သတင်း

အင်ဒိုနီးရှားသို့ သွားသည့် ရိုဟင်ဂျာစက်လှေ နစ်မြုပ်၊ ၁၁ ဦး သေဆုံး

ရိုဟင်ဂျာစက်လှေတစ်စီး အင်ဒိုနီးရှား အနောက်ဘက်ကမ်းရိုးတန်းတွင် တိမ်းမှောက်ခဲ့ရာ ၁၁ ဦး၏ အလောင်းများကို ရှာဖွေတွေ့ရသည်ဟု အင်ဒိုနီးရှားအာဏာပိုင်များက ပြောသည်။

လူပေါင်း ၁၅၀ ခန့်တင်ဆောင်လာသည့် ရိုဟင်ဂျာစက်လှေတစ်စီး အင်ဒိုနီးရှားအနောက်ဘက်စွန်း ကမ်းရိုးတန်းတွင် ပြီးခဲ့သည့်အပတ် တိမ်းမှောက်သွားပြီးနောက် ၁၁ ဦး၏ အလောင်းများကို ရှာဖွေတွေ့ရသည်ဟု အင်ဒိုနီးရှားအာဏာပိုင်များက ယမန်နေ့ (မတ် ၂၅) တွင် ပြောသည်။

ဒေသတွင်းရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်း အကြီးအကဲ Muhammad Fathur Rachman က ရုပ်အလောင်းများကို ကမ်းစပ်မှရေမိုင် ၁၄ မိုင် (၂၆ ကီလိုမီတာ) အကွာ ပင်လယ်ပြင်တွင် တွေ့ရသည်ဟု AFP သတင်းဌာနသို့ ပြောသည်။

“အခု နောက်ထပ် ရုပ်အလောင်း ၆ လောင်းကို ရွှေ့ပြောင်းပေးထားပါတယ်၊ သူတို့အားလုံးက အမျိုးသမီးတွေပါ” ဟု သူက ပြောသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) မှ တာဝန်ရှိသူများကလည်း ရုပ်အလောင်း ၅  လောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ယမန်နေ့ အစောပိုင်းတွင် ပြောဆိုထားသည်။

လှေမနစ်မီ ရက်သတ္တပတ်များအတွင်း ပင်လယ်ပြင်တွင် မျောပါနေသော ရိုဟင်ဂျာ ၆၉ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်ဟု အင်ဒိုနီးရှား အာဏာပိုင်များက မတ်လ ၂၁ ရက်နေ့တွင် ပြောဆိုသည်။ အချို့မှာ တိမ်းမှောက်သွားသည့် စက်လှေကိုယ်ထည်တွင် တွယ်ကပ်ကာ အသက်ရှင်ရန် ကြိုးပမ်းနေသည်ကိုတွေ့ရသည်၊ ၆ ဦးကို အင်ဒိုနီးရှားတံငါသည်များက ကယ်တင်နိုင်ခဲ့သည်ဟု ဆိုသည်။

ပျောက်ဆုံးနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို သောကြာနေ့တွင် ရှာဖွေမှု ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

ရိုဟင်ဂျာများသည် မြန်မာနိုင်ငံတွင် အပြင်းအထန် နှိပ်စက်ညှဉ်းပန်းခံရပြီး မလေးရှား သို့မဟုတ် အင်ဒိုနီးရှားနိုင်ငံသို့ ရေကြောင်းခရီးဖြင့် သွားရောက်ရန် နှစ်စဉ် ကြိုးစားရာတွင် အသက်အန္တရာယ်နှင့် ကြုံရလေ့ရှိသည်။

မလေးရှားနိုင်ငံသို့ ထွက်ခွာရန် ကြိုးစားသည့် ရိုဟင်ဂျာ ၁၁၇ ဦး မွန်ပြည်နယ်အတွင်း ရှိနေစဉ် ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်နေ့တွင် စစ်တပ်က ဖမ်းဆီးခဲ့သေးသည်။ မြန်မာ-ထိုင်းနယ်စပ် သံဖြူဇရပ်မြို့အနီးရှိ ဝါခရုရွာတွင် ကုန်တင်ကားနှစ်စီးပေါ်ရှိနေစဉ် ဖမ်းဆီးခံခြင်း ဖြစ်သည်ဟု ရဲသတင်းရင်းမြစ်ကို ကိုးကားပြီး AFP က ရေးသားသည်။ ထိုစဉ်က ဖမ်းဆီးခံခဲ့ရသူများတွင် အမျိုးသမီး ၅၈ ယောက်နှင့် အမျိုးသား ၅၉ ယောက် ပါဝင်သည်။

 ၂၀၂၃ ဩဂုတ်က မလေးရှားနိုင်ငံသို့ ထွက်ခွာမည့် ရိုဟင်ဂျာစက်လှေတစ်စီး စစ်တွေမြစ်အတွင်း တိမ်းမှောက်သွားခဲ့ရာ အနည်းဆုံး ၁၇ ဦး သေဆုံးခဲ့ပြီး ၃၀ ကျော် ပျောက်ဆုံးခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ နောက်ဆုံးပတ်ကလည်း အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ကမ်းရိုးတန်းအနီး ချဉ်းကပ်လာသည့် ရိုဟင်ဂျာ ဒုက္ခသည်လှေတစ်စီးကို အင်ဒိုနီးရှားရေတပ်က နိုင်ငံတကာရေပိုင်နက်သို့ ပြန်မောင်းထုတ်ခဲ့သည်။

ရိုဟင်ဂျာတို့ အားကိုးတကြီး သွားရောက်ကြသည့် အင်ဒိုနီးရှားတွင် ၎င်းတို့ကို လက်မခံမှု၊ ရန်ပြုမှုများ မကြာသေးမီလများအတွင်း ပေါ်ပေါက်လာသည်။

၂၀၂၃ ဒီဇင်ဘာ လကုန်ပိုင်းတွင် ရာနှင့်ချီသော အာချေးဒေသခံတို့က ရိုဟင်ဂျာဒုက္ခသည် ၁၃၇ ဦး ရှိနေသည့် အာချေးပြည်နယ် မြို့တော်ရှိ ဌာနဆိုင်ရာ ခန်းမဆောင်ကို သွားရောက် ရန်ပြုခဲ့ကြသေးသည်။

အင်ဒိုနီးရှားသည် လူသားဆန်သည့်နိုင်ငံဖြစ်သော်လည်း အမုန်းတရားအခြေခံ သွေးထိုးလှုံ့ဆော်မှုကြောင့် ထိုဖြစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်နိုင်သည်ဟု NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ပြောခဲ့ဖူးသည်။

“တစ်ချိန်က ရိုဟင်ဂျာတွေကို လူသားဆန်မှုအပြည့်အဝနဲ့ လက်ခံခဲ့တဲ့ အာချေဒေသခံ ပြည်သူတချို့က ရိုဟင်ဂျာတွေကို လက်ခံချင်စိတ်ပပျောက်ပြီး အခုလို အမုန်းတရားအပြည့်နဲ့ နှင်ထုတ်လိုတဲ့အထိ စိတ်နေသဘောထားပြောင်းလာပုံက သွေးရိုးသားရိုးမဟုတ်ဘူး” ဟု သူက ပြောသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလလယ်မှ ၂၀၂၄ ဇန်နဝါရီလနှောင်းပိုင်းအထိ အင်ဒိုနီးရှားနိုင်ငံ အာချေးနှင့် မြောက်ဆူမားတြားပြည်နယ်များသို့ တိမ်းရှောင်လာကြသည့် အမျိုးသမီးများနှင့် ကလေးအများစုပါဝင်သော ရိုဟင်ဂျာဒုက္ခသည် ၁၇၅၂ ဦး ရှိကြောင်း UNHCR က ထုတ်ပြန်ထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် မီးလောင်ခြင်းကဲ့သို့သော အခြေအနေဆိုးများကြုံရခြင်း၊ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းတို့ကြောင့် ရိုဟင်ဂျာတို့သည် ၂၀၁၅ ခုနှစ်နောက်ပိုင်း မွတ်စလင်အများစုနေထိုင်ရာ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံအတွင်းသို့ အများဆုံး ဝင်ရောက်လာကြသည်ဟုလည်း UNHCR က ဆိုသည်။

Show More

Related Articles

Back to top button