သတင်း

ကျောက်ဖြူတွင် ရွေးကောက်ပွဲဝင် NLD ကိုယ်စားလှယ်တစ်ဦး အဖမ်းခံရ

၂၀၁၅ နှင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲများတွင် NLD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ဖူးသူ ဦးဇော်ဝင်းမြင့်ကို ရဲများက နေအိမ်၌ လာရောက်ဖမ်းဆီးကာ ကျောက်ဖြူမြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့တွင် ၂၀၁၅ နှင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲများ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ဖူးသူ ကိုယ်စားလှယ်လောင်းကို စစ်ကောင်စီက ဖမ်းဆီးထားသည်။

အသက် ၆၃ နှစ်အရွယ် ဦးဇော်ဝင်းမြင့်ကို ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်ကွက်ရှိ နေအိမ်၌ ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ရဲများက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ကျောက်ဖြူမြို့ခံများက ပြောသည်။

ဦးဇော်ဝင်းမြင့်သည်၂၀၁၅ ရွေးကောက်ပွဲတွင် ၎င်း၏ဇာတိမြို့ အမ်းမြို့နယ်မှနေ၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ယှဉ်ပြိုင်ခဲ့ပြီး နှစ်ကြိမ်စလုံးတွင် အနိုင်မရခဲ့ဟု သိရသည်။

လက်ရှိတွင် ဦးဇော်ဝင်းမြင့်ကို ကျောက်ဖြူမြို့မရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟုသာ သိရပြီး  မည်သည့်အတွက် ဖမ်းဆီးသည်ကို မသိရသေးပေ။

၂၀၂၁ အာဏာသိမ်းပြီးစအချိန်တွင် စစ်ကောင်စီကို ကန့်ကွက်သည့်စာများ Facebook လူမှုကွန်ရက်တွင် ရေးတင်ခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် မိသားစုနှင့်အတူ အေးချမ်းစွာ နေထိုင်နေသူဖြစ်သည်ဟု နီးစပ်သူများက ဆိုသည်။

“အခုလို အေးဆေးနေတဲ့ အချိန်ကျမှ ဖမ်းဆီးခံရတာဖြစ်တယ်။ NLD ကို ​ထောက်ခံရင် NUG နဲ့ ဆက်စပ်တယ်ဆိုပြီး အကြောင်းပြ ဖမ်းဆီးတရားစွဲတာပါပဲ။ AA ကို ထောက်ခံရင် မတရားအသင်းပုဒ်မနဲ့  စွဲမယ်…ဒါပဲ ” ဟု ကိုယ်တိုင် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။

တရုတ်စီမံကိန်းများရှိသော ကျောက်ဖြူမြိုကို နိုဝင်ဘာ ၁၉ မှစ၍ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်း ပိတ်ထားကာ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေရာ ဒေသခံ ၃၀ ထက်မနည်း အဖမ်းခံထားရသည်ဟု သိရသည်။

“စစ်ကောင်စီက အခုဆိုရင် ကျောက်ဖြူကို ပိတ်ဆို့ထားပြီး ဘယ်သူမဆို အကြောင်းပြချက်မရှိ ဖမ်းဆီးနေတာပါပဲ။ ဘယ်သူမှ မလုံခြုံဘူး။ နိုင်ငံရေးသမားတွေ မဆိုထားနဲ့ ရပ်ရွာမှာ လူမှုရေးလုပ်တဲ့လူတွေတောင် ဖမ်းဆီးခံနေရတာ။ အခုဆိုရင် AA သံသယနဲ့ အဖမ်းခံရတာ မနည်းဘူး” ဟု အထက်ပါ ကျောက်ဖြူမြို့ခံ အမျိုးသားက ဆိုသည်။

ဖမ်းဆီးခံရသူများထဲတွင် ကျောက်ဖြူမြို့ပေါ်သို့ ဟင်းသီးဟင်းရွက်လာရောင်းသည့် ဈေးသည်များနှင့် အလုပ်လာလုပ်သူများလည်း ပါဝင်ပြီး အချိန်မရွေး၊ လူမရွေး ဖမ်းဆီးနေသည်ဟု သိရသည်။

ဒီဇင်ဘာ ၁၇ တွင် ကျောက်ဖြူမြို့နယ် ဂုံးချွိန်ကျေးရွာမှ ဈေးသည် ၆ ဦး၊ ကျောက်တလုံးကယ်ဆယ်ရေးစခန်းမှ ဒေသခံများအပါအဝင် ၁၃ ဦး စုစုပေါင်း ၁၉ ဦးကို ကျောက်ဖြူလေယာဉ်ကွင်းအနီး စစ်တပ်က ဖမ်းဆီးခဲ့သည်။

ဒီဇင်ဘာ ၁၉ တွင်လည်း ဟင်းသီးဟင်းရွက်ရောင်းချရန် လာသည့် ဈေးသည် ၆ ဦးကို ကျောက်ဖြူလေယာဉ်ကွင်းအနီး ကင်းလှည့်နေသည့် စစ်သားများနှင့် ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့သည်။

ကျောက်ဖြူမြို့နယ်နှင့် ထိစပ်နေသော ပင်လယ်နှင့် မြစ်ကမ်းတစ်လျှောက် ကျေးရွာ၊ ရပ်ကွက်များတွင် အဝင်အထွက်နှင့် ငါးဖမ်းဆီးခွင့်ကို ဒီဇင်ဘာ ၁၉ တွင် ဒေသန္တရာအမိန့်ထုတ်ကာ စစ်ကောင်စီက ပိတ်ပင်ခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း တစ်ကျော့ပြန်တိုက်ပွဲစဖြစ်ချိန် နိုဝင်ဘာလအတွင်းက အမိန့်ကို နှစ်လသက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက ထိုသို့ပိတ်ဆို့တားသည့်အတွက် ရေလုပ်ငန်းလုပ်ကိုင်သူများ၊ ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်သူများအပါအဝင် အိမ်ထောင်စု ထောင်နှင့်ချီ အငတ်ဘေးဆိုက်နေသည်ဟု ကျောက်ဖြူမြို့ခံတို့က ဆိုသည်။

“စားဖို့ ဆန်မရှိလို့ နီးစပ်ရာက လာတောင်းပြီး စားနေရသူတွေ များလာတယ်။ လူတွေက တစ်ယောက်ကိုတစ်ယောက် မကယ်နိုင်ဖြစ်လာကြတယ်။ တတ်နိုင်တဲ့သူတွေက နေ့စဉ် လေယာဉ်နဲ့ မြို့က ထွက်သွားနေကြပြီ” ဟု ကျောက်ဖြူမြို့ခံ နောက်တစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့တောင်ဘက် ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့တွင် ဒီဇင်ဘာ ၁၈ မှ စတင်၍ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်တပ်တို့ တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေ တန်ပြန်ထိုးစစ်နေ၍ မြို့လုံးကျွတ်နီးပါး ထွက်ပြေးနေရသည်။

အလားတူ ပြည်နယ်မြို့တော် စစ်တွေမြို့အရှေ့မြောက်ဘက် ပေါက်တောမြို့တွင်လည်း တိုက်ပွဲဖြစ်နေရာ မြို့ထက်ဝက်နီးပါး မီးလောင်ကျွမ်းထားသည်။

ကျောက်ဖြူမြို့တွင် စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ) ၅၄၂ ဗျူဟာကုန်း၊ ငလပွေ့ရပ်ကွက်၊ အစိုးရနည်းပညာကောလိပ် (GTC) တောင်ကုန်းတို့တွင် စစ်တပ်က အထိုင်ချထားပြီး မြို့တွင်းနှင့် အနီးဝန်းကျင်ကို ပစ်ခတ်နေသည်ဟု သိရသည်။

ယမန်နေ့ ည ၇ နာရီ ၄၀ မိနစ်ခန့်တွင် ခမရ (၅၄၂) တပ်ရင်းက လက်နက်ကြီးဖြင့် ၁၁ ကြိမ်၊ င/လပွေ့ ရပ်ကွက်၌ စခန်းချထားသော ခမရ (၃၄) တပ်ရင်းက ည ၈ နာရီခန့်တွင် လက်နက်ငယ်များဖြင့် ၈ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့က ယနေ့ထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော် (AA) အခြေစိုက်လှုပ်ရှားသည့် ရမ်းဗြဲ၊ တောင်ကုတ်၊ အမ်းနှင့် ပေါက်တောမြို့တို့တွင် စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေပြီး ရခိုင်တောင်ပိုင်း ရမ်းဗြဲမြို့နှင့် အနီးအနား‌‌ ကျေးရွာများ၊ ကျောက်ဖြူ၊ မာန်အောင်၊ သံတွဲ၊ တောင်ကုတ်နှင့် ဂွ စသည့် မြို့များတွင်လည်း စစ်ရေးပြင်ဆင်မှုများလုပ်နေကာ အဓမ္မဖမ်းဆီးခြင်းများ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာသည်ဟု မဟာမိတ်ညီနောင်သုံးဖွဲ့က ဆိုသည်။

Show More

Related Articles

Back to top button