အတွေးအမြင်

ရိုဟင်ဂျာဒုက္ခသည်စခန်းများရဲ့ မီးဘေး သံသရာ

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဒုက္ခသည်စခန်းတွေ မကြာခဏ မီးလောင်နေတာကို ဟန့်တားကြရမှာ ဖြစ်သလို ဒုက္ခသည်ကို ပိတ်ပင်ထားတာတွေကိုလည်း ဖြေလျှော့ပေးဖို့ အရေးတကြီး လိုအပ်လာနေပါတယ်။

စခန်းထဲ မီးလောင်နေပြီ ဆိုတဲ့ ဗလီအသံချဲ့စက်က သတိပေးသံကြောင့် ကျွန်တော်တို့မိသားစု အလန့်တကြား နိုးလာကြတယ်။ ဇန်နဝါရီလ ၇ ရက်နေ့ ညသန်းခေါင်မှာပါ။ ကျွန်တော်တို့ ကြောက်လန့်ပြီး အပြင်ကို အမြန်ထွက်ပြေးကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒုက္ခသည်စခန်းမှာ လောင်နေတဲ့ မီးတောက်ကြီးကြောင့် မနက်မိုးလင်းနေသလားလို့တောင် ထင်မှတ်ရလောက်အောင်ပါပဲ။

စခန်း အမှတ် – ၅ ရဲ့ အနီးဝန်းကျင်မှာ လောင်နေတဲ့မီးက ကြောက်ဖို့ကောင်းလောက်အောင် ကျွန်တော်တို့နဲ့ ပိုနီးလာပြီး “ပြေးဖို့ ပြင်ဆင်ထားကြပါ” လို့ ဗလီဆရာ ကြေညာနေတာပါ။ ကျွန်တော်တို့ တစ်ညလုံးအိပ်မရတော့ဘဲ မောပန်းနွမ်းနယ်ပြီး ခိုကိုးရာမဲ့သလို ခံစားလိုက်ရပါတယ်။

မနက်ခင်း မီးလောင်ပြင် သွားကြည့်တော့ တော်တော်လောင်ကျွမ်းထားတာ တွေ့လိုက်ရပါတယ်။ စာသင်ကျောင်းတွေ၊ ဗလီတွေ၊ ဆေးပေးခန်းတွေ အပါအဝင် လူနေအိမ် ၉၀၀ နီးပါး ပျက်စီးဆုံးရှုံးတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ မီးဘေးကြောင့် အိမ်ထောင်စု ၈၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

ခြောက်သွေ့တဲ့ရာသီမျိုးတွေမှာ စခန်းတွေ မီးသင့်တတ်ပေမဲ့ ဒီနှစ် မီးဘေးအန္တရာယ်ကတော့ ကျွန်တော်ကြုံဖူးသလောက် အဆိုးရွားဆုံးပါပဲ။ မြန်မာနိုင်ငံမှာ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကနေ ထွက်ပြေးခဲ့ရပြီး ခြောက်နှစ်ကျော်အကြာ ကြုံလိုက်ရတဲ့ ဒီမီးဘေးက ကျွန်တော်တို့ အိမ်လိုဖြစ်နေတဲ့ ဒုက္ခသည်စခန်းထဲ နေထိုင်ရတဲ့ ဘဝအခြေအနေတွေ၊ ဝရုန်းသုန်းကားနဲ့ မငြိမ်မသက် ဖြစ်နေတာတွေကို သတိပေးလိုက်သလိုပါပဲ။

ငါတို့အိမ်တွေ မီးဘေးသင့်နေပြီ

ကျွန်တော်နဲ့ ကျွန်တော့်မိသားစုက ၂၀၁၇ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာတာ ခဏပဲ ခိုလှုံကြမှာလို့ ထင်ထားကြတာပါ။ အကြမ်းဖက်မှုတွေ လျော့ပါးသက်သာပြီးရင် လပိုင်းအတွင်း အိမ်ပြန်နိုင်မယ်လို့ ထင်ခဲ့ပါတယ်။ ဝါးလုံးတွေနဲ့ ပလတ်စတစ်အခင်းတွေနဲ့ပဲ ယာယီတဲတွေ ထိုးခဲ့တာပါ၊ တာရှည်ခံပြီး မီးလောင်ဒဏ်ခံနိုင်ရည်ရှိမယ့် ပစ္စည်းတွေ လိုမယ်လို့ ထင်မထားခဲ့မိပါဘူး။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအေဂျင်စီတွေက စခန်းတွေမှာ ယာယီတဲတွေပဲ ဆောက်ကြဖို့ စီစဉ်တာက ဒုက္ခသည်တွေ ရေရှည်နေထိုင်မှာကို တားဆီးဖို့ ရေးဆွဲထားတဲ့ တရားဝင်မူဝါဒတစ်ခုပါ။ ရလဒ်ကတော့ စခန်းအများစုက တဲအိမ်တွေကို မီးပွားလေးနဲ့တင် မီးလောင်ကျွမ်းနိုင်တဲ့၊ မီးလောင်လွယ်တဲ့ ပစ္စည်းတွေနဲ့ တည်ဆောက်ရခြင်းပါပဲ။

၂၀၁၇ ခုနှစ်ကစပြီး စခန်းတွေ အရွယ်အစား ကြီးလာပြီး လူနေထူထပ်လာပါတယ်။ ဥပမာ ကျွန်တော်ရဲ့ မိသားစုဆိုရင် ၂၀၁၇ ခုနှစ်မှာ ငါးယောက်ရှိရာကနေ အခု ဆယ်ယောက်အထိ ရှိလာပါပြီ။ အခု ကျွန်တော့်အစ်ကိုကြီး၊ သူ့ဇနီး၊ သားသမီးတွေနဲ့အတူ ကျွန်တော်တို့ဟာ နှစ်မီတာစီအတိုင်းအတာရှိတဲ့ နေရာငယ်လေးကို မျှဝေနေထိုင်ကြပါတယ်။

၂၀၀၆ ခုနှစ်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဒုက္ခသည်စခန်းတွင် တွေ့ရသော ရိုဟင်ဂျာများ (ဓာတ်ပုံ – Myanmar Now)

ပိုဆိုးလာတာက စခန်းနယ်နိမိတ်တွေကို တိုးချဲ့ပြီး ဒုက္ခသည်တွေ လွတ်လွတ်လပ်လပ် သွားလာတာကို တားဆီးတဲ့  ခြံစည်းရိုးတွေ ၂၀၁၉ ခုနှစ် စက်တင်ဘာလကစပြီး ခတ်လိုက်တာပါပဲ။ အမိုးအကာအသစ်၊ တဲအသစ်တွေကို ကျန်ရှိနေတဲ့ မြေပေါ်မှာ ဆောက်လုပ်ထားတာကြောင့် မီးအမြန်ကူးလွယ်ပါတယ်၊ အသက်အိုးအိမ်၊ ဘဝတွေနဲ့ ပြည့်သိပ်ကျပ်ညှပ်နေတဲ့၊ ကြိုတင်သတိပေးချက်အနည်းငယ်မျှသာရှိတဲ့ ဒုက္ခသည်စခန်း ဖြစ်လာပါတယ်။

ပြန်လည်တည်ဆောက်ရာမှာ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ တာရှည်ခံ၊ မီးဒဏ်ခံနိုင်တဲ့ အမိုးအကာအသစ်များ ထောက်ပံ့ပေးတဲ့ အဓိကအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နိုင်ပါတယ်။ ဒါ့အပြင် စခန်းအတွင်း မီးဘေးအန္တရာယ် လျော့ကျသက်သာစေဖို့ ကြိုတင်ကာကွယ်မှုများကို  ပြုလုပ်ရပါမယ်။

ရှို့မီးများ

၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်မှာလည်း စခန်းထဲ မီးလောင်ပါတယ်။ သဘာဝဘေးကြောင့်ထက် အများစုက ရှို့မီးကြောင့်ဖြစ်တယ်လို့ ယူဆကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ စုံစမ်းစစ်ဆေးမှုတစ်ခုမှာ ဖော်ပြထားပါတယ်။

မကြာသေးမီနှစ်များအတွင်း ဒုက္ခသည်စခန်းတွေကို အာဏာနဲ့ ထိန်းချုပ်နိုင်ဖို့ လက်နက်ကိုင်တပ်ဖွဲ့များအကြား အပြိုင်အဆိုင်အကြမ်းဖက်မှုတွေ တိုးလာခဲ့တယ်။ သူတို့ရဲ့ ခြိမ်းခြောက်မှုနည်းလမ်းတွေထဲမှာ မီးရှို့မှု၊ ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပိုများလာတယ်။ ကျွန်တော်တို့ရဲ့ အမိုးအကာတွေကို တမင်ရည်ရွယ်ပြီး ဖျက်ဆီးကြတာက ရက်စက်ကြမ်းကြုတ်တဲ့၊ မဆင်ခြင်တဲ့ လုပ်ရပ်ဖြစ်ပြီး ကျွန်တော်တို့ နှစ်ရှည်လများ ဆက်တိုက်ခံစားခဲ့ရတဲ့ ဆုံးရှုံးမှုတွေအပေါ် ထပ်ပြီး ဝန်ပိသွားသလိုပါပဲ။

နောင်အနာဂတ်မှာ မီးလောင်ကျွမ်းမှုကို ကာကွယ်ဖို့နဲ့ ရပ်ရွာလုံခြုံရေးကောင်းဖို့ ရဲရဲတင်းတင်း လုပ်ဆောင်ရမှာပါ။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တို့က ရာဇဝတ်မှုတွေကို တားဆီးဖို့အတွက် တာဝန်ရှိတဲ့ ကုလသမဂ္ဂအေဂျင်စီများနဲ့အတူ ဒုက္ခသည်တွေရဲ့ အစီရင်ခံစာတွေကို အလေးအနက်ထား၊ အမှုတွေကို သမာသမတ်ကျကျ စုံစမ်းစစ်ဆေးရပါမယ်။ အဲ့ဒီထဲမှာ ကျူးလွန်သူတွေကို တာဝန်ခံမှု ထားရှိဖို့လည်း ပါဝင်ပါတယ်။ ရာဇဝတ်မှုတွေ များပြားတတ်တဲ့ ညဘက် လုံခြုံရေး ပိုမိုကောင်းမွန်လာစေဖို့အတွက် အာဏာပိုင်များက ချက်ချင်း အရေးယူဆောင်ရွက်ရမှာဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဒုက္ခသည်စခန်းတွင် တွေ့ရသော ရိုဟင်ဂျာမိသားစု တစ်စု (ဓာတ်ပုံ – Myanmar Now)

ငါတို့ဘဝတွေကို ပြန်တည်ဆောက်ကြမယ်

ကျွန်တော်တို့ ရိုဟင်ဂျာတွေက ခံနိုင်ရည်ရှိကြပါတယ်။ ရက်စက်ကြမ်းကြုတ်မှုများအကြားမှာ ကျွန်တော်တို့ရဲ့ဘဝတွေကို ပြန်လည်တည်ဆောက်ခဲ့ကြရတာပါ။ နှစ်သစ်မှာ ကျွန်တော်တို့ တွေ့ကြုံလိုက်ရတဲ့ ဧရာမမီးကြီးဆိုတာ ရှိခဲ့သော်ငြားလည်း ကျွန်တော်တို့တွေ ပြန်တည်ဆောက်ကြမှာပါ။

သို့သော်လည်းပဲ ဒါဟာ အလွန်အားစိုက်ကြိုးပမ်းဖို့လိုတဲ့ တာဝန်တစ်ခုဖြစ်ပါလိမ့်မယ်။ နိုင်ငံတကာအသိုက်အဝန်းကြားမှာ ရိုဟင်ဂျာများရဲ့ အကျပ်အတည်းအပေါ် စိတ်ပါဝင်စားမှု နည်းလာပါတယ်။ အလှူရှင်အစိုးရတွေက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအေဂျင်စီများရဲ့ ရန်ပုံငွေတွေကို ဖြတ်တောက်လာပါတယ်၊ ဒါကြောင့် စခန်းများအတွင်း အသက်ရှင်သန်ရပ်တည်ရေးအတွက် အဓိကသော့ချက်ဖြစ်တဲ့ စားနပ်ရိက္ခာ၊ သန့်ရှင်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ တခြားလိုအပ်ချက်များစွာ ထိခိုက်လာပါတယ်။

အဲ့ဒီအပြင် ဒုက္ခသည်တွေအပေါ် အိမ်ရှင်အာဏာပိုင်တွေက အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကန့်သတ်ချက်တွေ ချမှတ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကလည်း လျော့ပါးလာတဲ့ ကူညီကယ်ဆယ်မှုလေးအပေါ်ပဲ မှီခိုလာရပါတော့တယ်။

မီးဘေးသင့် လူငယ်အများအပြားက မလေးရှား၊ အင်ဒိုနီးရှားနှင့် အခြားနိုင်ငံတွေကို ရေလမ်းကနေ ခရီးသွားလာဖို့ အရဲစွန့်ကြပါလိမ့်မယ်။ ပိုကောင်းတဲ့ အခွင့်အလမ်းတွေ၊ အလုပ်အကိုင်တွေ ရဖို့ သွားကြတာပါ။ ဒါပေမဲ့လည်း သူတို့တွေ လူကုန်ကူးခံရတာ သို့မဟုတ် ပင်လယ်ထဲမှာ အသက်ဆုံးရှုံးရတွေ ဖြစ်ဖို့က ပိုများနေပါတယ်။

ကျွန်တော်တို့တွေကို  ကြင်နာပျူငှာမှု၊ ကရုဏာသက်မှုတွေ ပေးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဒုက္ခသည်စခန်းများရဲ့ အခက်အခဲတွေ အထူးသဖြင့် မီးဘေးအန္တရာယ်ကို ဆက်လက် ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ရိုဟင်ဂျာအသိုက်အဝန်းကို အသက်မွေးဝမ်းကျောင်းပြုခွင့်နဲ့ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်တို့ ပါဝင်တဲ့အခွင့်အရေးတွေကို ပေးအပ်ရမှာဖြစ်ပါတယ်။ အဲ့ဒီလို လုပ်ပေးမှပဲ ကျွန်တော်တို့ ရပ်တည်ရှင်သန်နိုင်မှာပါ၊ ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး၊ ကျွန်တော်တို့ရဲ့ ခံနိုင်ရည်အားတွေကို မြှင့်တင်ရေး ဆိုတဲ့ ခရီးဝေးကို ဆက်လက်သွားနိုင်မှာဖြစ်ပါတယ်။

(ကျော်မင်းထွန်းသည် မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းလာသော ရိုဟင်ဂျာလူငယ်တစ်ဦးဖြစ်သည်။ ၎င်းသည် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော စစ်ကောင်စီ၏ လူမျိုးသုဉ်းသတ်ဖြတ်မှု နောက်ဆုံးလှိုင်းမှ လွတ်မြောက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ လက်ရှိတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ကိုင်နေပြီး လူ့အခွင့်အရေးကာကွယ်သူတစ်ဦးလည်းဖြစ်သည်။)

Show More

Related Articles

Back to top button