ဆောင်းပါး

စစ်ကောင်စီ အသက်သွင်းနေသော ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း

အာဏာသိမ်းစစ်ကောင်စီ၏စီမံခန့်ခွဲမှုအောက် တိုင်းပြည် ချွတ်ခြုံကျနေချိန်တွင် ရခိုင်ပြည်နယ်ရှိ တရုတ်အစိုးရ၏ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း (SEZ) ကို အကောင်အထည်ဖော်ရန် စတင် ကြိုးပမ်းလာသည်။

၂၀၂၂ ဇန်နဝါရီ ၂၄ တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို စစ်ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က သွားရောက်ကြည့်ရှုခဲ့သည်။ ဒေါ်အေးနုစိန်သည် ရခိုင်အမျိုးသားပါတီ (ANP) ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်ပြီးစစ်ကောင်စီထံတွင်လည်း တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်သည်။

စစ်ကောင်စီလက်ထက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအစည်းအဝေး ပထမအကြိမ်ကို ၂၀၂၁ ခုနှစ် ဇွန် ၁ တွင် ကျင်းပခဲ့သည်။

ထို့နောက် စစ်ကောင်စီက စီမံကိန်းကို အကောင်အထည်ဖော်ခြင်းသည် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ပြီး အလုပ်အကိုင်များ ဖန်တီးပေးကာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေကြောင်း ပြောသည်၊ သို့သော်လည်း ဒေသခံများက မယုံကြည်ကြပေ။

ကျောက်ဖြူရေနက်ဆိပ်ကမ်း

စီးပွားရေးဇုန်အတွက် မြေဧက ၄၀၀၀ ကျော် သတ်မှတ်ထားသည်။ ရေနက်ဆိပ်ကမ်း စီမံကိန်းအမှတ် (၁) တွင် ၃၇၀ ဒသမ ၆၆ ဧက၊  အမှတ် (၂) တွင် ၂၃၇ ဒသမ ၂၂ ဧက ရှိမည်၊ စက်မှုဇုန်စီမံကိန်း နယ်နိမိတ် ၂၄၄၆ ဒသမ ၀၇ ဧက နှင့် အဆင့်မြင့်အိမ်ရာစီမံကိန်း နယ်နိမိတ် ၁၂၃၅ ဒသမ ၃၇ ဧကတို့ ပါဝင်မည်ဟု ဆိုသည်။

တရုတ်နိုင်ငံကို ရေနံတင်ပို့ရာတွင် မလေးကျွန်းဆွယ်ရှိ မလက္ကာရေလက်ကြားကို အသုံးပြုရန်မလိုတော့ဘဲ အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်အသုံးပြုခွင့်ရရှိစေမည့် မဟာဗျူဟာကျသည့် စီမံကိန်းလည်းဖြစ်သည်။ 

ယင်းအပြင် ကုန်းတွင်းပိတ် ယူနန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်လည်း အရေးပါသည့် စီမံကိန်းလည်း ဖြစ်သည်။

ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာကိစ္စရပ်များဆောင်ရွက်နိုင်ရန် CITIC Consortium Myanmar Port investment ကုမ္ပဏီ နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲ့မှုကော်မတီ (KPS EZ-MC) တို့  စာချုပ် ချုပ်ဆိုပြီးနောက်  ၂၀၂၀ တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်ကို တည်ထောင်ခဲ့ကြသည်။

စီမံကိန်းလုပ်ကိုင်ခွင့်ရ ကုမ္ပဏီ၏ အစုရှယ်ယာ ပိုင်ဆိုင်မှုအဖြစ် CITIC က ၇၀ ရာခိုင်နှုန်း၊ မြန်မာက ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည်။

အဆင့် ၄ ဆင့်နှင့် ဆောင်ရွက်မည်ဖြစ်ပြီး ပထမအဆင့်အဖြစ် သင်္ဘောကျောက်ချရပ်နားစခန်း၊ ဆိပ်ခံတံတား ၂ ခုကို တည်ဆောက်ရန်လျာထားသည်ဟု ဆိုသည်။

စီးပွားရေးဇုန်သည် တရုတ်နိုင်ငံက ဆောင်ရွက်နေသည့် ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု (OBOR) စီမံကိန်း၏ အဓိကကျသည့် စီမံကိန်းဖြစ်ပြီး ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နှင့် အိမ်ရာစီမံကိန်းတို့ ပါဝင်သည်။

စာချုပ်အရ မဒေးကျွန်းရေနက်ဆိပ်ကမ်းနှင့် ရမ်းဗြဲကျွန်းရေနက်ဆိပ်ကမ်း စီမံကိန်းအစိတ်အပိုင်းများ၊  ရေနက် ဆိပ်ကမ်းရှိရာ ကျွန်းနှစ်ကျွန်းကို ဆက်သွယ်မည့် ၁၅ ကီလိုမီတာအရှည် ၄ လမ်းမောင်း လမ်းနှင့် တံတား တည် ဆောက်ရေးလုပ်ငန်းများအတွက် လုပ်ငန်း မစမီ ကြိုတင်ဆောင်ရွက်ရမည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွား အပေါ် အကျိုးသက်ရောက်မှု လေ့လာဆန်းစစ်ချက် (Environmental and Social Impact Assessment- ESIA) ကို CITIC Consortium က လုပ်ကိုင်ခွင့် ရရှိထားသည်။

MSR လုပ်ငန်းစု

၂၀၂၂ ဖေဖော်ဝါရီ ၁၀ တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး ဆိုင်ရာသက်ရောက်မှု အကဲဖြတ်ခြင်း (ESIA) ဝန်ဆောင်မှုဆောင်ရွက်ရန်သဘောတူညီမှု စာချုပ်ကို CITIC Myanmar နှင့် Myanmar MSR Consulting Co.,Ltd. တို့  လက်မှတ်ရေးထိုးခဲ့သည်။

MSR လုပ်ငန်းစုမှာ မြန်မာ၊ သြစတြေးလျ၊ ဘရူနိုင်းနှင့် တောင်ကိုရီးယားမှအကြံပေးများပါဝင်ဖွဲ့စည်းထားပြီး ဈေးကွက်ရှာဖွေရေး၊ လူမှုရေးဆိုင်ရာ သုတေသန၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ခြင်း (EIA)၊ စက်မှု ကဏ္ဍသုတေသနနှင့် အတိုင်ပင်ခံလုပ်ငန်းတို့ကို လုပ်ကိုင်နေသော ပညာရှင်အဖွဲ့ဖြစ်ကြောင်း MSR ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ 

ဟိုတယ်ဆောက်လုပ်ရေး၊ နေစွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ အိမ်ခြံမြေ၊ စက်ရုံများနှင့် စက်မှုဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ စီမံကိန်းများအတွက် EIA နှင့် ပဏာမ သဘာဝပတ်ဝန်းကျင်ဆိုင်ရာသက်ရောက်မှု စစ်ဆေးချက်များကို  လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

သံတွဲမြို့၊ ငပလီ ကမ်းခြေ တွင် ပြုလုပ်သည့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲကို ဦးဆောင်ကျင်းပသော ကုမ္ပဏီ များထဲတွင် MSR လည်း ပါဝင်သည်။ 

MSR အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် စစ်တမ်းကောက်ယူမှုများကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် သြဂုတ်နောက်ဆုံးပတ်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်းလုပ်ငန်းများအကြောင်း အများပြည်သူ သိရှိနိုင်ရန် ဆိုကာ  ကျောက်ဖြူဟိုတယ်နှင့် မဒေးကျွန်း ဘုန်းတော်ကြီးကျောင်းတွင် MSR က ဦးဆောင်၍ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ သည်။

၎င်းဆွေးနွေးပွဲတွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ( စီမံကိန်းကုမ္ပဏီ)  CITIC Consortium၊ Hatch ( စီမံကိန်းခန့်ခွဲမှု အကြံပေး)  နှင့် Myanmar Survey Research (MSR) စီမံကိန်းအကြောင်း၊ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားအပေါ်  ထိခိုက်နိုင်မှု များနှင့် ထိုထိခိုက်နိုင်မှုများကို လျော့ပါးစေမည့် နည်းလမ်းများကို လေ့လာဆန်းစစ် ဆောင်ရွက်သွားမည့် အစီအစဉ်များ ပါဝင်သည်ဟု ဆိုသည်။

၎င်းဆွေးနွေးပွဲကို MSR မှ ဦးဆောင်ပြုလုပ်ခဲ့ပြီး သြဂုတ် ၂၅ နှင့် ၂၆ ရက်များတွင်လည်း  ဟိုတယ်ကျောက်ဖြူ၌ ဆွေးနွေးပွဲ (Workshop) တစ်ခု ပြုလုပ်ခဲ့သေးသည်။

“ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးနဲ့ ထိခိုက်မှု တွေ ဖြစ်လာနိုင်တဲ့အခြေအနေတွေကို ခေါင်းစဉ် ၇ ခုနဲ့ ဆွေးနွေးကြတယ်။ နောက်ပြီး ထိခိုက်မှုကို ဘယ်လိုလျှော့ချအောင်လုပ်မလဲဆိုတာကို ဆွေးနွေးကြတယ်။ Workshop မှာတော့ ဌာနဆိုင်ရာတွေ ၊ CSO တွေ ၊ ဒေသခံတွေ ပါတယ်”

“ပွင့်ပွင့်လင်းလင်းတော့ ဆွေးနွေးခွင့် ရတယ်။ MSR ကတော့ သူတို့ Report အတွက် ဒေသခံတွေ အသံကို ကောက်ယူ တာ ဖြစ်ပါတယ်” ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ကျောက်ဖြူမြို့အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခုမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

တက်ရောက်ခဲ့သည့် နောက်တစ်ဦးကလည်း “စီမံကိန်းအကောင်အထည်ဖော်လာတဲ့အခါ ဒေသခံတွေရဲ့ စိုးရိမ်ချက် ကို ထည့်သွင်းစဉ်းစားပြီးလုပ်လာမလား ၊ မလုပ်ဘူးလား ဆိုတာကတော့ စောင့်ကြည့်ရမယ်။ တရုတ်ကတော့ သူတို့ လုပ်မဲ့စီမံကိန်းကို မဖြစ်ဖြစ်အောင် ဆက်လုပ်သွားမယ့်ပုံပေါက်တယ်” ဟု သူက ပြောသည်။

ယင်းဆွေးနွေးပွဲ မစတင်မီ MSR ကုမ္ပဏီမှတာဝန်ရှိသူနှင့်ဝန်ထမ်းများသည် ကျောက်ဖြူမြို့နယ် ရခိုင်အမျိုးသား ပါတီ (ANP) မှ တာဝန်ရှိသူများနှင့် ကျောက်ဖြူဒေသအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ကျောက်ဖြူ ဒေသခံတချို့ကို သြဂုတ်လ ၁၉ က လာရောက်တွေ့ဆုံခဲ့သည်။

ထို့ကြောင့် အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ အသုံးပြုမည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းကို တရုတ်အစိုးရပိုင် CITIC Consortium က ဆက်လက်လုပ်ကိုင်ရန် အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

တရုတ်အစိုးရပိုင် CITIC Consortium 

ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) စီမံကိန်းကို ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် အစိုးရနှင့် လွှတ်တော်တို့၏ အတည်ပြုချက်ဖြင့် တရုတ်နိုင်ငံပိုင် ကော်ပိုရေးရှင်း (China International Trust Investment Corporation – CITIC) ဦးဆောင်သည့် ကုမ္ပဏီအစုအဖွဲ့ကို ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် ဆောက်လုပ်အကောင်အထည်ဖော်ခွင့် ပေးခဲ့သည်။

ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ မာန်အောင်မြို့နယ်တို့တွင် ရေနက် ဆိပ်ကမ်း၊ စက်မှုလက်မှုနှင့် အဆင့်မြင့် အိမ်ရာစီမံကိန်းများ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအထဲမှ ရေနက်ဆိပ်ကမ်းစီမံကိန်းတစ်ခုကို ကျောက်ဖြူမြို့နယ် မဒေးကျွန်းဒေသတွင် တည်ဆောက်သွား မည်ဖြစ်သည်။

မဒေးကျွန်းရှိ ဒေသခံနေအိမ်တချို့ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-​​YE AUNG THU/AFP via Getty Images)

CITIC ဦးဆောင်သော ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုကို ၇၀ ရာခိုင်နှုန်းထည့်ဝင်မည်ဖြစ်ပြီး မြန်မာဘက်မှ မြေနေရာ အတွက် ၁၅ ရာခိုင်နှုန်းနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ၁၅ ရာခိုင်နှုန်း ထပ်မံထည့်ဝင်ရမည်ဖြစ်သည်။ 

တရုတ်ကုမ္ပဏီ CITIC Myanmar Port Investment Limited နှင့် မြန်မာ အစိုးရ၏ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတို့ ဖက်စပ် ဖွဲ့စည်းထားသည့် Kyaukphyu Special Economic Zone Deep Seaport Co. Ltd မှတ်ပုံ တင်ခြင်းကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) က ၂၀၂၀ သြဂုတ် ၆ တွင် အတည်ပြု ပေးခဲ့သည်။

စီမံကိန်း လုပ်ငန်းဆောင်ရွက်ခွင့်ရှိသူ Kyaukphyu Special Economic Zone Deep Seaport Co. Ltd ၏ ဒါရိုက်တာအဖွဲ့ တွင် မြန်မာဘက်မှ ၂ ဦးနှင့် တရုတ်ကုမ္ပဏီဘက်မှ ၄ ဦးတို့က တာဝန်ယူထားသည်။ 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာတွင်  ကော်မတီနှင့် ကုမ္ပဏီတို့  လုပ်ငန်းဆောင်ရွက်မှု သဘောတူညီမှုစာချုပ်  လက်မှတ် ရေးထိုးခဲ့သည်။  

၂၀၂၁   မေ ၃ တွင် စစ်ကောင်စီက ကော်မတီကို ပြန်ဖွဲ့စည်းသည်။ ကော်မတီကို  ဥပဒေရေးရာအကြံပေးရန်အတွက် ကုမ္ပဏီ ငှားရမ်းသည့်တင်ဒါကို ၂၀၂၁ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် ကြေညာသည်။ 

CITIC Constructionနှင့် CCCC FHDI တို့ အကျိူးတူပူးပေါင်းထားသည့် အဖွဲ့က စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းစဉ် အတွက် လိုအပ်မည့် ပဏာမ ကွင်းဆင်းစုံစမ်းစစ်ဆေးရေးလုပ်ငန်းများ နှင့် အကြံပေးအဖြစ် ဆောင်ရွက်သွားရန် လေလံအောင်ကြောင်း CITIC Myanmar ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။ CCCC FHDI မှာ China Communications Construction Company (CCCC) ၏ လက်အောက်ခံကုမ္ပဏီဖြစ်သည်။ လုပ်ငန်းဆောင်ရွက်ရန် သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးပွဲကို ၂၀၂၁  စက်တင်ဘာ ၁၅  တွင် ပေကျင်း၌ ပြုလုပ်သည်။

လူထုစိုးရိမ်ချက်

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဒေသခံ ပြည်သူလူထု ပါဝင်ခွင့် မရှိခြင်းနှင့် ပွင့်လင်းမြင်သာမှု မရှိ ဖြစ်နေသဖြင့် လက်ရှိ လည်ပတ်နေပြီ ဖြစ်သည့် ရွှေသဘာ၀ ဓာတ်ငွေ့ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်း စီမံကိန်းကဲ့သို့ ဘက်စုံဆိုးကျိုးများ ခံစားရမည်ကို ဒေသခံများ စိုးရွံ့နေသည်။

စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေရာ ကျောက်ဖြူ မြို့နယ်မှ လယ်သမား၂၂ ဦး၏ ဘိုးဘွားပိုင်လယ်မြေ (၆၁.၆၀)ဧကကို သမ္မတဟောင်း ဦးသိန်းစိန် အပါအဝင် ဦးလှမျိုး၊ ဦးဇော်မိုးဝင်းတို့က အခြားမြေအဖြစ်သုံး စွဲပိုင်ခွင့် (လ/န -၃၉) အမည်ဖောက်လိုက်ပြီဟု သိရသည်။

၎င်းအတွက် မူလပိုင်ရှင် လယ်သမား ၂၂ ဦးမှာ လယ်မြေ ဆုံးရှုံးရမည့်အပြင် ကျူးကျော်သူများ အဖြစ် သတ်မှတ်ခံ ထားရသည်၊ တရားစွဲဆိုခံရမည့်အနေအထားနှင့်လည်း ရင်ဆိုင်နေရသည်ဟု သိရသည်။

လက်ရှိတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း(SEZ) စီမံကိန်းတည်ဆောက်ရန်အတွက် ကျောက်ဖြူမြို့နယ် သိုင်းချောင်း၊ ကြတ္တိန်၊ ကပ်သပြေနှင့် ကန္ဒီးကျေးရွာအုပ်စုများမှ လယ်သမား ၇၂ ဦးပိုင် မြေဧက ၂၅၀ ကို အစိုးရမှ သိမ်းဆည်းပြီး အခြားမြေအဖြစ်သုံးစွဲပိုင်ခွင့် (လ/န -၃၉) ပြုလုပ်လိုက်ပြီဟု သိရသည်။

အဆိုပါမြေဧက ၂၅၀ တွင် လယ်မြေဧက (၉၀.၄၀) ဧက၊ ဥယျဉ်မြေ( ၂၉.၃၃) ဧက ၊ မြေလွတ်မြေရိုင်း (၆၈.၆၆) ဧက၊ (လ/န-၃၉) ကျပြီးမြေ (၆၁.၆၀) ဧက ပါရှိသည်။

၎င်းလယ်မြေများကို  စစ်ကောင်စီက တစ်ဧကလျှင် ကျပ် ၁၈ သိန်းနှုန်းဖြင့် လျော်ကြေးပေးသွားမည်ဟု သိရသည်။

ကျောက်ဖြူ SEZ ကို လျှပ်စစ်ပေးရန် အတွက် V power အမည်ရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စက်ဓာတ်အားထုတ် စီမံကိန်းစက်ရုံ ကို၂၀၁၉ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ယမန်နှစ်ကတည်းက စတင်လည်ပတ်နေပြီဖြစ်သည်။ 

ကျောက်ဖြူမြို့နယ် အုန်းတောကျေးရွာနှင့် ဂုံးချွိန်ကျေးရွာကြားရှိ အဆိုပါ လျှပ်စက်စက်ရုံမှ ဆူညံသံကို အနီး ပတ်ဝန်းကျင်ရှိကျေးရွာများမှ နားမခံနိုင်အောင် ဖြစ်နေပြီး နေထိုင်ရေးအခက်အခဲဖြစ်နေကြောင်း သိရသည်။

အဆိုပါစက်ရုံနှင့်ကပ်လျက်တွင်  Kyauk Phyu Electric Power Company Limited  မှ Kyauk Phyu Combined Cycle Power Plant (135 MW) Project  အမည်ရှိ စက်ရုံကိုလည်း ယခုနှစ်အတွင်း  တည်ဆောက်နေသည်။

ဒေသခံများ၏ သဘောထား

SEZ စီမံကိန်းအတွက် ကျောက်ဖြူဒေသခံတို့ထံမှ လယ်မြေဧက အများအပြားကို တန်ဖိုးငွေ အနည်းငယ် ပေးပြီး သိမ်းယူရန် စီစဉ်နေသည်ဟုလည်း ဒေသခံ လယ်သမားများက ပြောသည်။

ထို့ကြောင့် စီမံကိန်း ဝင်လာလျှင် ၎င်းတို့၏ ဘဝအခြေအနေသည် ယခုထက် ပိုမိုဆိုးရွားသွားနိုင်သည်ဟု ဒေသခံများ က ဆိုသည်။

“အခုဆောက်မယ့် ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ CNPC လိုမျိုး ဒေသကို ဖွံ့ဖြိုးမှုဘာမှမပေးတဲ့ အနေအထား ဖြစ်လာ မှာကို တော်တော်လေးကို စိုးရိမ်နေကြတယ်။ CNPC ပုံစံမျိုးလို လုပ်လာရင် လက်ခံနိုင်စရာအကြောင်း မရှိဘူး” ဟု မဒေးကျွန်းဒေသခံတစ်ဦးက ပြောသည်။ 

ထို့ပြင် ယခင်က လွတ်လပ်စွာ ငါးဖမ်းနေခဲ့သည့် မဒေးကျွန်းတဝိုက်တွင်  CNPC ကုမ္ပဏီကြီးက ရေလမ်းကြောင်း သတ်မှတ်လိုက်ပြီးနောက် ဒေသခံတို့၏ ငါးဖမ်းကွက်များ ပျောက်ဆုံးသွားခဲ့ရပြီး အခက်အခဲမျိုးစုံဖြင့် ငါးဖမ်းနေရသည်ဟု ဆိုသည်။

သို့အတွက် ရေနက်ဆိပ်ကမ်းစီမံကိန်း စတင်လာလျင် လက်ရှိ  ငါးဖမ်းကွက်များလည်း လက်လွှတ်ဆုံးရှုံးရမည်ကို မဒေးကျွန်းမှ တနိုင်တပိုင် ငါးဖမ်းသူများကလည်း စိုးရိမ်ကြသည်။ 

ကျောက်ဖြူ မြို့အခြေစိုက် Center for Peace and Development (CPD) အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ  ဦးထွန်းကြည် က ရေနက်ဆိပ်ကမ်းစီမံကိန်းသည် ဒေသခံများအတွက်  အကျိုးမရှိဟု ဝေဖန်သည်။

“ဒီလို ပဋိပက္ခကာလမှာ တည်ဆောက်ခွင့် ပြုတယ်ဆိုတာ ဒေသခံတွေအတွက် ကောင်းကျိုးကို လုံး၀မရနိုင်။ ဒေသခံ တွေကတော့ စီမံကိန်းကို ကာလတစ်ခုအထိ ရွှေ့ဖို့၊ ဒါမှမဟုတ် ဒေသခံတွေ ရဲ့ အခွင့်အရေးအတွက် သီးခြား ဥပဒေ တွေ ရှိလာတဲ့ကာလ၊ အာဏာရှင်မဟုတ်တဲ့တစ်ခြား SECTOR တွေ ပေါ်လာတဲ့အချိန်မှ စီမံကိန်းကို စလို့လုပ်သင့်တယ်” ဟု သူက ဆိုသည်။

ရေနက်ဆိပ်ကမ်းသီးသန့်အတွက် ရွှေ့ပြောင်းခံရမည့် လူဦးရေကို မသိရသော်လည်း စီမံကိန်းအရပ်ရပ်အတွက် လူဦး ရေ ၂၀၀၀၀ ခန့် ရွှေ့ပြောင်းခံနိုင်ရနိုင်ကြောင်း International Commission of Jurists (ICJ)က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် မဒေးကျွန်းတွင် ၃၇၀ ဧက၊ ရမ်းဗြဲကျွန်းတွင် ၂၃၇ ဧကဖြင့် အသုံးပြုမည်ဖြစ်သည်။

အထူးသဖြင့် စီမံကိန်းဒေသတွင် အသေးစား တံငါလုပ်ငန်းဖြင့် အသက်မွေးသော ကျေးရွာ ၂၀ ခန့်ပါဝင်မည်ဖြစ်ရာ အိမ်ထောင်စုပေါင်း ၅၀၀၀ ကျော်ခန့်၏ ငါးဖမ်းကွက်များ ပျောက်သွားနိုင်သည်ဟု ရခိုင်အရပ်ဖက်အဖွဲ့များက ခန့်မှန်းထားသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းတွင် အစပြုခဲ့သည့် ရွှေသဘာ၀ဓာတ်ငွေ့ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်း စီမံကိန်းမှာ လက်ရှိအချိန်ထိ ဒေသခံများ မြေယာ၊ ဥယျာဉ်၊ သစ်တောဆုံးရှုံးခြင်း၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ပျက်စီးခြင်း၊ လုံလောက်မျှတသည့် လျော်ကြေးမရရှိခြင်း၊ ထိခိုက် နစ်နာသည့် ဒေသခံများ အတွက် အစားထိုးလုပ်ငန်းများ ဆောင်ရွက်ပေးမှု မရှိခြင်းတို့ ရင်ဆိုင်နေရဆဲ ဖြစ်သည်။

ထို့ပြင် ဒေသခံတို့၏ အခြေခံ လူ့အခွင့်အရေးများ ချိုးဖောက်ခံရခြင်း၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ အန္တရာယ်များအတွက် ကြိုတင်ကာကွယ်ရန်နှင့် ကုစားရန် တိကျသော အစီအစဉ်များ မရှိခြင်း၊ ဖြစ်ပေါ်လာသော ပြဿနာများအတွက် တာဝန်ခံမှု တာဝန်ယူမှု မရှိခြင်း စသည့် ဖြစ်ရပ်များကို တွေ့ရသည်ဟု လေ့လာသူများက ထောက်ပြကြသည်။

သို့အတွက် စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့်အကျိုးဆက်အတွက်  ပြန်လည်လေ့လာ ဆန်းစစ်သင့်ကြောင်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းများကလည်း တောင်းဆိုထားသည်။

မဒေးကျွန်းဒေသခံများ ပြင်ဆင်မှုစတင်

ပြီးခဲ့သည့် သြဂုတ်လ ၂၈ က မဒေးကျွန်းဘုန်းကြီးကျောင်းမှာ ပြုလုပ်ခဲ့သည့် CITIC ကုမ္ပဏီနှင့် ဒေသခံလူထု တွေ့ဆုံဆွေးနွေးပွဲအပြီး နေက်တစ်ရက်တွင် မဒေးကျွန်းအုပ်စု ဘုန်းတော်ကြီးကျောင်း၌ ဒေသခံ ၁၀၀ ကျော်ခန့် ပါဝင်သည့်  “မဒေးကျွန်းဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်း” ကို ဖွဲ့စည်းခဲ့သည်။

မဒေးကျွန်းပေါ်တွင် အကောင်အထည်ဖော်မည့် မည်သည့်စီမံကိန်းမဆို “မဒေးကျွန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်း”နှင့် စကားပြောရမည်ဖြစ်ပြီး ကျွန်းပေါ်နေ ပြည်သူများကိုယ်စား အသင်းက ပြောဆိုမည်ဖြစ်သည်ဟု ဆိုသည်။

 “ဒီအသင်းကို ဖွဲ့စည်းရတာက မဒေးကျွန်းဒေသအကျိုးကို တစ်ယောက်တစ်ပေါက် ပြောနေတာထက်စာရင် တစ်ကျွန်းလုံး ကိုယ်စားပြုအဖွဲ့တစ်ခုအနေနဲ့ ပြောဆိုမှ အဆင်ပြေနိုင်မှာဖြစ်လို့ မဒေးကျွန်းမှာ လုပ်နေတဲ့ ၊နောက် ထပ်လုပ်မဲ့စီမံကိန်းတွေဟာ ဒေသခံ ကျွန်းသူကျွန်းသားတွေ အတွက် နစ်နာတာထက်စာရင် အခွင့်အလမ်းတွေ  ဖြစ်အောင် တောင်းဆိုဖို့ ၊ ကန့်ကွက်ဖို့အတွက် ဖွဲ့စည်းတာဖြစ်တယ်” ဟု ထိုအသင်း၏ ပြန်ကြားရေးတာဝန်ခံ ဦးထွန်းကြည် က ပြောသည်။

ဒေသတွင် စီးပွားရေးဇုန်များ တည်ဆောက်လာသည်ကို ကန့်ကွက်စရာ မရှိသော်လည်း ဒေသတွင်း နေထိုင်နေကြသူများ အကျိုးမရှိဘဲ လယ်သိမ်းယာသိမ်းခံရပြီး ဒေသခံ စွန့်ခွာသွားရမည့်အခြေအနေဖြစ်လာမည်ကို စိုးရိမ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့အသင်းအနေဖြင့် များမကြာခင်မှာ မဒေးကျွန်းမှာ ရှိနေတဲ့ CNPC နဲ့ စပြီး ဆွေးနွေးဖို့ ရှိနေတယ်။ လက်ရှိ MSR က လုပ်နေတဲ့ စစ်တမ်းကောက်ယူတာတွေကိုလည်း ပူးပေါင်းဆောင်ရွက်ပြီးတော့ ဒေသခံတွေ စိုးရိမ်ချက်တွေ၊ လိုလားချက်တွေကို ပြောထားပြီးပါပြီ” ဟု ဦးထွန်းကြည်က ပြောသည်။

စစ်တပ် ခေါင်းဆောင်များသည် ၎င်းတို့ကတိကဝတ် ပြုထားသည့် စီမံကိန်းတိုင်းကို သူတို့ လုပ်ပိုင်ခွင့်ရှိချိန်တွင် တိုင်းပြည် မည်သည့်အခြေအနေရောက်ရောက် အကောင်အထည်ဖော်လေ့ရှိသည်။ 

ဦးသိန်းစိန်အစိုးရလက်ထက် ရခိုင်တွင် ပဋိပက္ခဖြစ်နေချိန် လူထုက CNPC ၏ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကို ကန့်ကွက်နေသည့်ကြားမှ အကောင်အထည်ဖော်ခဲ့သည်။

ယခုစစ်ကောင်စီသည်လည်း တိုင်းပြည်ဖရိုဖရဲ ဖြစ်နေသည်ကို ဂရုမစိုက်၊ လူထု လိုလား တောင်းဆိုချက်ကို ဘေးချိတ်ကာ စီမံကိန်းအကောင်အထည်ဖော်ရန် အစပြုနေပြီဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button