စီးပွားရေး

စစ်ရှုံးနေချိန် စစ်ကောင်စီက တရုတ်ရင်းနှီးမြှုပ်နှံမှု ကျောက်ဖြူစီမံကိန်းကို အရေးပေးလာ

စီမံကိန်းကို အမြန်ဆုံးစတင်သွားမည်ဟု စစ်ကောင်စီက ဆိုသော်လည်း နောက်ဆက်တွဲ စာချုပ်၌ မည်သည့်အချက်များပါဝင်သည်ကို စစ်ကောင်စီက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ရှမ်းမြောက်ဒေသတွင် ဆက်တိုက်အရေးနိမ့်နေချိန် နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်၌ပါ စစ်မျက်နှာဖွင့်နေရသည့် စစ်ကောင်စီက တရုတ်ရင်းနှီးမြှုပ်နှံမှု ကျောက်ဖြူစီမံကိန်းအကြောင်း အထူးအရေးပေးလာသည်။ 

မြန်မာနိုင်ငံရှိ တရုတ်အကျိုးစီးပွားများအနက် အရေးပါဆုံးသော ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် နောက်ဆက်တွဲစာချုပ်ကို တရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီနှင့် လက်မှတ်ရေးထိုးလိုက်သည်ဟု စစ်ကောင်စီက ဒီဇင်ဘာ ၂၆ တွင် သတင်းထုတ်ပြန်သည်။

တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တိုက်ပွဲများပြင်းထန်နေချိန် ကျောက်ဖြူစီမံကိန်း နောက်ဆက်တွဲစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည်ဟု စစ်ကောင်စီက လွန်ခဲ့သည့်လအတွင်း သတင်းထုတ်ပြန်ခဲ့သည်။ ရှမ်းမြောက်တွင် ရုပ်ပျက်ဆင်းပျက်အရေးနိမ့်လာသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ပြေငြိမ်းရန် တရုတ်ကြားဝင်ဖြင့် ကြိုးပမ်းခဲ့သော်လည်း နှစ်ကြိမ်စလုံး မအောင်မမြင်ဖြစ်ပြီးနောက် နိုင်ငံတော်အဆင့်အခမ်းအနားဖြင့် လက်မှတ်ရေးထိုးကြောင်း ကြေညာခြင်းလည်းဖြစ်သည်။

စီမံကိန်းကို အမြန်ဆုံးစတင်အကောင်အထည်ဖော်ရန် နှစ်ဖက်ပူးပေါင်းဆောင်ရွက်နေသည်ဟု စစ်ကောင်စီက ဆိုသော်လည်း အစိုးရအဆက်ဆက် ဦးစားပေးဖြစ်ခဲ့သော တရုတ်စီမံကိန်းနှင့် ပတ်သက်၍ နောက်ဆက်တွဲစာချုပ်၌ မည်သည့်အချက်များ ဖြည့်စွက်သည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

စစ်ကောင်စီတာဝန်ရှိသူ ဘာပြောသလဲ 

အာဏာသိမ်းပြီးနောက် သုံးနှစ်ပြည့်လုချိန်တွင် တရုတ်နိုင်ငံပိုင်ကုမ္ပဏီနှင့် ထပ်မံလက်မှတ်ရေးထိုးလိုက်သည့် ကျောက်ဖြူစီမံကိန်း ဖြည့်စွက်ချက်တွင် မူလသဘောတူစာချုပ်ပါ အချက်အလက်များ အပြောင်းအလဲမရှိဟု Myanmar Now က ဆက်သွယ်မေးမြန်းစဉ် စစ်ကောင်စီတာဝန်ရှိသူက ပြောသည်။

“မပြင်ပါဘူး၊ လိုအပ်တာတွေ ထပ်ဖြည့်တာပါ။ စီမံကိန်းကို ပြင်ဆင်စရာတွေပြီးရင် ဆောလျင်စွာ စတင်သွားမှာဖြစ်ပါတယ်” ဟု စစ်ကောင်စီ၏ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဖြစ်သူ ဦးအောင်နိုင်ဦးက ဆိုသည်။

စစ်ကောင်စီလက်ထက်တွင် ဝန်ကြီးသုံးခုတိုင် ပြောင်းရွှေ့ခံရသူ ဦးအောင်နိုင်ဦးမှာ ယခင်အစိုးရလက်ထက်များတွင် အရေးပါသော စီမံကိန်းများတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့သူဖြစ်သည်။ အာဏာသိမ်းပြီးစတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ထို့နောက် စီးပွားကူးသန်းဝန်ကြီးအဖြစ် ပြောင်းရွှေ့ခံရကာ လက်ရှိတွင် အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ရောက်ရှိနေသူဖြစ်သည်။

ကျောက်ဖြူစီမံကိန်းနှင့်ပတ်သက်၍ ထပ်မံဖြည့်စွက်သည့်အချက်များမှာ မူလစာချုပ်အတိုင်း လျှို့ဝှက်ထားရမည့်အကြောင်းအရာများဖြစ်သဖြင့် ထုတ်ပြောလို့မရဟုလည်း ဦးအောင်နိုင်ဦးက ဆိုသည်။

တရုတ်ကုမ္ပဏီဘက်က ၇၀ ရာခိုင်နှုန်း၊ မြန်မာဘက်က ၃၀ ရာခိုင်နှုန်းဖြင့် ကျောက်ဖြူစီမံကိန်းသဘောတူစာချုပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ မူလက တရုတ်ဘက်က ၈၅ ရာခိုင်နှုန်း၊ မြန်မာဘက်က ၁၅ ရာခိုင်နှုန်းဖြင့် ဦးသိန်းစိန်လက်ထက်တွင် သဘောတူထားသည်ကို ပြင်ဆင်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတာဝန်ရှိသူ ဦးအောင်နိုင်ဦး၏ အတည်ပြုချက်အရ နောက်ဆက်တွဲစာချုပ် ချုပ်ဆိုသော်လည်း တရုတ် ၇၀ ရာခိုင်နှုန်း၊ မြန်မာ ၃၀ ရာခိုင်နှုန်း အပြောင်းအလဲမရှိဟု ဆိုသည်။

ကျောက်ဖြူစီမံကိန်းနှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ်ကတည်းက ပြန်လည်သုံးသပ်ခဲ့ကာ ယခုနှစ်ဆန်းတွင် CITIC ကုမ္ပဏီနှင့် စတင်ညှိနှိုင်းခဲ့ကြောင်း၊ နောက်ဆက်တွဲစာချုပ်အတွက် တရုတ်ဘက်က တောင်းဆိုခြင်းမဟုတ်ဘဲ မြန်မာဘက်က တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ရေးသားဖော်ပြသည်။

“မူလစာချုပ်ပါ အချက်တွေထဲ မရှင်းမလင်းဖြစ်နေတဲ့အချက်အချို့ကို နှစ်ဦးနှစ်ဖက် လက်ခံနိုင်ဖို့ ရှင်းရှင်းလင်းလင်းဖြစ်အောင် ဖြည့်စွက်တာပါ။ ရှမ်းမြောက်ဖြစ်စဉ်တွေကြောင့် ကောက်ကာငင်ကာ ဖြည့်စွက်ချုပ်ဆိုတဲ့ စာချုပ်မဟုတ်ပါ” 

ဒေသခံများတောင်းဆိုဟု လေသံပစ်

တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့်အပြင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များမီးလောင်ပျက်စီးခြင်း၊ ထိခိုက်သေဆုံးခြင်းနှင့် ဖမ်းဆီးခံရခြင်းများကို ရခိုင်လူထု နေ့စဉ်ကြုံတွေ့နေရသော်လည်း ကျောက်ဖြူစီမံကိန်းအမြန်စတင်ရန် ဒေသခံများက တောင်းဆိုသည်ဟု စစ်ကောင်စီက လေသံပစ်သည်။

“ကျောက်ဖြူဒေသခံတွေက စီမံကိန်းကို မြန်မြန်စစေချင်တဲ့ ဆန္ဒရှိကြပါတယ်။ ဒေသခံပြည်သူတွေက စီမံကိန်းနဲ့ပတ်သက်ရင် လိုလိုလားလားရှိတယ်။ မြန်မြန်စတင်နိုင်ဖို့ တိုက်တွန်းတောင်းဆိုတာတွေရှိကြောင်း ပြောလိုပါတယ်” ဟု ဒီဇင်ဘာ ၂၆ ရက်နေ့က လက်မှတ်ရေးထိုးပွဲအပြီး ထပ်ဆင့်ရှင်းလင်းစဉ် ဦးအောင်နိုင်ဦးက ထည့်သွင်းပြောဆိုခဲ့သည်။

လက်တွေ့၌မူ တရုတ်စီမံကိန်းများရှိရာ ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲကျွန်းပေါ်တွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲစဖြစ်နေပြီး စစ်ကောင်စီက ကျောက်ဖြူတစ်ဝိုက်ရှိ ဆိပ်ကမ်းနှင့် ကမ်းခြေများကို အဝင်အထွက်ပိတ်ဆို့ထားကာ ဒေသခံများကိုလည်း ဖမ်းဆီးလျက်ရှိသည်။

တရုတ်-မြန်မာသဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်ရာ ရမ်းဗြဲကျွန်းအလယ်ပိုင်းရှိ ရမ်းဗြဲမြို့ပေါ်တွင် ယခုလ ၁၈ ရက်နေ့က AA နှင့် တိုက်ပွဲစဖြစ်ပြီးနောက် စစ်ကောင်စီက ဒေသန္တရအမိန့်များ ဆက်လက် ထုတ်ပြန်ကာ ကုန်းလမ်းရေလမ်း အဝင်အထွက်များကို ပိတ်ဆို့ထားသည်။

ရခိုင်ပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲစဖြစ်ပြီးနောက် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ထားသည့်အပြင် AA နှင့်ပတ်သက်သည်ဟူသော သံယယဖြင့် ဒေသခံများကိုလည်း ဖမ်းဆီးလျက်ရှိသည်။ ယခုလလယ်ပိုင်းအထိ လက်လုပ်လက်စားဈေးသည်များ အပါအဝင် ကျောက်ဖြူဒေသခံ ၃၀ ထက်မနည်း အဖမ်းခံထားရပြီး ထပ်မံဖမ်းဆီးခံရသူများလည်းရှိသည်။

ရမ်းဗြဲကျွန်းမြောက်ဘက်ပိုင်း ကျောက်ဖြူမြို့အနီး မဒေးကျွန်းပေါ်တွင် တရုတ်နိုင်ငံ၏ ရေနံစိမ်းအတင်အချ ဆိပ်ကမ်းရှိပြီး တရုတ်-မြန်မာရေနံစိမ်းပိုက်လိုင်း စတင်ဖြတ်သန်းရာလည်း ဖြစ်သည်။ ကျောက်ဖြူမြို့ အနီးဝန်းကျင်တွင် ပင်လယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုစီမံကိန်းများ ပါဝင်သည့် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မည်ဖြစ်သည်။

အောက်တိုဘာလကုန်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့က “၁၀၂၇” စစ်ဆင်ရေးစတင်ပြီးနောက် စစ်ကောင်စီဘက်က စစ်စခန်းအမြောက်အမြားနှင့် နယ်စပ်တစ်လျှောက်အရေးပါသော မြို့များကို လက်လွတ်ဆုံးရှုံးခဲ့သည်။

အလားတူပင် ရခိုင်ပြည်နယ်တွင်လည်း AA ကတိုက်ပွဲများ စတင်ဖော်ဆောင်ခဲ့သည်။ ရခိုင်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းရှိ ဗျူဟာအဆင့် စစ်တပ်စခန်းကြီးနှစ်ခုအပါအဝင် ရာနှင့်ချီသော စစ်ကောင်စီလက်အောက်ခံ စခန်းများကို သိမ်းပိုက်နိုင်သည်ဟု AA က ကြေညာထားသည်။

လက်ရှိတွင် စစ်တွေမြို့အနီးရှိ ပေါက်တောနှင့် ပြည်နယ်မြောက်ပိုင်းရှိ မြောက်ဦးတို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ တပ်များဖြင့် အင်အားသုံးတိုက်ခိုက်လျက် ရှိသည်။

လက်နက်ကိုင် ပဋိပက္ခပြင်းထန်နေသဖြင့် ဒေသခံများ ကစင့်ကလျားထွက်ပြေးနေရသော်လည်း ကျောက်ဖြူစီမံကိန်းနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ရေးလုပ်ငန်းများ ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကာ စီမံကိန်းကို မြန်မြန်စတင်အကောင်အထည်ဖော်ရေး နှစ်ဖက်ပူးပေါင်း ဆောင်ရွက်နေသည်ဟု အာဏာသိမ်းစစ်တပ်က ဆိုသည်။

သို့သော် လက်ရှိအခြေအနေအရ ကျောက်ဖြူစီမံကိန်းကို လာမည့် ၂၀၂၄ ခုနှစ်အတွင်း အကောင်အထည်ဖော်ရန် မဖြစ်နိုင်ကြောင်း၊ ၂၀၂၅ ခုနှစ်မှသာ ဆောင်ရွက်နိုင်မည့်အခြေအနေရှိကြောင်း တရုတ်ကုမ္ပဏီများနှင့် နီးစပ်သည့် ပြည်တွင်းရှိ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

တရုတ်ဘက်က အသံတိတ်နေ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲပြင်းထန်နေချိန် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူစီမံကိန်းကို အဆောတလျင် စတင်သွားမည်ဟု စစ်ကောင်စီဘက်က ကြွေးကြော်နေသော်လည်း စီမံကိန်း၏ အဓိကရင်းနှီးမြှုပ်နှံသူဖြစ်သော CITIC ကုမ္ပဏီက တစ်စုံတစ်ရာထုတ်ပြန်ခြင်း မရှိပေ။

ထို့အတူ ကျောက်ဖြူစီမံကိန်းနှင့်ပတ်သက်၍ တရုတ်အစိုးရကလည်း အသံတိတ်နေသည်။

နေပြည်တော်၌ ပြုလုပ်ခဲ့သော ကျောက်ဖြူစီမံကိန်း နောက်ဆက်တွဲစာချုပ် လက်မှတ်ထိုးပွဲတွင် စစ်ကောင်စီဘက်က ဒုဝန်ကြီးချုပ်ဦးဆောင်ကာ ဝန်ကြီးအများအပြား တက်ရောက်ခဲ့သော်လည်း တရုတ်အစိုးရကိုယ်စားပြုအနေဖြင့် သံရုံးယာယီတာဝန်ခံသာ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

စာချုပ်လက်မှတ်ရေးထိုးအပြီး ထပ်ဆင့်ရှင်းလင်းစဉ် ကျောက်ဖြူစီမံကိန်းနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က အကျယ်တဝင့်ပြောဆိုသော်လည်း ရေနက်ဆိပ်ကမ်းကုမ္ပဏီ၏ ဒါရိုက်တာဖြစ်သူ Liang Chuanxin က သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အကျိုးသက်ရောက်မှုကို ဆန်းစစ်ရန် အတိုင်ပင်ခံကုမ္ပဏီ ခန့်အပ်ထားသည်ဟုသာ ဆိုပြီး အခြားပြောဆိုခြင်း မရှိပေ။

ကျောက်ဖြူစီမံကိန်း နောက်ဆက်တွဲစာချုပ်နှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိ CITIC ကုမ္ပဏီကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်ဖြေကြားခြင်း မရှိပေ။ CITIC Group ကုမ္ပဏီရုံးချုပ်ကို အီးမေးဖြင့် ဆက်သွယ်ရာ၌ လက်တလော ထုတ်ပြန်ပြောဆိုနိုင်ခြင်း မရှိဟု ဒါရိုက်တာတစ်ဦးဖြစ်သူ Evonne Xiao က ဖြေကြားသည်။

ပါဝင်ရင်းနှီးမြှုပ်နှံမည့် မြန်မာကုမ္ပဏီအစုအဖွဲ့ မသိရသေး

ကျောက်ဖြူစီမံကိန်းကို အမြန်ဆုံးစတင်မည်ဟု စစ်ကောင်စီက ဆိုသော်လည်း တရုတ်ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်မည့် မြန်မာကိုယ်စားပြုကုမ္ပဏီအစုအဖွဲ့နှင့်ပတ်သက်၍ မရေမရာဖြစ်နေသည်။ ဒေါ်လာ ၅ သန်း ထည့်ဝင်နိုင်မည့် နိုင်ငံသားပိုင်ကုမ္ပဏီများကို နိုဝင်ဘာလဆန်းပိုင်းကတည်းက ဖိတ်ခေါ်ထားသော်လည်း လက်ရှိအချိန်ထိ အဖြေမထွက်သေးပေ။

“လျှောက်လွှာတွေကို လက်ခံနေပါတယ်။​ လျှောက်လွှာတွေ နောက်ဆုံးတင်ရမယ့်ရက်က ဒီဇင်ဘာ ၂၉ (မနက်ဖြန်) နေ့ဖြစ်တယ်။ အခုကတော့ လျှောက်လွှာဝယ်ပြီး တင်တဲ့ကုမ္ပဏီတွေက တင်နေကြပါတယ်။ တချို့လည်း တင်ဖို့ ပြင်ဆင်နေကြဆဲ ဖြစ်ပါတယ်” ဟု စစ်ကောင်စီဝန်ကြီး ဦးအောင်နိုင်ဦးက ဆိုသည်။

အရည်အချင်းနှင့်ကိုက်ညီသည့် မြန်မာကုမ္ပဏီ ဘယ်နှစ်ခုပါသည်ကို ဇန်နဝါရီလကုန်ပိုင်းတွင် ထုတ်ပြန်ပေးသွားမည်ဟုလည်း ဦးအောင်နိုင်ဦးက ဆိုသည်။

ကျောက်ဖြူစီမံကိန်းတွင် ပါဝင်ရင်းနှီးမြှုပ်နှံမည့် မြန်မာကုမ္ပဏီများအနေဖြင့် အချက် ၉ ချက်နှင့် ကိုက်ညီရမည်ဟု စစ်ကောင်စီက ကြေညာထားသည်။ သတ်မှတ်ချက်များအနက် သုံးနှစ်အတွင်း ပျမ်းမျှ ဒေါ်လာသန်း ၂၀ ဝင်ငွေရှိမည်ဆိုသော အချက်လည်း ပါဝင်နေသည်။

ဒေါ်လာ ၅ သန်း ထည့်ဝင်ရမည်ဆိုသော အချက်ကြောင့် လုပ်ငန်းရှင်အများစု မသိချင်ယောင်ဆောင်ကာ ရှောင်ထွက်နေကြသည်ဟု စီးပွားရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

မျက်နှာသစ်ဗိုလ်ချုပ်တစ်ဦး ဦးဆောင်မည် 

အာဏာသိမ်းပြီးစတွင် စစ်ကောင်စီက ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကို စိတ်ကြိုက်ပြန်လည်ဖွဲ့စည်းခဲ့ကာ ဥက္ကဋ္ဌအဖြစ် ရဲမှူးချုပ်ဟောင်း ဦးမြင့်သိန်းကို ခန့်အပ်ခဲ့သည်။ လွန်ခဲ့သည့် နှစ်တွင် ကျောက်ဖြူစီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ ဆန်းစစ်ခြင်း (EIA) လုပ် ကိုင်ရန် လုပ်ပိုင်ခွင့်ချထားပေးရာ၌ ဦးမြင့်သိန်းနှင့် နီးစပ်သည့် လုပ်ငန်းရှင်တစ်ဦး ရရှိခဲ့သည်

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး အာဏာသိမ်းဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် အောက်တိုဘာလအတွင်း အစည်းအဝေးထိုင်ခဲ့ပြီးနောက် စီမံခန့်ခွဲမှုကော်မတီကိုလည်း ပြင်ဆင်ဖွဲ့စည်းခံ့သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်စွဲဖြင့် စစ်ကောင်စီက နောက်တစ်ကြိမ်ပြန်ဖွဲ့ခဲ့သော ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတွင် ဥက္ကဋ္ဌအဖြစ် နေရာပေးခံရသူမှာ ဦးကျော်ရွှေထွန်းဆိုသူ ဖြစ်သည်။ ကျောက်ဖြူစီမံကိန်းကော်မတီဥက္ကဋ္ဌမဖြစ်မီ ငါးရက်အလိုတွင် စီးပွားကူးသန်းဝန်ကြီးဌာန၌ ထူးထူးဆန်းဆန်းရာထူးဖြင့် တာဝန်ပေးခံရသူဖြစ်သည်။

စီးပွားကူးသန်းဝန်ကြီးဌာန၌ အထူးအရာရှိအဖြစ် ပူးတွဲတာဝန်ထမ်းဆောင်စေရန် ရေတပ်မှ ဗိုလ်ချုပ်ကျော်ရွှေထွန်းကို ခန့်အပ်ကြောင်း စစ်ကောင်စီက နိုဝင်ဘာ ၁၅ တွင် ထုတ်ပြန်ခဲ့သည်။

ကာကွယ်ရေးတက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဗိုလ်ချုပ်ကျော်ရွှေထွန်းကို ယခုနှစ် မတ်လအတွင်း စစ်ကောင်စီက တနင်္သာရီတိုင်းအခြေစိုက် တောင်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးအဖြစ် ပြောင်းရွှေ့ခဲ့ကာ ထိုမှတစ်ဆင့် စီးပွားကူးသန်းဝန်ကြီးဌာန အထူးအရာရှိဖြစ်လာခြင်းပင်။

ဒီဇင်ဘာ ၂၆ ရက်နေ့က နေပြည်တော်၌ ကျောက်ဖြူစီမံကိန်းနောက်ဆက်တွဲ စာချုပ်လက်မှတ်ထိုးပွဲ၌ စစ်ကောင်စီကိုယ်စားပြုအနေဖြင့် ဦးကျော်ရွှေထွန်းတဖြစ်လဲ ရေတပ်ဗိုလ်ချုပ်ဟောင်းက လက်မှတ်ရေးထိုးခဲ့သည်ကို တွေ့ရသည်။

နိုင်ငံအနှံ့ တိုက်ပွဲအဆက်မပြတ်ဖြစ်နေပြီး စစ်ရေးအရ ဆက်တိုက်အရှုံးပြနေချိန်တွင် စစ်ကောင်စီက ကျောက်ဖြူစီမံကိန်းအကြောင်း ကောက်ကာငင်ကာ ထုတ်ပြလာခြင်းမှာ တရုတ်ကို မျက်နှာလုပ်ရန်သာ ဖြစ်သည်ဟု တရုတ်ကုမ္ပဏီကြီးတစ်ခုတွင် အကြံပေးပညာရှင်အဖြစ် လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

“နိုင်ငံရေးမှာ တိုက်ဆိုင်တာမရှိဘူး။ နောက်ကွယ်မှာ ဖုံးဖိထားတဲ့ အစီအစဉ်တွေရှိပြီးသား။ ဒါကြီးက တိုက်ဆိုင်တာမဟုတ်ဘူး။​ ဒီလိုအခမ်းအနားနဲ့ လုပ်ပြတယ်ဆိုတာ တရုတ်ရဲ့အသိအမှတ်ပြုတာကို လိုချင်လို့ပဲ။ ခဲတစ်လုံးနဲ့ ငှက်သုံးကောင် ပစ်တာပေါ့ဗျာ”

Show More

Related Articles

Back to top button