ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို အမြန်အကောင်အထည်ဖော်ရန် အာဏာသိမ်းစစ်ခေါင်းဆောင်က မီးစိမ်းပြခဲ့ပြီးနောက် စီမံကိန်းကို လုပ်ပိုင်ခွင့်ရထားသည့် တရုတ်နိုင်ငံပိုင် ကုမ္ပဏီနှင့် နည်းပညာကောလိပ် (ကျောက်ဖြူ) တို့က ဒေသခံတို့ကို တရုတ်ဘာသာစကား သင်တန်းပေးခြင်းအပါအဝင် စီမံကိန်းအတွက် ပြင်ဆင်မှုများ စတင်ပြုလုပ်လာသည်။
တရုတ်သို့ ရေနံတင်ပို့ရာတွင် အရေးပါသည့် လမ်းကြောင်းဖြစ်လာမည့် ထိုစီမံကိန်းကို အမြန်အကောင်အထည်ဖော်မည်ဟု သြဂုတ်လ ၂၅ ရက်နေ့က ပြုလုပ်သည့် စီးပွားရေးကော်မတီအစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုခဲ့ပြီးနောက် စီမံကိန်းလုပ်ခွင့်ရ တရုတ်ကုမ္ပဏီ China International Trust and Investment Corporation (CITIC) ဘက်ကလည်း တရုတ်စကားပြောမည့်သူများကို စတင်စုစည်းနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် CITIC (Myanmar) ဟု မှတ်ပုံတင်ထားသည့် တရုတ်အစိုးရပိုင်ကုမ္ပဏီက အသက် ၁၇ မှ ၄၅ အကြား ဒေသခံ ၆၀ ကို ၃ လကြာမြင့်မည့် တရုတ်စကား အခမဲ့စတင်သင်ပေးမည်ဟု သြဂုတ် ၁၅ ရက်နေ့က ကြေညာသည်။
အလားတူ အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ) ကလည်း အင်ဂျင်နီယာလောင်း ကျောင်းသားများကို ကျောင်းချိန်ပြင်ပတွင် တရုတ်စာသင်တန်း ဖွင့်ပေးနေသည်။
CITIC Myanmar နှင့် ပေါင်းပြီး တရုတ်စာသင်ပေးမည့် ကျောက်ဖြူခရိုင်ဒေသခံ တိုင်းရင်းသားများဖွံ့ဖြိုးရေးအသင်း (KDNEDA) က “ရန်သူလိုပဲ သဘောထားထား၊ မိတ်ဆွေလိုပဲ သဘောထားထား တစ်ဖက်သားရဲ့ စကားကို တတ်မြောက်နားလည်ခြင်းဟာ တစ်ပန်းသာပါသည်” ဟု တရုတ်အစိုးရပိုင်ကုမ္ပဏီ၏ သင်တန်းနှင့် ပတ်သက်ပြီး Facebook တွင် မှတ်ချက်ပေး ရေးသားထားသည်။
“ဘာသာစကားဆိုတာကတော့ တတ်ထားတာ ကောင်းပါတယ်။ ဒါပေမဲ့ အခု တရုတ်ကပေးတဲ့ သင်တန်းတွေကတော့ ဒေသခံတွေကို အမှန်တကယ် အကျိုးဖြစ်ထွန်းစေဖို့ လုပ်ပေးတယ်ဆိုရင် ကောင်းမယ်။ အခုမြင်နေရတာက သူတို့အကျိုးစီးပွားအတွက် ဟန်ပြလုပ်နေသလို ဖြစ်နေတယ်။ တရုတ်စီမံကိန်းတွေမှာ ဒေသခံတွေ အလုပ်ရတာ အလွန်နည်းပါးနေပါသေးတယ်” ဟု ကျောက်ဖြူ မြို့ခံတစ်ဦးက ပြောသည်။
အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံ ကုန်ကျမည်ဟု ခန့်မှန်းထားသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းသည် စစ်ကောင်စီနှင့် တရုတ်တို့အတွက် အရေးပါသည့် စီမံကိန်းတစ်ခုဖြစ်သည်။
ထိုစီမံကိန်းသည် တရုတ်နိုင်ငံသို့ ရေနံတင်ပို့ရာတွင် မလေးကျွန်းဆွယ်ရှိ မလက္ကာရေလက်ကြားကို အသုံးပြုရန် မလိုတော့ဘဲ အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်အသုံးပြုခွင့်ရရှိစေမည့် မဟာဗျူဟာကျသည့် စီမံကိန်းလည်းဖြစ်ပြီး တရုတ်ဘက်ခြမ်းရှိ ကုန်းတွင်းပိတ် ယူနန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်လည်း အရေးပါသည့် စီမံကိန်းလည်း ဖြစ်သည်။
၂၀၁၅ တွင် ဦးသိန်းစိန်အစိုးရက တရုတ်နိုင်ငံပိုင် CITIC ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ပြီး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၇.၃ ဘီလျံဟု သတ်မှတ်ခဲ့သည်။ ရှယ်ယာခွဲဝေမှုတွင်လည်း တရုတ်ဘက်က ၈၅ ရာခိုင်နှုန်းနှင့် မြန်မာဘက်က မြေနေရာစိုက်ထုတ်မှုအတွက် အစုရှယ်ယာ ၁၅ ရာခိုင်နှုန်းရရှိမည်ဟု သတ်မှတ်ခဲ့သည်။
NLD အစိုးရ တက်လာပြီးနောက် တရုတ်ကုမ္ပဏီ CITIC ၏ ရှယ်ယာကို ၈၅ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ လျှော့ချသတ်မှတ်ရန် ပြင်ဆင်ခဲ့ပြီး အကြွေးပိမည့်အရေး စိုးရိမ်ချက်ကြောင့် ကုန်ကျစရိတ်ကို ဒေါ်လာ ၁.၃ ဘီလျံသို့ လျှော့ချသတ်မှတ်ခဲ့သည်။
တရုတ်နှင့် ဦးသိန်းစိန်အစိုးရကြား သဘောတူညီချက်များကို NLD အစိုးရက ပြင်ဆင်မှုနှင့် ပတ်သက်ပြီး စစ်ခေါင်းဆောင်များက ဒေါသထွက်ခဲ့ပြီး ၂၀၂၁ အာဏာသိမ်းချိန်တွင် NLD လက်ထက် ထိုစီမံကိန်းတွင် ပါဝင်ခဲ့သူ ထိပ်တန်းအရာရှိများကို ဖမ်းဆီးခဲ့သည်။
NLD အစိုးရကို ယင်းစီမံကိန်းနှင့် ပတ်သက်ပြီး အကြံပေးခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား ရှောင်တာနယ်လ် (Sean Turnell) ကို ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်း စစ်ကောင်စီ သတင်းစာများက ဝန်ခံရေးသားခဲ့သည်။
အာဏာသိမ်းပြီးနောက် ဦးသိန်းစိန်အစိုးအဖွဲ့လက်ထက် ရထားပို့ဆောင်ရေးဒုဝန်ကြီး တာဝန်ယူခဲ့သည့် ဦးမြင့်သိန်းကို စီမံကိန်းဥက္ကဋ္ဌအဖြစ် စစ်ကောင်စီက ပြန်ခန့်ကာ စီမံကိန်း အလျင်အမြန်ပြန်စရရန် စီစဉ်နေခြင်းဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)