သတင်း

ရိုဟင်ဂျာစက်လှေ စစ်တွေတွင် တိမ်းမှောက်၊ ၃ ဦး သေပြီး ၄၀ နီးပါး ပျောက်ဆုံး

မလေးရှားနိုင်ငံသွားရန် ထွက်ခွာလာသည်ဟု ယူဆရသည့် ရိုဟင်ဂျာစက်လှေတစ်စီး ယမန်နေ့ (သြဂုတ် ၇) တွင် စစ်တွေမြို့ ပွိင့်ကမ်းခြေအနီး တိမ်းမှောက်ခဲ့ရာ ခရီးသည် ၃ ဦး သေဆုံး၊ ၄၀ နီးပါး ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။ 

လူဦးရေ ၅၀ ခန့် လိုက်လာသည့် အဆိုပါစက်လှေ လှိုင်းဒဏ်ကြောင့် တိမ်းမှောက်သွားပြီးနောက် ယင်းနေ့ ညနေ ၄ နာရီကျော်ခန့်တွင် စစ်တွေမြို့နယ်၊ ဘာဆာရာကျေးရွာအနီး ကမ်းခြေ၌ အမျိုးသမီးရုပ်အလောင်း နှစ်ခု၊ အသက်ရှင်သူ ၈ ဦးတို့ကို ဒေသခံ ငါးဖမ်းလှေသမားများက တွေ့ရှိခဲ့ကြသည်။

နောက်တစ်နေ့ (သြဂုတ် ၈) နံနက်တွင်လည်း ၁၈ နှစ်အရွယ် ရိုဟင်ဂျာမိန်းကလေးတစ်ဦး၏ အလောင်းကို စစ်တွေမြို့၊ သဲချောင်းကျေးရွာမှ ရိုဟင်ဂျာငါးဖမ်းစက်လှေသမားများက တွေ့ရှိခဲ့ကြသည်။

ရုပ်အလောင်းများကို ရဲတပ်ဖွဲ့ဝင်များက စစ်တွေဆေးရုံကြီးသို့ သယ်ယူသွားပြီး အသက်ရှင်ကျန်ရစ်သူများကိုလည်း ခေါ်ဆောင်သွားသည်ဟု ဘာဆာရာရွာအနီး ဘုမေ အကွက် ၁၀ (ဆီတာရွာ) မှ ဒေသခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“မနေ့က ဘာဆာရာက ငါးဖမ်းသမားတွေ အသက်ရှင်လိုက်တဲ့သူတွေကို တွေ့တယ်။ တခြားငါးဖမ်းသမားတွေကိုပါ ခေါ်ပြီး ကယ်လာတယ်။ အလောင်းနှစ်လောင်းကိုလည်း ယူလာတယ်။ အလောင်းကိုတော့ ရဲတွေက ဆေးရုံကို ယူသွားတယ်။ အသက်ရှင်လိုက်သူတွေကိုလည်း ခေါ်သွားတယ်။ ဘယ်ကို ခေါ်သွားမှန်းတော့ မသိပါဘူး” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ယနေ့တွေ့ရှိသည့် ရိုဟင်ဂျာမိန်းကလေးငယ်၏ အလောင်းကိုလည်း ရဲများက လာယူသွားသည်ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

လက်ရှိတွင် လှေတိမ်းမှောက်ကာ ပျောက်ဆုံးနေသည့် ခရီးသည် ၄၀ နီးပါးခန့်ကို စစ်ကောင်စီ လက်အောက်ခံ ရဲနှင့် မီးသတ်များက ရှာဖွေခြင်းမရှိသလို ဒေသခံများကလည်း စစ်ကောင်စီရန် ကြောက်ရွံ့သဖြင့် မရှာဖွေရဲကြကြောင်း ဘာဆာရာကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသူများသည် မလေးရှားနိုင်ငံသို့ သွားရောက်ရန်အတွက် ရသေ့တောင်မြို့နယ်၊ အနောက်ပြင်ကျေးရွာမှ ထွက်ခွာလာခြင်းဖြစ်သည်ဟု အသက်ရှင်ကျန်ရစ်သူများကို ကိုးကား၍ ပြည်နယ်စစ်ကောင်စီ၏ ရခိုင်နေ့စဉ် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ပိုမိုသိနိုင်ရန် ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

Myanmar Now က ဆက်သွယ်ခဲ့သည့် ဒေသခံတချို့ကလည်း ခရီးသည်များမှာ ရသေ့တောင်မြို့နယ်မှ ဖြစ်ပြီး စားဝတ်နေရေးအခက်အခဲကြောင့် မလေးရှားသို့ ထွက်ခွာလာခြင်းဖြစ်ကြောင်း ပြောထားသည်။

စစ်တွေ၊ ပွိုင့်ကမ်းခြေအနီး စက်လှေတိမ်းမှောက်ရာတွင် အသက်ရှင်ကျန်သူ ရိုဟင်ဂျာအမျိုးသား ၈ ဦးကို သြဂုတ် ၇ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ – ရခိုင်နေ့စဉ်)

ရခိုင်ပြည်နယ်တွင် သြဂုတ် ၁ မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းနေပြီး လေပြင်းတိုက်ခတ်နေသောကြောင့် ငါးဖမ်းစက်လှေသမားအများစု ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ရန် မဝံ့ရဲကြပေ။

ပြည်နယ်မြောက်ပိုင်း ကျောက်တော်၊ မြောက်ဦး၊ မောင်တော၊ ဘူးသီးတောင်၊ မင်းပြား စသည့် ၆ မြို့နယ်ရှိ ကျေးရွာပေါင်း ၈၀ ကျော်လည်း ရေလွှမ်းနေသည်။

ထိုသို့ ရာသီဥတု ဆိုးရွားနေသည့် အခြေအနေတွင် ကန့်သတ်ခွဲခြားမှုနှင့် ဆက်လက် ရင်ဆိုင်နေရသော ရိုဟင်ဂျာများက မလေးရှားနိုင်ငံသို့ သက်စွန့်ဆံဖျားသွားရောက်ရန် ကြိုးပမ်းစဉ် စက်လှေတိမ်းမှောက်ခြင်း ဖြစ်သည်ဟု ဘာဆာရာကျေးရွာမှ အထက်ပါ ဒေသခံက ဆိုသည်။

“ဒီမှာက သွားရေးလာရေး အခက်အခဲရှိတော့ အလုပ်အကိုင်လည်း အဆင်မပြေကြဘူး။ အဲဒါကြောင့် ဖြစ်ချင်ရာဖြစ်ဆိုပြီး အသက်စွန့်ပြီး သွားကြတဲ့သဘောပါ” ဟု သူက ပြောသည်။

ရိုဟင်ဂျာများ ပင်လယ်ခရီးကို ဖြတ်ပြီး မလေးရှားနိုင်ငံဘက်သို့ တရားမဝင် စွန့်စားသွားရောက်သည့် စက်လှေခရီးစဉ်များတွင် လိုက်ပါသည့် ခရီးသည်အရေအတွက်မှာ ရာဂဏန်းအထိ ရှိခဲ့ဖူးသည်။ လမ်းတွင် ရာသီဥတုဒဏ်၊ အစားအစာပြတ်လပ်မှု၊ စက်ချို့ယွင်းမှု စသည့် အခက်အခဲများနှင့် ရင်ဆိုင်ရသဖြင့် ယခင်ကလည်း ခရီးသည်တချို့ ပင်လယ်ပြင်တွင်ပင် အသက်သေဆုံးခဲ့ဖူးသည်။ စက်လှေတချို့မှာ လမ်းတွင် မြန်မာရေတပ်၊ ထိုင်းရေတပ်တို့၏ ဖမ်းဆီးမှုနှင့် ရင်ဆိုင်ရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က စစ်တွေမြို့၌  ရိုဟင်ဂျာနှင့် ရခိုင်လူမျိုးများအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ရိုဟင်ဂျာများသည် လွတ်လပ်စွာသွားလာခွင့် ပိုမိုဆုံးရှုံးခဲ့သည်၊ ပြည်နယ်ပြင်ပသို့ သွားရောက်ရန် ကြိုးပမ်းသူများ လမ်းတွင် ဖမ်းဆီးထောင်ချခံရပြီး ရခိုင်ဒေသသို့ ပြန်ပို့ခံရသည်။

အဆိုပါပဋိပက္ခအပြီး ပေါ်ပေါက်လာသော စစ်တွေမြို့နယ်အတွင်း ဒုက္ခသည်စခန်းများတွင် ရိုဟင်ဂျာများ နေထိုင်ရပြီး စခန်းပြင်ပသို့ သွားလာခွင့်ပါ ကန့်သတ်ခံခဲ့ရသည်။

၂၀၁၇ တွင် စစ်တပ်က ရိုဟင်ဂျာများကို သတ်ဖြတ်ရာမှ ရိုဟင်ဂျာသိန်းချီ နယ်စပ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရသည်။

စစ်တွေမြို့နယ်ရှိ ရိုဟင်ဂျာစခန်းတချို့တွင် ပြင်ပသို့ သွားလာခွင့် ပြုလိုက်သော်လည်း ကန့်သတ်မှုများကြောင့် အလုပ်လုပ်ကိုင်ခွင့် မရကြသေးပေ။

မေ ၁၄ တွင်လည်း ရခိုင်ပြည်နယ်သို့ ဦးတည်ဝင်ရောက်တိုက်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာ ၁၁၇ ဦး သေဆုံးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button