တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများရှိရာ ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲကျွန်းပေါ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲစဖြစ်ပြီးနောက် စစ်ကောင်စီက ကျောက်ဖြူမြို့နယ်တစ်ဝိုက်ရှိ ကမ်းခြေနှင့် ဆိပ်ကမ်းများကို ပိတ်ဆို့နေသည်ဟု သိရသည်။
စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဒေသန္တရအမိန့်ထုတ်ပြန်ပြီး ရမ်းဗြဲကျွန်းမြောက်ဘက်ပိုင်း ကျောက်ဖြူမြို့နယ်အတွင်းရှိ ကမ်းခြေနှင့် ဆိပ်ကမ်းများ၌ အဝင်အထွက်ပိတ်ဆို့မှုကို နှစ်လထပ်တိုးလိုက်သည်။
ကျောက်ဖြူမြို့နှင့် ထိစပ်နေသော ကမ်းခြေများနှင့် သံဇစ်မြစ်အတွင်းရှိ ကမ်းခြေဒေသများ အပါအဝင် ထိုဒေသတစ်ဝိုက်ရှိ ရေပြင်နယ်နိမိတ်များအတွင်း ငါးဖမ်းခြင်း၊ စက်လှေရပ်နားခြင်း၊ ဖြတ်သန်းသွားလာခြင်းများကို အမိန့်တစ်စုံတစ်ရာမရှိဘဲ ၂၄ နာရီပတ်လုံး မပြုရဟု ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလကုန်ပိုင်းက စတင်ခဲ့သော “၁၀၂၇” စစ်ဆင်ရေးအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက စစ်ကောင်စီလက်အောက်ခံ စခန်းများကိုသာမက အချက်အချာကျမြို့များကို ထိန်းချုပ်သိမ်းပိုက်လာပြီးနောက် ရခိုင်ပြည်နယ်တွင်လည်း တိုက်ပွဲများ ဆက်တိုက် ဖြစ်လာသည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ ဗျူဟာအဆင့်စခန်းကြီးနှစ်ခုအပြင် စစ်စခန်းပေါင်း ၁၀၀ ကျော်ကို AA ကသိမ်းပိုက်ထားကာ ရခိုင်ပြည်နယ်မြောက်ပိုင်းသာမက ပြည်နယ်မြောက်ပိုင်းတွင်ပါ တိုက်ပွဲများဖြစ်နေသည်။
တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်ရာ ရမ်းဗြဲကျွန်းရှိ ရမ်းဗြဲမြို့ပေါ်တွင် ယခုလ ၁၈ ရက်နေ့က AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲများစတင်ဖြစ်ခဲ့သည်။ ရမ်းဗြဲကျွန်းမြောက်ဘက်ပိုင်း ကျောက်ဖြူမြို့အနီး မဒေးကျွန်းပေါ်တွင် တရုတ်နိုင်ငံ၏ ရေနံစိမ်းအတင်အချဆိပ်ကမ်းရှိပြီး တရုတ်- မြန်မာ ရေနံစိမ်းပိုက်လိုင်း စတင်ဖြတ်သန်းရာနေရာလည်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံများအနက် အကြီးမားဆုံးဖြစ်သော ရေနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများရှိ ရခိုင်ပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲစဖြစ်လာပြီးနောက် စစ်ကောင်စီက ဆိပ်ကမ်းနှင့် ကမ်းခြေများကို ထပ်မံပိတ်ဆို့နေခြင်းဖြစ်သည်။
ယမန်နေ့တွင် စစ်ကောင်စီထွေအုပ်က ထပ်မံထုတ်ပြန်သည့် ဒေသန္တရအမိန့်အရ ၂၄ နာရီပတ်လုံး အဝင်အထွက်ပိတ်ဆို့မည် နေရာများတွင် လိပ်ခမော်ကျေးရွာအုပ်စု၊ ဂုံးချွိန်ကျေးရွာအုပ်စု၊ နတ်ကျောက်ကမ်းခြေ၊ ဆိတ်ကျွန်း၊ သာဿနာ ၂၅၀၀ ကမ်းခြေတို့ရှိ ဆိပ်ကမ်းများ ပါဝင်သည်ဟု သိရသည်။
ထို့ပြင် စေတီရပ်ကွက်၊ အစိုးရရပ်ကွက်၊ သန်ပန်ချောင်းရပ်ကွက်၊ မြစ်နားတန်းရပ်ကွက်၊ ကုလားပိုက်ဆိပ်ရပ်ကွက်၊ ပြင်ဖြူမော်ရပ်ကွက်၊ ကညင်တောရပ်ကွက်၊ ငလပွေ့ရပ်ကွက်၊ အုန်းချောင်း/ငလပွေ့ချောင်း နှင့် စိုင်ခြုံကျေးရွာအုပ်စု၊ အောင်စေတီရွာ၊ ကပ်သပြေကျေးရွာအုပ်စု၊ ကန္ဒီးကျေးရွာအုပ်စု စသည့် နေရာများလည်း ပါဝင်သည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန်တိုက်ပွဲစဖြစ်သည့် နိုဝင်ဘာ ၁၃ ရက်နေ့ကတည်းက ကျောက်ဖြူမြို့နယ်အတွင်း ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်ကာ ယမန်နေ့ထုတ်ပြန်သည့် စစ်ကောင်စီ၏ ဒေသန္တရအမိန့်အရ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၉ အထိ ဆက်လက်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
ရေကြောင်းသွားလာရေးကိုသာ အဓိကအားကိုးအားထားပြုနေရသည့် ရမ်းဗြဲကျွန်းဒေသတွင် စစ်ကောင်စီ ရေတပ်စခန်းရှိနေသည့်အပြင် အခြားဒေသများမှလာသည့် တပ်များလည်း တပ်စွဲနေရာချထားသည်ဟု သိရသည်။
စစ်ကောင်စီက ကမ်းခြေနှင့် ဆိပ်ကမ်းများကို ပိတ်ပင်သည်သာမက ကျောက်ဖြူမြို့ပေါ်သို့ ဟင်းသီးဟင်းရွက်လာရောင်းသည့် ဈေးသည်များကိုပါမချန် ဒေသခံများကို ဖမ်းဆီးနေကြောင်း၊ စက်လှေများကို ပစ်ခတ်နေကြောင်းလည်း သိရသည်။
အာဏာသိမ်းစစ်တပ်သည် ရခိုင်ဒေသအတွင်း ကုန်စည်နှင့် ဆေးဝါးများ တစ်နေရာမှတစ်နေရာ ပို့ဆောင်မရနိုင်စေရန်နှင့် ပြည်သူများ အငတ်ဘေးဆိုက်အောင် မြို့ရွာများကို ပိတ်ဆို့နေခြင်းဖြစ်သည်ဟု AA က ယမန်နေ့တွင် ထုတ်ပြန်သည်။
ထို့ပြင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ စစ်ကောင်စီထုတ်ပြန်ချက်မှာ စစ်ရေးအရ မယှဉ်နိုင်ချိန် နိုင်ငံရေးညစ်လုံးသုံးကာ တိုက်ခိုက်ခြင်းဖြစ်သည်ဟုလည်း AA ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြသည်။
ယခုလဆန်းပိုင်းက ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းတွင် ငွေကျပ် ၅၀ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ရာတွင် AA တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်နေသည်ဟု စစ်ကောင်စီက ဒီဇင်ဘာ ၁၈ တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့အနေဖြင့် မူးယစ်ဆေးဝါးကိစ္စနှင့် လုံးဝပတ်သက်မှုမရှိကြောင်း၊ စစ်ကောင်စီကသာ ကျားဖျင် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူများကို လက်ခံထားကာ ဝေစုခွဲယူနေပြီး မူးယစ်ဆေးဝါးလုပ်ငန်းတွင် စစ်ဘက်ဆိုင်ရာအရာရှိကြီးများကိုယ်တိုင် ပါဝင်ပတ်သက်နေကြောင်း AA က တုံ့ပြန်သည်။