သတင်း

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် EIA လုပ်ပိုင်ခွင့် စစ်တပ်နှင့် နီးစပ်သူ ရ

မြန်မာနိုင်ငံတွင် အကြီးမားဆုံး တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) အကောင်အထည်ဖော်ရန် အာဏာသိမ်းစစ်တပ်က စီမံခန့်ခွဲမှုကော်မတီကို စိတ်ကြိုက်ပြန်ဖွဲ့ခဲ့သည်သာမက ယခုအခါ ဦးသိန်းစိန်လက်ထက်က တင်ဒါရွေးချယ်ရေး အဖွဲ့ဝင်ဟောင်းတစ်ဦးကို စီမံကိန်းဆိုင်ရာ လုပ်ငန်းတစ်ခု လုပ်ပိုင်ခွင့် ပေးလိုက်သည်။

တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရရှိစေမည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သော ရေနက်ဆိပ်ကမ်းစီမံကိန်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) လုပ်ရန် Myanmar Survey Research (MSR) Consortium အမည်ရ ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးလိုက်ခြင်းဖြစ်သည်။​

ထိုကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်လှိုင်သည် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်က ကျောက်ဖြူ SEZ စီမံကိန်း တင်ဒါရွေးချယ်ရေးကော်မတီဝင်ဟောင်းဖြစ်သည်။ ၎င်းနည်းတူ အခြားကော်မတီအဖွဲ့ဝင်ဟောင်းတစ်ဦးမှာ ရဲမှူးချုပ်ဟောင်း ဦးမြင့်သိန်းဖြစ်သည်။

ဦးမြင့်သိန်းမှာ စစ်ကောင်စီ စိတ်ကြိုက်ပြန်ဖွဲ့ခဲ့သော ကျောက်ဖြူ SEZ စီမံခန့်ခွဲမှုကော်မတီ၏ ဥက္ကဋ္ဌဖြစ်လာပြီးနောက် ၎င်းနှင့် ရင်းနှီးကျွမ်းဝင်သော ဦးကျော်လှိုင်ပိုင် MSR ကုမ္ပဏီကို စီမံကိန်းအတွက် EIA လုပ်ငန်း လုပ်ကိုင်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ ကျောက်ဖြူ SEZ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းမှာ ရဲမှူးချုပ်ဟောင်းသာမက ဦးသိန်းစိန်လက်ထက်တွင် အလုပ်သမားနှင့် လူမှုဖူလုံရေး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနတို့တွင် ဒုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဦးကျော်လှိုင်ပိုင် MSR ကုမ္ပဏီရုံးချုပ်မှာ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်ဘူတာကြီးတွင် ဖွင့်လှစ်ထားသည်။ စစ်ကောင်စီလက်ထက်တွင် ကျောက်ဖြူစီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ငန်းအတွက် ကုမ္ပဏီမည်မျှ တင်ဒါယှဉ်ပြိုင်ခဲ့သည်ကိုမူ မသိရပေ။

စီမံကိန်း စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် ရင်းနှီးကျွမ်းဝင်သူ လုပ်ပိုင်ခွင့်ရရှိခြင်းမှာ အကျိုးစီးပွားဆက်နွှယ်မှုများ ရှိနေသည်ဟု ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများကို စောင့်ကြည့်လေ့လာ သုတေသနပြုလုပ်သည့် Center for Peace and Development အမှုဆောင်ဒါရိုက်တာ ဦးထွန်းကြည်က ပြောသည်။ 

“နိုင်ငံရေးအရ ပြန်ကြည့်ရင်တော့ အကျိုးစီးပွားဆက်နွှယ်မှုက အားကြီးတယ်။ အာဏာသိမ်းလိုက်တာလည်း ဒီအတိုင်းပဲ။ စစ်တပ်ရဲ့အကျိုးစီးပွားအပေါ်မှာ အခြေခံပြီးတော့ အာဏာသိမ်းတယ်ဆိုတာ လေ့လာသူတိုင်း သိတဲ့ အခြေအနေပေါ့” ဟု ၎င်းက ဆိုသည်။

MSR ကုမ္ပဏီသည် ဂျပန်စီးပွားရေးလုပ်ငန်းများအတွက် ဈေးကွက်သုတေသနအများဆုံးပြုလုပ်ပေးခဲ့သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းများတွင် အတွေ့အကြုံ မရှိကြောင်းလည်း ဦးထွန်းကြည်က ဆိုသည်။

သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ငန်းအတွက် စစ်ကောင်စီက ယခုနှစ်ဆန်းပိုင်းတွင် တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ကာ အခြားကုမ္ပဏီများနှင့် ယှဉ်ပြိုင်ပြီးမှသာ လုပ်ပိုင်ခွင့်ရရှိခြင်းဖြစ်ကြောင်း MSR Consortium မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးကိုကိုစိုးလွင်သော်က Myanmar Now ကို ပြောသည်။ 

“ကျွန်တော်တို့က အဓိကကတော့ ဒေသခံတွေများတယ်လေ။ ဒီပရောဂျက်မှာက။ ဒေသခံအများအပြားပါလို့ ရွေးချယ်တာလို့ ယူဆတယ်။ CITIC (တရုတ်နိုင်ငံပိုင် ကော်ပိုရေးရှင်း ) ဘက်က ရွေးချယ်တာကတော့။ တင်ဒါပိုင်းဆိုင်ရာက အများနည်းတူပဲ ဝင်ရောက်ပြီး ယှဉ်ပြိုင်တယ်။ ပြီးတော့မှ အရွေးခံရတဲ့အနေအထားမျိုးပေါ့” ၎င်းက ဆိုသည်။ 

တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်သည့်ကုမ္ပဏီအရေအတွက် အတိအကျ မသိသော်လည်း MSR Consortium ကို ဩစတေးလျ၊ ဘရူနိုင်းတို့မှ ပညာရှင်များဖြင့် ဖွဲ့စည်းယှဉ်ပြိုင်ခဲ့ကာ ဆန်ခါတင် ကုမ္ပဏီ ၃ ခုအနက် နောက်ဆုံး အရွေးချယ်ခံရခြင်းဖြစ်ကြောင်း ဆိုသည်။ 

လက်ရှိတွင် MSR အ‌နေဖြင့် မြေပြင်အချက်အလက်ကောက်ယူခြင်း၊ လူထုနှင့် တွေ့ဆုံပွဲများပြုလုပ်ခြင်းတို့ ပြီးစီးသွားပြီဖြစ်ပြီး ကနဦးလေ့လာဆန်းစစ်ချက်ကို မကြာမီထုတ်ပြန်မည်ဖြစ်ကာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှု အသေးစိတ်အစီရင်ခံကို ၂၀၂၃ ဇူလိုင်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။ 

ထိုကိစ္စနှင့် ပတ်သက်ပြီး Center for Peace and Development အမှုဆောင်ဒါရိုက်တာ ဦးထွန်းကြည်ကမူ ကျောက်ဖြူစီမံကိန်း၏ EIA လုပ်ငန်းမှာ ရှုပ်ထွေးပြီး MSR အနေဖြင့် တက်သုတ်ရိုက် မြန်မြန်ဆန်ဆန်ဆောင်ရွက်နေသည်ဟု မှတ်ချက်ပြုသည်။

ထို့ပြင် စစ်တမ်းပြုလုပ်သည့် ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမည့် CITIC ကုမ္ပဏီကိုသာ တာဝန်ခံရခြင်းဖြစ်သလို တွေ့ရှိချက်များကိုလည်း စစ်ကောင်စီက ဖတ်ရှုအတည်ပြုခြင်းကြောင့် အောင်မြင်မည်ဟု မယုံကြည်ကြောင်း ၎င်းက ဆိုသည်။

“အာဏာက သိမ်းထားတဲ့အခြေအနေဖြစ်တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကလည်း အကုန်လုံးနီးပါးက ဒီနိုင်ငံကနေ ထွက်ခွာကြတယ်။ စစ်ကောင်စီအတွက် ဝင်ငွေက မရှိဘူး။ ဒီပရောဂျက်က ဒီ EIA က ဘယ်လိုမှ အောင်မြင်စရာ အကြောင်းမရှိဘူး” ဟု ၎င်းက ဝေဖန်သည်။ 

MSR ၏ အစီရင်ခံစာရေးဆွဲရာတွင် ကျောက်ဖြူစီမံကိန်းနှင့် ဆက်စပ်၍ ရှိနှင့်ပြီးသား ရေနံသိုလောင်ရုံ၊ ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းများကြောင့် ဖြစ်ပေါ်နေသည့် ရခိုင်ဒေသပတ်ဝန်းကျင် အကျိုးဆက်များကို ဖော်ပြမှု ရှိမရှိ စောင့်ကြည့်ရမည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ် အစရှိသည့် အထူးစီးပွားရေးဇုန် (SEZ) စီမံကိန်း သုံးခုရှိပြီး ကျောက်ဖြူ SEZ ကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ဒီဇင်ဘာတွင် ဦးကျော်လှိုင်နှင့် ဦးမြင့်သိန်းတို့ အဖွဲ့ဝင်အဖြစ် ပါဝင်သည့် တင်ဒါရွေးချယ်ရေးကော်မတီက တရုတ်ကုမ္ပဏီကို ရွေးချယ်ခဲ့သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းတွင် ရင်းနှီးတည်ဆောက်သူတင်ဒါဝင်ပြိုင်သည့် ကုမ္ပဏီ ၂၀ ခုအနက် တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရမတက်မီ ၂၀၁၅ နှစ်ကုန်တွင် တက်သုတ်ရိုက် ချပေးခဲ့သည်။

ထိုစီမံကိန်းအရ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ မာန်အောင်မြို့နယ်တို့တွင် ရေနက်ဆိပ်ကမ်း၊ စက်မှုလက်မှုနှင့် အဆင့်မြင့် အိမ်ရာစီမံကိန်းများ တည်ဆောက်သွားမည်ဖြစ်သည်။

ကျောက်ဖြူစီမံကိန်းသည် ဒေါ်လာဘီလျံချီ စီမံကိန်းကြီးတစ်ခုဖြစ်သောကြောင့် စီးပွားရေး တွက်ချေမကိုက်ပါက တရုတ်အကြွေးနွံနစ်မည့် အခြေအနေရှိနိုင်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

ဦးသိန်းစိန်လက်ထက်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလျံ ရင်းနှီးမြှုပ်နှံကာ တရုတ်က ၈၅ ရာခိုင်နှုန်း၊ မြန်မာက ၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်ရန် သဘောတူခဲ့သည်။

အရပ်သားအစိုးရဖြစ်သော NLD လက်ထက်တွင် ကျောက်ဖြူစီမံကိန်းတွင် ရှယ်ယာခွဲဝေမှုအချိုးအစားကို ပြင်ဆင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏကို ကနဦးအဆင့် အကောင်အထည်ဖော်မှုအဖြစ် ၁ ဒသမ ၄ ဘီလျံသို့ လျှော့ချခဲ့သည်။

NLD အစိုးရလက်ထက်က ထိုပြင်ဆင်မှုကို ဦးမြင့်သိန်းအပါအဝင် အဖွဲ့ဝင်များက ကျေနပ်မှု မရှိကြောင်း မဟာဗျူဟာကျသည့်စီမံကိန်းကို ရင်းနှီးမြှုပ်နှံမှု လျှော့ချ၍ သေးသိမ်အောင် လုပ်ခဲ့ကြောင်း ပြောဆိုသည်ဟု နီးစပ်သူတစ်ချို့က Myanmar Now ကိုပြောသည်။ 

ဒေသခံများဘက်ကလည်း စီမံကိန်းအပေါ် စိုးရိမ်မှုရှိနေပြီး ပြီးခဲ့သည့် သြဂုတ်လ ၂၈ က မဒေးကျွန်းဘုန်းကြီးကျောင်းမှာ ပြုလုပ်ခဲ့သည့် CITIC ကုမ္ပဏီနှင့် ဒေသခံလူထု တွေ့ဆုံဆွေးနွေးအပြီး နောက်တစ်ရက်တွင် မဒေးကျွန်းအုပ်စု ဘုန်းတော်ကြီးကျောင်း၌ ဒေသခံ ၁၀၀ ကျော်ခန့် ပါဝင်သည့် “မဒေးကျွန်းဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်း” ကို ဖွဲ့စည်းခဲ့သည်။

မဒေးကျွန်းပေါ်တွင် အကောင်အထည်ဖော်မည့် မည်သည့်စီမံကိန်းမဆို “မဒေးကျွန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်း”နှင့် စကားပြောရမည်ဖြစ်ပြီး ကျွန်းပေါ်နေ ပြည်သူများကိုယ်စား အသင်းက ပြောဆိုမည်ဖြစ်သည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button