ဆောင်းပါး

အိမ်တံခါးဝရောက်လာသည့် စစ်မှုထမ်းဥပဒေ

စစ်မှုထမ်းဥပဒေက အိမ်တိုင်းကို တံခါးခေါက်လိုက်ချိန်တွင် ဝမ်းသာအားရ ကြိုဆိုသူမရှိဘဲ ခါးခါးသီးသီးဖြစ်သွားကြသည်ကို တွေ့ရသည်။

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် ကိုသူရိန်အမည်ရ လူငယ်လေးမှာ ဆယ်တန်းစာ မေးပွဲဖြေဆိုမည့်ဆဲဆဲတွင် ကိုဗစ်နိုင်တင်းကပ်ရောဂါနှင့် ကြုံခဲ့ရသည်။ စာမေးပွဲပြီးသွားသော်လည်း ကပ်ရောဂါကြောင့် အိမ်တွင်းဆက်အောင်းနေရသည်။ မကြာမီ အောင်စာရင်းထွက်လာသည်။

စာမေးပွဲအောင်သော်လည်း ကိုသူရိန်တစ်ယောက် လွတ်လွတ်ကျွတ်ကျွတ်မပျော်နိုင်တော့ပေ။ အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းလိုက်သောကြောင့်ဖြစ်သည်။ ကျောင်းဆက်တက်မည့်စိတ်ကူးများ ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားသည်။ သူငယ်ချင်းများနည်းတူ စစ်အာဏာရှင်လက်အောက် ကျောင်းဆက်မတက်လိုတော့။

အနာဂတ်အတွက် ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ရန် ကိုသူရိန်စိတ်ကူးသည်။ မိသားစုအသိုင်းအဝိုင်းက မတည်ပေးနိုင်သည့် အခြေအနေမရှိသဖြင့် နိုင်ငံခြားသင်္ဘောလိုက်ပြီး ပိုက်ဆံစုရန် နောက်တစ်ဆင့် ကြံစည်ရသည်။ သင်တန်းများတက်ရသည်။ လက်တွေ့ဆင်းရသည်။ နောက်ဆုံးတွင် အပျော်စီးသင်္ဘောတစ်စီးပေါ်တွင် အလုပ်ရသဖြင့် စောင့်ဆိုင်းနေစဉ် မမျှော်လင့်သော သတင်းဆိုးကြီးတစ်ခု ဝင်လာသည်။

အာဏာသိမ်းစစ်တပ်က အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ကြေညာလိုက်ခြင်းပင်။ 

သူငယ်ချင်းများနှင့်အတူ ဝိုင်းဖွဲ့နေစဉ် စစ်မှုထမ်းဥပဒေအကြောင်း သတင်းဆိုး ဖုန်းမက်ဆေ့ဝင်လာရာ ခေါင်းပင် မိုက်ကနဲဖြစ်သွားသည်ဟု ကိုသူရိန်က ဆိုသည်။ သူငယ်ချင်းတစ်စုလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ 

“စာဖတ်ပြီး ခေါင်းထဲပထမဆုံးဝင်လာတာ ကျွန်တော့်မှာ ဘာမှရွေးစရာမရှိတော့ဘူးဆိုတာပဲ” 

အာဏာသိမ်းပြီးနောက်ပိုင်း နေရာဒေသအသီးသီးရှိ မြန်မာပြည်သူများအနေဖြင့် စိတ်ဆင်းရဲစရာ၊ စိတ်ညစ်စရာမျိုးစုံကြုံတွေ့ခဲ့ရသည်။ ယခုတစ်ကြိမ် စစ်ကောင်စီက ကြေညာလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပွက်လောရိုက်ကုန်ကြသည်။ အရွယ်ရောက်ပြီး လူငယ်များသာမက မိဘများ၊ မိဘဆွေမျိုးသားချင်းလည်း စိတ်ပူကြရသည်။ ပြည်တွင်း၌ရှိနေသူများသာမက ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသူများလည်း အလားတူပင်ဖြစ်သည်။

စစ်ထဲမဝင်မနေရ ပြည်သူ့စစ်မှုထမ်းဥပဒေ 

အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် ပြင်ဆင်အတည်ပြုခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို လက်ရှိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းပြီးသုံးနှစ်အကြာတွင် အသက်သွင်းလိုက်ခြင်း ဖြစ်သည်။ အာဏာသိမ်းစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲများတွင် ခွက်ခွက်လန်အောင် ရှုံးနိမ့်နေချိန် စစ်မှုမထမ်းမနေရ ဥပဒေကို ဆွဲထုတ်လာခြင်းဖြစ်သည်။

နိုင်ငံ့အနှံ့ စက်မျက်နှာဖွင့်ထားရကာ ဆက်တိုက်ရှုံးနေစဉ် အာဏာသိမ်းစစ်တပ်က အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေအရ အရပ်သားများ မဖြစ်မနေစစ်မှုထမ်းရမည်ဖြစ်သည်။​ အသက် ၁၈ မှ ၃၅ နှစ်အတွင်း အမျိုးသားများ၊ ၁၈ မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ စစ်ထဲဝင်ရမည်ဖြစ်သည်။

ဘွဲ့ရပညာတတ်ဖြစ်ပါက ၄၅ နှစ်အောက် အမျိုးသား၊ ၃၅ နှစ်အောက် အမျိုးသမီးတို့ စစ်ထဲဝင်ရမည်။

စစ်မှုထမ်းကာလ ၂ နှစ်သတ်မှတ်ထားပြီး အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက ၅ နှစ်အထိ သက်တမ်းတိုးနိုင်သည်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံမှာ သာမန်အခြေအနေမဟုတ်ဟု ဆိုကာ အရေးပေါ်ကာလကို ခြောက်လတစ်ကြိမ် သက်တမ်းတိုးထားသည်မှာ ယနေ့အထိဖြစ်သည်။​

စစ်မှုထမ်းကာလပြည့်ပါက အခြားသူများ အိမ်ပြန်ခွင့်ရနိုင်သော်လည်း ပါရဂူဘွဲ့ရသူများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူများ၊ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသည်ဟု စစ်တပ်က သတ်မှတ်ပါက ထိုသူများသည် စစ်ထဲထပ်ဝင်ရမည်ဖြစ်သည်။

စစ်မှုထမ်းရန် ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်ရှိသူ အမျိုးသမီးများနှင့် ကိုယ်လက်အင်္ဂါမသန်စွမ်းသူများ စစ်မှုထမ်းကင်းလွတ်ခွင့်ရမည်ဖြစ်သည်။ အခြားကင်းလွတ်ခွင့်ရနိုင်သူများအတွက် အချက်နှစ်ချက်ထည့်သွင်းထားသည်။​ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ကင်းလွတ်ခွင့်ပြုသူများနှင့် စစ်တပ်ဆေးဘုတ်အဖွဲ့က စစ်မှုထမ်းရန် မသင့်လျော်ဟု သတ်မှတ်ထားသူများ ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။

စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွင် ပါဝင်သူများက ဤအခြေအနေကို အမြတ်ထုတ်၊ ကိုယ်ကျိုးစီးပွားရှာကြမည်ဖြစ်ကာ စစ်တပ်နှင့်ပတ်သက်သူများအတွက်လည်း ထွက်ပေါက်တစ်ခု ထားပေးမြဲဖြစ်သည်ဟု အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် စစ်တပ်ကို စွန့်ခွာကာ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ဗိုလ်ကြီးလင်းထက်အောင်က ထောက်ပြသည်။

“သေချာတာကတော့ သူတို့နဲ့ပတ်သက်သူတွေ၊ ပိုက်ဆံရှိသူတွေတော့ ကင်းလွတ်ခွင့်ရကြမှာပဲ။ ဥပဒေက သူတို့ပါးစပ်ထဲမှာရှိနေတာ” 

အရွယ်ရောက်သူတိုင်း ငါးနှစ်အထိ စစ်တပ်ထဲဝင်ရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် စစ်ကောင်စီက ဗဟိုအဆင့်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အပြင် တိုင်းနှင့်ပြည်နယ်အလိုက် အဖွဲ့များကိုလည်း ဆက်တိုက်ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

နှစ်စဉ်လူဦးရေ သောင်းချီခေါ်ယူနိုင်ပြီး စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၃ သန်းနီးပါးရှိသည်ဟု စစ်ကောင်စီက ကြေညာထားသည်။

လာမည့်ဧပြီလ သင်္ကြန်ရုံးပိတ်ရက်များအပြီး စတင်သွားမည်ဖြစ်ကာ အပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်း ခေါ်ယူမည်ဟု စစ်ကောင်စီပြောခွင့်ခွင့်ရသူ ထုတ်ဖော်ပြောဆိုသည်။

သူ့စကားမှာ စစ်မှုထမ်းရန် မလိုအပ်သေးကြောင်း၊ လတ်တလော စိတ်ပူစရာ မရှိကြောင်း အဓိပ္ပာယ်ထွက်နေသော်လည်း ကျေးလက်ဒေသတွင် စစ်သားအလုံးအရင်း စုဆောင်းနေမှုသတင်းများမှာ ဥပဒေထုတ်ပြန်ကြေညာသည့် ကာလတွင် နေ့စဉ် ထွက်ပေါ်နေသည်။

အရပ်သားများကို စစ်ထဲဆွဲသွင်းမည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အပြိုင် စစ်သားဟောင်းများကို ပြန်ခေါ်မည့် အရန်တပ်ဖွဲ့ဥပဒေကိုလည်း စစ်ကောင်စီက အသက်သွင်းထားသည်။

စစ်မှုထမ်းဥပဒေ အသက်သွင်းရသည့် အကြောင်းရင်း 

အကျင့်ပျက်ခြစားခြင်း၊ နိုင်လိုမင်းထက်ပြုမူခြင်း စသောအကြောင်းများကြောင့် နှစ်ပေါင်းများစွာ နာမည်ပျက်လာသည့် မြန်မာစစ်တပ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တစ်ကျော့ပြန် အာဏာသိမ်းလိုက်ချိန်တွင် အဆုံးစွန်ထိဆုတ်ယုတ်သွားတော့သည်။

စစ်မှုထမ်းဥပဒေ အသက်သွင်းလိုက်သော်လည်း အချင်းချင်းပြန်လည်သတ်ဖြတ်နေရသည့် ပြည်တွင်းစစ်သာဖြစ်ရာ လတ်တလောဖြစ်ရပ်များနှင့် ပတ်သက်ပြီး စဉ်းစားတွေးခေါ်တတ်သူများ စစ်ထဲဝင်လိုမည်မဟုတ်ပေ။ 

စစ်ကောင်စီက စစ်မှုထမ်းဥပဒေ အသက်သွင်းလိုက်ခြင်းမှာ ၎င်းတို့နေရာဖယ်ပေးရမှာ စိုးရိမ်သောကြောင့်ဖြစ်ကာ တစ်တိုင်းတစ်ပြည်လုံးကို ဆွဲချလိုက်ခြင်းလည်းဖြစ်သည်ဟု လက်ရှိ စစ်ဗိုလ်ချုပ်ကြီးတချို့နှင့် စစ်တက္ကသိုလ်အတူတက်ရောက်ခဲ့သည့် တပ်အရာရှိဟောင်းတစ်ဦးက ဆိုသည်။

“ဒါက ပြည်သူ့စစ်မဟာဗျူဟာအရ ရေးဆွဲထားတာ။​ ပြည်ပကျူးကျော်စစ်ပွဲအတွက်ပါ။ တိုင်းရင်းသားပြည်သူတွေနဲ့ စစ်ဆင်ရတဲ့ပြည်တွင်းစစ်ဖြစ်နေတော့ ထောက်ခံမှုနည်းပြီး အခက်အခဲတွေနဲ့ သေချာပေါက်တွေ့မှာပဲ” ဟုလည်း အထက်ပါ တပ်အရာရှိဟောင်းက မှတ်ချက် ပြုသည်။ 

“လူငယ်တွေအကုန် နိုင်ငံခြားထွက်ပြေးကြတော့မယ်။ ငယ်ရွယ်သူ Labour Force (လုပ်သားအင်အား) ဆုံးရှုံးပြီး လုပ်ငန်းတွေ ပြဿနာတက်လာမယ်”

CDM ဗိုလ်ကြီးလင်းထက်အောင်ကလည်း စစ်ကောင်စီတပ် လူအင်အားနည်းလာသဖြင့် စစ်ခေါင်းဆောင်က စစ်မှုထမ်းဥပဒေကို မျက်စောင်းထိုးလာခြင်းဖြစ်သည်ဟု ဝေဖန်သည်။

“မြောက်ကိုရီးယားလို စစ်အင်အားတောင့်တင်းချင်တဲ့ဆန္ဒ စစ်ဗိုလ်ချုပ်တွေမှာရှိတယ်။​ ဒီဥပဒေကို အသက်သွင်းချင်ပေမဲ့ ပြည်ပရန်ကို အဓိကထားတဲ့ဥပဒေမျိုးဖြစ်နေတော့ မြန်မာနိုင်ငံအနေနဲ့ မသင့်လျော်ခဲ့ဘူး” ဟုလည်း ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။

လက်တွေ့၌မူ စစ်ကောင်စီသည် အာဏာသိမ်းမှုကို ဆန့်ကျင်သော တော်လှန်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့်သာ ရင်ဆိုင်နေသည်။ လက်နက်ကိုင်ပဋိပက္ခနောက်ကွယ်တွင် အင်အားကြီး ပြည်ပနိုင်ငံကြီးများ ပါဝင်ပတ်သက်နေသည်ဟု စစ်ခေါင်းဆောင်က မကြာခဏ ထုတ်ဖော်ပြောဆိုဖူးသည်။ သို့သော် မည်သည့်နိုင်ငံဟု ပြောဆိုခြင်းမရှိပေ။ 

စစ်စခန်းအများအပြားကို လက်လွှတ်ပေးလိုက်ရခြင်း၊ စစ်ရှုံးရခြင်းမှာ စစ်တပ် ညံ့ဖျင်းခြင်းကြောင့် မဟုတ်ဟုလည်း သူ့စကားက အဓိပ္ပာယ်ထွက်နေသည်။

အာဏာသိမ်းပြီး သုံးနှစ်အတွင်း အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်နေသော စစ်ကောင်စီသည် မရရသည့်နည်းဖြင့် ဟန်ကိုယ့်ဖို့ကြိုးစားနေသော်လည်း တပ်တွင်းအင်အားနည်းလာသည်မှာ ဖုံးမနိုင်ဖိမရ ဖြစ်လာသည်ဟု ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။

“ကြည်းတပ်တွေဆို လက်နက်ချတာနဲ့ တပ်ဖွဲ့စည်းပုံပျက်တဲ့အထိ ကျဆုံးတာ၊ ထွက်ပြေးတာတွေ အများကြီးရှိလာတော့ လျော့နေတဲ့အင်အားကို ဖြည့်ဆည်းချင်တဲ့ ရည်ရွယ်ချက်ပါတယ်”

နယ်စပ်ဒေသတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ရင်းလိုက်လက်နက်ချ အညံ့ခံခြင်းများရှိသည့်အပြင် နယ်စပ်စည်းမျဉ်းကို ဖြတ်ကျော်ကာ အိမ်နီးချင်းနိုင်ငံများထံ ထွက်ပြေးသူများလည်းရှိသည်။ လာအိုမှလွဲ၍ ကျန်အိမ်နီးချင်းနိုင်ငံအားလုံးကို စစ်သားများထွက်ပြေးထားသည်။ လာအိုနယ်စပ်တွင်လည်း စစ်ဖြစ်ခြင်း မရှိသေးပေ။

သောကပင်လယ်ဝေ

နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်ကြီးများ၏ အာဏာရူးသွပ်မှုကြောင့် စစ်မြေပြင်ရောက် လက်အောက်ခံ စစ်သားများ နေ့စဉ်အသက်ဘေးလုနေရသည်။ မတတ်သာသည့်အဆုံး ရန်သူ့ထံ လက်နက်ချအညံ့ခံသူများ၊ နီးစပ်ရာထွက်ပြေးသူများ များသည်ထက်များလာသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်စစ်မြေပြင်၌ စစ်ကောင်စီဘက်က စခန်းကြီးစခန်းငယ်ပေါင်းများစွာ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ လက်နက်ခဲယမ်းများလည်း တောင်ပုံရာပုံဖြစ်သည်။​ စစ်တပ်မှလွဲ၍ အခြားသော လက်နက်ကိုင်တပ်ဖွဲ့များထံတွင် မရှိသည့် လက်နက်ခဲယမ်းမျိုးစုံ အလုံအလောက် ပိုင်ဆိုင်ထားသည့် အနေအထားတွင် ဆက်တိုက် အရေးနိမ့်နေခြင်းမှာ ဖွဲ့စည်းပုံပျက်ယွင်းခြင်းအပြင် စိတ်ဓာတ်ရေးရာကျဆင်းလာခြင်းလည်း မည်ပေသည်။

အာဏာသိမ်းပြီးကတည်းက ယနေ့အချိန်ထိ နားရက်မရှိ စစ်ထွက်နေရသည်ဖြစ်ရာ အောက်ခြေ စစ်သည်များနှင့် မိသားစုဝင်များအနေဖြင့် နေ့နေ့ညည ရတက်မအေးဖြစ်နေရသည်။

ယခုအခါ တောရောမြို့ပါမကျန် အနယ်နယ်အရပ်ရပ်ရှိ မိဘပြည်သူများ၊ အထူးသဖြင့် လူငယ်လူရွယ်များလည်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် သောကပင်လယ်ဝေနေရပြီဖြစ်သည်။ မြောက်ဥက္ကလာပမြို့နယ်မှ ကိုသူရိန်နည်းတူ စိုးရိမ်ပူပန်နေသည့် လူငယ်တစ်ဦးမှာ သာကေတမြို့နယ်မှ ကိုအာကာဆိုသူပင်။

ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ရန် ပြင်ဆင်နေချိန် စစ်ကောင်စီက ဥပဒေဖြင့် စစ်မှုထမ်း ဆင့်ခေါ်မည့်အကြောင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။ နိုင်ငံခြားထွက်ခါနီးမှ တက်ကျိုးသလိုဖြစ်သွားသည်။ သူ့နည်းတူ အခြားကိုရီးယားသွားမည့်သူများအတွက်လည်း ရိုက်ခတ်မှုကြီးလှသည်။

“ပြည်ပထွက်ခွာ ပိတ်ထားမယ်တောင် ကြားနေရတယ်။ သာသနာ့ဘောင်ထဲဝင်ဖို့ကလည်း အဆင်မပြေပါဘူး။ ထွက်ပေါက်ပိတ်မယ့် ရာခိုင်နှုန်းများနေတယ်” ဟု အသက် ၃၀ အရွယ် ကိုအာကာက စိုးရိမ်တကြီးဆိုသည်။

အခြားတစ်ဖက်တွင်လည်း ဗိုလ်ချုပ်ကြီးများ၏ စစ်မှုထမ်းဥပဒေက လူငယ်များကို PDF ထဲ တွန်းပို့နေသည်။ စစ်မှုထမ်းဥပဒေကြေညာပြီးနောက် လူငယ်အများအပြား ဆက်သွယ်လာကြသည်ဟု ဒေသအသီးသီးရှိ တော်လှန်တပ်ဖွဲ့များထံမှ သိရသည်။

အာဏာသိမ်းပြီးစက မန္တလေးမြို့တွင် နေ့စဉ်ရက်ဆက်ပေါ်ပေါက်ခဲ့သော ဆန္ဒပြပွဲများ၌ မသိင်္ဂီ (ယာအစွန် အင်္ကျီအနီရောင်ဖြင့်) လည်း ပါဝင်ခဲ့သည်။ (ဓာတ်ပုံ – ပေးပို့)

“တစ်စက္ကန့်လေးတောင် မဝင်နိုင်ဘူး” ဟု ခပ်ပြတ်ပြတ်ပြောလိုက်သူမှာ မန္တလေးမြို့မှ အသက် ၂၀ စွန်းစွန်းအရွယ် မသိင်္ဂီပင်။ စစ်မှုထမ်းဥပဒေအသက်သွင်းလိုက်သော်လည်း စစ်ကောင်စီတပ်ထဲ မဝင်ဟု ယတိပြတ်ဆိုသည်။

“ကိုယ်ကဝင်လိုက်ရင် သစ္စာဖောက်သလိုဖြစ်သွားမယ်။ ဒီလောက်ထိရောက်လာပြီးမှ ဒီအချိန်မှတော့ မဝင်ဘူး” ဟု စစ်ကောင်စီတပ်ထဲဝင်မည့်အစား ပြည်သူ့ကာကွယ်ရေးတပ် (PDF) ထံသာ သွားမည်ဟုလည်း မသိင်္ဂီက ပြောသည်။ 

ရွေးချယ်စရာရှိ၊ မရှိ

စစ်မှုထမ်းဥပဒေက အိမ်တိုင်းကို တံခါးလာခေါက်နေပြီဖြစ်သည်။ 

အခြေအနေအရပ်ရပ်ကြောင့် လူငယ်များအတွက် ရွေးချယ်စရာများများစားစား မရှိနိုင်ပေ။ အကြမ်းဖျင်းအားဖြင့် ဖြစ်နိုင်ခြေသုံးခုရှိနေသည်။ (၁) ထွေထွေထူးထူးစဉ်းစားမနေဘဲ စစ်ကောင်စီတပ်ထဲ ဝင်လိုက်ခြင်း၊ (၂) ရသည့်နည်းဖြင့် ပြည်ပထွက်ခွာခြင်း သို့မဟုတ် ပြည်တွင်းတွင် တိမ်းရှောင်ခြင်း၊ (၃) အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများအတွက် အသက်အသေခံမည့်အစား နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းလိုက်ခြင်းပင်။

စစ်ကောင်စီထံစစ်မှုထမ်းခြင်းမှ ရှောင်လွှဲလိုပါက တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းရာဒေသများသို့ သွားခြင်း၊ ပြည်ပတွင် နေထိုင်ခြင်း စသည့် နည်းလမ်းများ ရှိသည်ဟု ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က အကြံပြုသည်။

“ညှပ်ပူးညှပ်ပိတ်ဖမ်းမိလို့ အတင်းပါသွားရင်တော့ ထွက်ပြေးဖို့သာပြင်၊ သေနတ်ပြောင်းလှည့်ဖို့ ပြင်ပေါ့။ ဒါပဲရှိတာ” 

မည်သည့်လက်နက်ကိုင်အဖွဲ့ထဲ ဝင်သည်ဖြစ်စေ သေချာပေါက် အသက်အန္တရာယ်များနေသည့်အတွက် လူငယ်များအတွက် ရွေးချယ်စရာနည်းသည်ထက်နည်းနေသည်။

စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြား ရရာနည်းဖြင့် ပြည်ပထွက်ရန် စိုင်းပြင်းလာကြသည်။

အာဏာသိမ်းပြီးကတည်းက ထောင်နှင့်ချီသောလူငယ်များ ပြည်ပနိုင်ငံများသို့ ရရာနည်းဖြင့် ထွက်ခွာခဲ့ကြသည့်နည်းတူ ယခုတစ်ကြိမ်တွင်လည်း အစုလိုက်အပြုံလိုက်ထွက်ကြဖွယ်ရှိသည်။

အရွယ်ကောင်းတုန်း စီးပွားရှာရမည့်အချိန် စစ်တပ်ထဲဝင်ရမည်ဆိုပါက ဘဝစုံးစုံးမြုပ်သွားလိမ့်မည်ဟု ပုဂ္ဂလိကကုမ္ပဏီတစ်ခုတွင် အင်ဂျင်နီယာအလုပ်ဖြင့် အသက်မွေးနေသူ ပဲခူးတိုင်းတစ်နေရာမှ ကိုဇေယျာတွေးမိသည်။

“ကျွန်တော်အလုပ်မရှိလို့ မဖြစ်ဘူး။ စစ်တပ်ထဲဝင်ရင် ရမယ့်လစာက ဘာမှမဟုတ်ဘူး”

၎င်းကိုယ်တိုင် ရသည့်ဝင်ငွေထဲမှ ဖဲ့ကာ တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့နေသည်ဖြစ်ရာ စစ်ကောင်စီတပ်ထဲဝင်ရမည့်အရေးကို လုံးဝပင်စိတ်မကူးနိုင်ဟု ဆိုသည်။

ပဲခူးတိုင်းတစ်နေရာရှိ ဆောက်လုပ်ရေးလုပ်ငန်း၌ တွေ့ရသည့် လူငယ်အင်ဂျင်နီယာတစ်ဦးဖြစ်သူ ကိုဇေယျာ။ (ဓာတ်ပုံ – ပေးပို့)

“ကိုယ်ချစ်တဲ့လူတွေနဲ့ ပြန်တိုက်ရမယ့်အဖြစ်မျိုးတော့ လုံးဝလက်ခံလို့မရဘူး။ ပြည်သူအချင်းချင်း တိုက်ရအောင်လုပ်တာ” ဟု စစ်ကောင်စီလုပ်ရပ်အပေါ် အသက် ၃၀ အရွယ် ကိုဇေယျာက ဝေဖန်သည်။

မိဘနှစ်ပါးနှင့် မိသားစုတစ်ခုလုံး သူ့လစာဝင်ငွေအပေါ် မီခိုနေရသည်ဖြစ်ရာ အရာအားလုံးကို ပစ်ချပြီး တော်လှန်ရေးတပ်ဖွဲ့ထဲ ဝင်ရန်လည်း ခက်ခဲနေသည်။ မင်္ဂလာဆောင်ရန် ပိုက်ဆံစုနေချိန် ယခုလိုကြုံလာရသဖြင့် အတော်ပင်စိတ်ဆင်းရဲနေရသည်။ တစ်နည်းနည်းဖြင့် ပြည်ပထွက်နိုင်ရန် စဉ်းစားထားသည်။

ကိုဇေယျာနည်းတူ လူငယ်အများစုရွေးချယ်မည့် နည်းလမ်းမှာ ပြည်ပထွက်ခွာရေးပင်။ အိမ်နီးချင်း ထိုင်း၊ မလေးရှား၊ စင်ကာပူမှသည် ကိုရီးယားနှင့် ဂျပန်အထိ မြန်မာအလုပ်သမားများစွာရောက်နှင့်ပြီးလည်းဖြစ်သည်။ စစ်မှုထမ်းဥပဒေကြောင့် အမိမြန်မာနိုင်ငံကို စွန့်ခွာသူ ပိုမိုများပြားလာတော့မည်လည်းဖြစ်သည်။

စစ်မှုထမ်းဥပဒေကို မနှစ်သက်ကြသော်လည်း နိုင်ငံအနှံ့တွင် ထွက်ပြေးရန် အခြေအနေမပေးသူ၊ လာဘ်မထိုးနိုင်သူ အများအပြားရှိနေရာ အာဏာသိမ်းဗိုလ်ချုပ်များ လိုအပ်သည့် စစ်သားသစ်စုဆောင်းရေးအစီအစဉ် ပျက်ပြယ်သွားဖွယ် မရှိပေ။ 

တစ်ဦးစ နှစ်ဦးစ ဖမ်းဆီးခြင်းမျိုးမဟုတ်ဘဲ လူငယ်အမျိုးသား အများအပြားကို အစုအပြုံလိုက် ဖမ်းဆီးသည့်သတင်းများလည်း အွန်လိုင်းလူမှုကွန်ရက်တွင် ထွက်ပေါ်နေရာ ထိုသူတို့ကို စစ်သင်တန်းကျောင်းသို့ အတင်းအကျပ် ပို့ဆောင်ဖွယ်ရှိသည်ဟု အများက ယူဆထားကြသည်။

စစ်မှုထမ်းဥပဒေဂယက်သည် မကြာမီ ကျရောက်တော့မည့် သင်္ကြန်ကာလတွင် ဇာတိသို့ အလည်အပတ်ပြန်ရန် ပြင်ဆင်ထားကြသည့် ရပ်ဝေးရောက်နေသူများကိုလည်း ကြီးမားစွာ ရိုက်ခတ်နေသည်ကို တွေ့ရသည်။

ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နေသော မြန်မာပြည်တောင်ပိုင်းမှ လူငယ် ၂ ဦးက မတ်လတွင် ခွင့်ယူပြီး မိဘများထံ သွားရောက်လည်ပတ်ရန် လေယာဉ်လက်မှတ် ဝယ်ပေးထားပြီး ဖြစ်သော်လည်း ခရီးသွားမည့် အစီအစဉ်ကို ဖျက်သိမ်းဖွယ်ရှိသည်ဟု ၎င်းတို့၏ အစ်မတော်စပ်သူက Myanmar Now ကို ပြောသည်။

“သူတို့ သွားရဲမှာ မဟုတ်ဘူး။ ရွာကို ပြန်ရောက်သွားတဲ့သူတွေတောင် (စစ်မှုထမ်းဥပဒေသတင်းကြောင့် ဘန်ကောက်ကို) ပြန်တက်လာပြီလေ” ဟု ထိုအမျိုးသမီးက ပြောလိုက်သည်။

Show More

Related Articles

Back to top button