သတင်း

ကျောက်ဖြူရေနက်ဆိပ်ကမ်း ဒေါ်လာ ၅ သန်း ထည့်မည့်သူ လိုနေ

အငြင်းပွားဖွယ် ကျောက်ဖြူရေနက်ဆိပ်ကမ်း လုပ်ပိုင်ခွင့်ရ တရုတ်ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်ရန် ဒေါ်လာ ၅ သန်း ထည့်ဝင်နိုင်သည့် နိုင်ငံသားပိုင်ကုမ္ပဏီများကို စစ်ကောင်စီက ဖိတ်ခေါ်နေသည်။

ခရိုင်မြို့ကြီးဖြစ်သော ကျောက်ဖြူမြို့တွင် ကမ္ဘာသိ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီးပွားရေး စီမံကိန်းကြီး ရှိနေပြီး ဒေသခံတို့ သဘောမကျလင့်ကစား ဒေါ်လာဘီလျံချီကုန်ကျမည့် ထိုဆိပ်ကမ်း ရင်းနှီးတည်ဆောက်ခွင့်ရ တရုတ်ကုမ္ပဏီနှင့်ပူးပေါင်းလုပ်ကိုင်ရန် ဒေါ်လာ ၅ သန်း ထည့်နိုင်သည့် နိုင်ငံသားပိုင်ကုမ္ပဏီများကို အာဏာသိမ်းစစ်ကောင်စီက ဖိတ်ခေါ်ထားသည်။

မြန်မာကုမ္ပဏီများ စိတ်ဝင်စားကြောင်းဖော်ပြလွှာ(EOI) တင်သွင်းနိုင်ကြောင်း နိုဝင်ဘာ ၄ ရက်နေ့ စစ်တပ်ထိန်းချုပ်သတင်းစာတွင် စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီးဌာန၊ မြန်မာအထူးစီးပွားရေးဇုန်လုပ်ငန်းအဖွဲ့က  ကြေညာသည်။

စစ်ကောင်စီက ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အမြန်ဆုံးစတင်ရန် ပြင်ဆင်လျက်ရှိရာ လုပ်ပိုင်ခွင့်ရ တရုတ်နိုင်ငံပိုင်China International Trust Investment Corporation- CITIC ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်ရန် မြန်မာနိုင်ငံဘက်မှ စစ်ကောင်စီအသိအမှတ်ပြု နိုင်ငံသားပိုင်ကုမ္ပဏီအစုအဖွဲ့ကို ဖွဲ့စည်းရန်စီစဉ်ခြင်းဖြစ်သည်။ 

ထို့သို့ဖွဲ့စည်းရာတွင် ကုမ္ပဏီအရေအတွက် မည်မျှပါဝင်မည်ကို အတိအကျ မသိသော်လည်း အနည်းဆုံး ဒေါ်လာ ၅ သန်းထည့်ဝင်နိုင်သည့်အချက်အပါဝင် အချက် ၉ ချက်နှင့် ကိုက်ညီသည့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများကို စိစစ်ရွေးချယ်သွားမည်ဟု ဆိုသည်။

ကုမ္ပဏီဥပဒေအရ မှတ်ပုံတင်ထားပြီး လည်ပတ်လုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်ရန်၊ သက်တမ်း ၁၀ နှစ် အထက်(သို့မဟုတ်) အခြေခံအဆောက်အဦး တည်ဆောက်မှုအတွေ့အကြုံ ၅ နှစ်ရှိသော ကုမ္ပဏီဖြစ်ရမည်၊ သုံးနှစ်အတွင် ပျှမ်းမျှ ဒေါ်လာသန်း ၂၀ ဝင်ငွေရှိရမည်၊ အမည်ပျက်စာရင်း အသွင်းခံထားရခြင်းမရှိရ၊ နည်းပညာနှင့် ကျွမ်းကျင်ဝန်ထမ်းများခန့်အပ်နိုင်ရမည် စသည့် အချက်များ ပါဝင်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံသံရုံးရှေ့တွင် စစ်အာဏာရှင်ဆန့်ကျင်သူများ ဆန္ဒပြနေစဉ်။ (ဓာတ်ပုံ − Myanmar Now)

ဘဏ္ဍာရေးအစီရင်ခံစာ၊ အခွန်ကင်းရှင်းကြောင်းတင်ပြရမည်ဖြစ်ပြီး ရခိုင်တိုင်းရင်းသားကုမ္ပဏီများ ဖြစ်ပါက ကုမ္ပဏီသက်တမ်းနှင့်အတွေ့အကြုံကို လျှော့ပေါ့စဉ်းစားမည်၊ လာမည့် ဒီဇင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထား၍ စီပွားကူးသန်းဌာနကို လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။

ထိုစီမံကိန်းတွင် တရုတ် CITIC ကုမ္ပဏီက ၇၀ ရာခိုင်နှုန်း၊ မြန်မာအစိုးရက ၁၅ ရာခိုင်နှုန်း၊ ကျန် ၁၅ ရာခိုင်နှုန်းကို မြန်မာကုမ္ပဏီအစုဖွဲ့များက ရင်းနှီးမြှုပ်နှံမည်ဖြစ်၍ ယခုကဲ့သို့ ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများကို စောင့်ကြည့်လေ့လာ သုတေသနပြုနေသည့် Center for Peace and Development အမှုဆောင်ဒါရိုက်တာ ဦးထွန်းကြည်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ လက်ထက်တွင် မြန်မာကုမ္ပဏီအစုအဖွဲ့အဖြစ် Myanmar Kyauk Phyu Special Economic Zone Holding Consortium Public- MKSHC ကို ဖွဲ့စည်းခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် ထိုစီမံကိန်းတွင်ဆက်လက်ပါဝင်ခြင်းရှိမရှိ မရှင်းလင်းကြောင်း ၎င်းက ဆိုသည်။ MKSHC တွင် ပုဂ္ဂလိကကုမ္ပဏီပေါင်း ၄၀ ထက်မနည်း ပါဝင်ထားသည်။ 

“ဒီပရော့ဂျက်ကို စမယ်ဆိုရင် မြန်မာဘက်က   ရှယ်ယာရှင်တွေ လိုနေတယ်။ ဒီရှယ်ယာရှင်တွေမရှိဘူး ဆိုရင် စလို့မရဘူး။ သူတို့(စစ်ကောင်စီ) မှာ ဒီဟာ အခက်အခဲ တစ်ခုဖြစ်တယ်။ ဒီအခက်အခဲကို ဖြေရှင်းဖို့အတွက် စစ်ကောင်စီဘက်က ကြိုးစားလာတဲ့ ခြေလှမ်း တစ်ခုလို့ နားလည်တယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၇ နှစ်လယ်ပိုင်းက တွေ့ရသော ကျောက်ဖြူမြို့ တစ်နေရာ။ (ဓာတ်ပုံ − Myanmar Now)

အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရစေမည့် စီမံကိန်းကို တရုတ်က မုချအကောင်အထည်ဖော်မည်ဖြစ်သလို စစ်ကောင်စီကလည်း စီမံကိန်းနှင့်ဆက်နွှယ်သည့် မြေပြင်တိုင်းတာစစ်ဆေးမှုများရှိနေကြောင်း ၎င်းက ဆိုသည်။

သို့သော် အာဏာသိမ်းစစ်ဗိုလ်ချုပ်များလက်ထက် စီပွားရေးမူဝါဒတည်ငြိမ်မှု အားနည်းခြင်းကြောင့် မြန်မာကုမ္ပဏီများ၏စိတ်ဝင်စားမှုအခြေအနေအပေါ် စောင့်ကြည့်ရမည်ဖြစ်ကြောင်း သူက ဆိုသည်။ 

“လက်ရှိအခြေအနေမှာ ဘယ်သူဌေးမှ အလုပ်သိပ်လုပ်တာမျိုး မရှိဘူးဗျ။ အားလုံးက နိုင်ငံခြားမှာ Investment (ရင်းနှီးမြှုပ်နှံမှု) လုပ်ရင်လုပ်မယ်။ မလုပ်တဲ့သူဌေးဆိုလည်း ငွေကို နိုင်ငံခြားဘဏ်တွေမှာပဲထားပြီးတော့ ဒီမှာ အဆင်ပြေအောင် ကြည့်နေရတဲ့သဘောမှာရှိတယ်” ဟု ၎င်းက ဆိုသည်။ 

အာဏာသိမ်းပြီးနောက် ကျောက်ဖြူ SEZ စီမံခန့်ခွဲမှုကော်မတီကို စစ်ကောင်စီက စိတ်ကြိုက်ပြန်လည်ဖွဲ့စည်းခဲ့သည်။ ဦးသိန်းစိန်လက်ထက်  ကော်မတီဥက္ကဋ္ဌဟောင်း ဦးမြင့်သိန်းကို ထိုနေရာတွင် ပြန်ခန့်လိုက်သည်။ ဦးမြင့်သိန်းသည်  ရဲမှူးချုပ်၊ ဒုဝန်ကြီး စသည့် ရာထူးများ ရှိခဲ့ဖူးသူဖြစ်သည်ဟုသိရသည်။စစ်ကောင်စီလက်ထက် ကျောက်ဖြူရေနက်စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) ကို ဦးမြင့်သိန်းနှင့်ရင်းနှီးကျွမ်းဝင်သည့် ဦးကျော်လှိုင် ပိုင်ဆိုင်သော Myanmar Survey Research (MSR) Consortium အမည်ရ ကုမ္ပဏီကလုပ်ပိုင်ခွင့်ရရှိခဲ့သည်။

Show More

Related Articles

Back to top button