ်ဒီတာ့အာဘော်ကို ဧပြီလ ၁၀ ရက်နေ့တွင် ရေးသားဖော်ပြခဲ့ရာ၌ ဝန်ကြီးချုပ် ဆရက်ထာ အစိုးရသည် မြန်မာအရေး ကိုင်တွယ်ဖြေရှင်းရန် အခက်ခဲဆုံး စမ်းသပ်မှုနှင့် ရင်ဆိုင်နေရပြီး၊ ထိုင်းစစ်တပ်နှင့် မြန်မာစစ်တပ်အကြား ဆက်ဆံရေး ဖြတ်တောက်ရေးလည်း ပါဝင်နေသည်ဟု ဝေဖန်သုံးသပ် ထားသည်။ 

ထို့အပြင် “ထိုင်းအစိုးရသည် ကောင်းမွန်ပြီး ရိုးသားသော အိမ်နီးချင်း” ဖြစ်ရမည်၊ ထိုင်းအစိုးရ၏ မူဝါဒများနှင့် ကြိုးပမ်းမှုအားလုံးသည် မြန်မာနိုင်ငံ ပြန်လည်ငြိမ်ချမ်းမှု ရရှိရေးအတွက်ပဲ ဖြစ်ရမည် ဟု ထိုင်းအစိုးရကို သတိ ပေးထားသည်။   

Show More

Related Articles

Back to top button