
မလေးရှားနိုင်ငံသို့ ထွက်ခွာသည့် ရိုဟင်ဂျာစက်လှေတစ်စီး ပြီးခဲ့သည့်ရက်ပိုင်းက စစ်တွေမြစ်အတွင်း တိမ်းမှောက်သွားခဲ့ရာ ယနေ့အချိန်ထိ ၁၇ လောင်း ရှာဖွေတွေ့ရှိထားပြီး ပျောက်ဆုံးနေသူ ၃၀ ခန့်ရှိသည်ဟု သိရသည်။
ရိုဟင်ဂျာ ၅၅ ဦး လိုက်ပါလာသော ထိုစက်လှေသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အနောက်ပြင်ကျေးရွာမှ ဩဂုတ် ၆ ညနေတွင် ထွက်ခွာလာပြီး နောက်တစ်နေ့တွင် စစ်တွေမြို့၊ ပွိုင့်ကမ်းခြေအနီး လှိုင်းဒဏ်ကြောင့် တိမ်းမှောက်သွားခဲ့သည်။
ယင်းနေ့တွင် အသက်ရှင်သူ ၈ ဦးနှင့် ရုပ်အလောင်း ၂ ခုကို ပွိုင့်ကမ်းခြေအနီးရှိ ရိုဟင်ဂျာစက်လှေသမားများက စတင်တွေ့ရှိခဲ့သည်။
စစ်တွေမြို့နယ်အတွင်း ကမ်းခြေများတွင် ထိုစက်လှေမှ အသက်ရှင်ကျန်ရစ်သူကို မတွေ့ရသေးဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းဥက္ကဋ္ဌ ကိုမင်းထည်ဝါက ယနေ့ ပြောသည်။
“လက်ရှိအချိန်ထိ အလောင်း ၁၇ လောင်း တွေ့ထားတယ်။ ယောကျ်ား ၁၀ ယောက်နဲ့ မိန်းမ ၇ ယောက်ပါ။ သဲချောင်း၊ ဗေဒါရွာတို့၊ ဘာဆာရာရွာကမ်းစပ်တွေက တွေ့တာပါ။ အသက်တွေကိုတော့ ခန့်မှန်းလို့ မရတော့ဘူး။ ခန္ဓာကိုယ်တွေ ပုပ်ပွသွားပြီ ” ဟု ကိုမင်းထည်ဝါက ဆိုသည်။
စစ်တွေမြို့အခြေစိုက် ထိုဖောင်ဒေးရှင်းသည် ရုပ်အလောင်းများကို တွေ့ရှိသည့်နေရာများမှ သယ်ယူကာ ဆေးရုံသို့ ပို့ဆောင်ပေးနေခြင်းဖြစ်သည်။
အသက်ရှင်ကျန်ရစ်သူ အမျိုးသား ၈ ဦးကို ရဲတပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားသည်ဟု သိရသည်။
ထိုသို့ တွေ့ရှိထားကြောင်း သြဂုတ် ၇ က စစ်ကောင်စီအာဘော် ရခိုင်နေ့စဉ်က ထုတ်ပြန်ခဲ့ရာ ထိုသူများကို အမှုဖွင့် အရေးယူဖွယ်ရှိသည်ဟု ဒေသခံတို့က ယူဆနေသည်။
အဆိုပါရိုဟင်ဂျာများသည် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များမှ ဖြစ်ကြပြီး စားဝတ်နေရေးကျပ်တည်းမှုကြောင့် မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ကြပြီး အနောက်ပြင်ကျေးရွာတွင် စုရပ်အဖြစ် သတ်မှတ်ကာ ထွက်ခွာလာကြခြင်းဖြစ်သည်ဟု အသက်ရှင်ကျန်ရစ်သူများ၏ ပြောပြချက်ကို ကိုးကားကာ ဘာဆာရာကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
ထိုစက်လှေတွင် အမျိုးသမီး ၁၂ ဦးနှင့် အမျိုးသား ၄၃ ဦး ပါဝင်ပြီး အသက် ၁၇ နှစ်နှင့်အထက် ဖြစ်ကြသည်ဟု ၎င်းက ဆိုသည်။
“သူတို့ကို မလေးရှားကို သွားဖို့အတွက် ပွဲစားတွေက ခေါ်တာပါ။ တစ်ယောက်အတွက် သိန်း ၁၂၀ ပေးရတယ်လို့ ပြောတယ်။ အသက်ရှင်လိုက်သူတွေကို ကမ်းခြေပေါ်မှာ စစ်ဆေးပါတယ်။ ဘယ်လို လာတာလဲ.. ပွဲစားနဲ့လာတာတဲ့။ ပွဲစားကို ဘယ်လောက်ပေးရလဲဆိုတော့ ၁၂၀ ပေးရတယ်လို့ ပြောတယ်” ဟု ၎င်းက ဆက်ပြောသည်။
ပွဲခ ကျပ်သိန်း ၁၂၀ စီ ပေးရသည် ဆိုသည့် အချက်နှင့် ပတ်သက်ပြီး Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ရခိုင်ပြည်နယ်တွင် ဇူလိုင် ၃၁ မှစတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ မြစ်ရေ၊ ချောင်းရေ မြင့်တက်လာမှုကြောင့် ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ တောင်ကုတ်၊ သံတွဲမြို့နယ်တို့ရှိ ကျေးရွာအများအပြားကို ရေလွှမ်းမိုးမှုများရှိခဲ့ပြီး မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ငါးဖမ်းစက်လှေသမားများပင် မြစ်ပင်လယ်ထွက်ပြီး ငါးဖမ်းရန် မဝံ့ရဲကြပေ။
ထိုသို့ ရာသီဥတုအခြေအနေမကောင်းသည့်ကြားမှ အလုပ်အကိုင်ရှားပါးမှုကြောင့် ခက်ခဲပင်ပန်းစွာ နေထိုင်နေရသည့် ရိုဟင်ဂျာများသည် မလေးရှားသို့ သွားရောက်ကာ အလုပ်အကိုင်ရှာဖွေရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၂ ခု က ရိုဟင်ဂျာနှင့် ရခိုင်ကြား လူမျိုးရေးပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ရိုဟင်ဂျာများသည် လွတ်လပ်စွာသွားလာခွင့် ပျောက်ဆုံးကာ ရခိုင်ပြည်ပြင်ပသို့ သွားရောက်ရန် ကြိုးပမ်းလျှင် ချက်ချင်း ဖမ်းဆီး၊ အမှုဖွင့်၊ ထောင်ချခံရပြီး ထောင်မှ ပြန်လွတ်လျှင်လည်း ရခိုင်ဒေသသို့ ပြန်အပို့ခံရသည်။
ပြီးခဲ့သည့် မေ ၁၄ ကလည်း ရခိုင်ပြည်နယ်သို့ ဦးတည်ဝင်ရောက်တိုက်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာ ၁၁၇ ဦး သေဆုံးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)