အာဏာသိမ်းစစ်ကောင်စီ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အသက်သွင်းလိုက်သည့် စစ်ထဲမဝင်မနေရ ဥပဒေကြောင့် အိမ်နီးချင်းထိုင်းအပါအဝင် ပြည်ပနိုင်ငံများသို့ မြန်မာလူငယ်များ အလုံးအရင်းထွက်ခွာရန် စီစဉ်နေကြောင်း သိရသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲများတွင် ဆက်တိုက်ရှုံးနိမ့်နေပြီး စစ်သည်အင်အား အလွန်အမင်း လိုအပ်နေသည့် စစ်ကောင်စီက အရွယ်ရောက်သူများကို တပ်ထဲထည့်နိုင်ရန် လွန်ခဲ့သည့် ၁၄ နှစ်က စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ခြင်းဖြစ်သည်။
စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ချက်ချင်းဆိုသလို လူငယ်အများအပြားက ပြည်ပထွက်ခွာရန် စီစဉ်လာကြရာ ရန်ကုန်မြို့ရှိ ထိုင်းနှင့် နိုင်ငံတကာသံရုံးအချို့တွင် ဗီဇာလျှောက်သူ၊ လေယာဉ်လက်မှတ်ဝယ်ယူသူအရေအတွက် သိသိသာသာများပြားလာကြောင်း ခရီးသွားအေဂျင်စီများ၊ ခရီးထွက်ရန် စီစဉ်သူများထံမှ စုံစမ်းသိရှိရသည်။
အထူးသဖြင့် အိမ်းနီးချင်းထိုင်းနိုင်ငံသို့ သွားရန် စီစဉ်နေကြရာ ရန်ကုန်မြို့၊ မနော်ဟရီလမ်းရှိ ထိုင်းသံရုံးတွင် သံရုံးဝင်ခွင့်အတွက် သုံးနာရီမှ လေးနာရီကြာသည်အထိ စောင့်ဆိုင်းခဲ့ရသလို ယမန်နေ့မှစ၍ လူဦးရေကန့်သတ်ရသည်အထိ ဗီဇာလျှောက်ထားသူ များပြားလာကြောင်း ဗီဇာဝန်ဆောင်မှုပေးနေသည့် ရန်ကုန်မြို့မှ ခရီးသွားအေဂျင်စီလုပ်ငန်းတစ်ခုမှ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
“လျှောက်တာက တော်တော်များတယ်။ အရင်တုန်းက Limit (လူဦးရေကန့်သတ်ချက်) တစ်ခါမှ မထားဘူး။ ၉ နာရီကနေ ၁၁ နာရီထိ ဗီဇာဝင်တဲ့အချိန်ပေါ့၊ ကျော်သွားရင် လက်မခံတော့ဘူး။ နောက်နေ့ ပြန်လာပေါ့။ ရက်တိုင်းက ရက်ကျပ် မဟုတ်ဘူး။ တချို့ရက်တွေက ချောင်တယ်။ အခုတော့ တော်တော်ကြီးများတယ်” ဟု ၎င်းက ဆိုသည်။
ဗီဇာလျှောက်ထားသူများပြားသောကြောင့် မနက်ပိုင်းတွင် ပက်စ်ပို့တိုက်ဆိုင်စစ်ဆေးကာ အလှည့်ကျတိုကင်ထုတ်ပေးမည်ဖြစ်ပြီး တစ်ရက်လျှင် လူဦးရေ ၄၀၀ သာ ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
ထိုင်းသံရုံးက တရားဝင်ခွင့်ပြုထားသည့် ဗီဇာအေဂျင်စီ ၂၀ ခုရှိရာ ထိုအေဂျင်စီဝန်ဆောင်မှုဖြင့် လျှောက်လျှင် ယခင်က စာရင်းပေးပြီး နောက်တစ်ရက်တွင် သံရုံးဝင်ခွင့်ရသော်လည်း ယခုအခါ သီတင်းနှစ်ပတ်ခန့် ကြာမြင့်နိုင်ကြောင်း ၎င်းက ဆိုသည်။
“ထိုင်းတစ်ခုပဲ တော်တော်များတယ်၊ ထိုင်းက အနီးဆုံးဆိုတော့လေ။ ဒူဘိုင်းကတော့ E-Visa လျှောက်လို့ရတယ်၊ တစ်လရတယ်၊ နှစ်လရတယ်။ အဓိကက ထိုင်းဖြစ်နေတာပေါ့။ အလွယ်ဆုံးက ထိုင်းဆိုတော့” ဟု သူက ဆိုသည်။
တရုတ်နှစ်သစ်ကူးကာလဖြစ်သောကြောင့် ခရီးထွက်သူ များပြားနေချိန်တွင် စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာသူပိုများသွားခြင်းဖြစ်ပြီး လေယဉ်လက်မှတ်ဝယ်မရသည့် အခြေအနေမဟုတ်သော်လည်း လက်မှတ်ဈေးနှုန်းပိုတက်လာကြောင်း လေယာဉ်လက်မှတ်ရောင်းချသည့် ကိုယ်စားလှယ်ဆိုင်များထံမှ သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ရန်ကုန်-ချင်းမိုင် အသွားလက်မှတ်တစ်စောင်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၁၀ ဖြစ်နေကြောင်း တွေ့ရသည်။
စစ်ကောင်စီက ပြည်ပထွက်ခွာခွင့်ကို အချိန်မရွေးကန့်သတ်နိုင်သည့် စိုးရိမ်စိတ်ဖြင့် မြန်မာနိုင်ငံမှ အမြန်ဆုံးထွက်ခွာခွင့်ရရန်အရေးကြီးသည်ဟု တွေးဆကာ ထိုင်းတွင် ရက်ပေါင်း ၆၀ နေထိုင်ခွင့်ရှိပြီး လျှောက်ထားရန် လွယ်ကူသည့် အလည်အပတ်ဗီဇာကို အများဆုံးလျှောက်ထားကြောင်းလည်း စုံစမ်းသိရှိရသည်။
လူတစ်ဦးချင်းစီအလိုက် နီးစပ်ရာအဆက်သွယ်ရှိသည့် စင်ကာပူ၊ မလေးရှား အစရှိသည့် နိုင်ငံများသို့ ထွက်ခွာရန် စီစဉ်နေကြသလို တရားမဝင်လမ်းကြောင်းမှ ထိုင်းကို ထွက်ခွာရန် စီစဉ်သူများရှိကြောင်း ဧရာဝတီတိုင်းမှ အမည်မဖော်လိုသည့် အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။ သူကိုယ်တိုင်လည်း ထိုင်းနိုင်ငံသို့ သွားရန် ပြင်ဆင်နေသည်။
စင်ကာပူမှ ပြန်လာပြီးနောက် ပြည်ပပြန်ထွက်ရန် အစီအစဉ်မရှိခဲ့သော်လည်း စစ်မှုထမ်းဥပဒေကြောင့် ဆုံးဖြတ်ချက်ပြောင်းလိုက်ရကြောင်း၊ မိသားစုနှင့် အတူတကွနေထိုင်လိုသည့် မိဘများကပင် သားသမီးများကို ပြည်ပထွက်ခွာကြရန် တွန်အားပေးလာကြောင်း သူက ဆိုသည်။
“စိုးရိမ်ရေမှတ်က ပြောလို့ကိုမရနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်မှုထမ်းဥပဒေက ကျွန်တော်တို့ကို သေတွင်းထဲ ပို့သလိုပဲ ခံစားနေရတာလေ။ အခု စစ်သားတွေပြုန်းတီးကြတယ်။ သေကြတယ်။ တပ်ထဲမှာ တပ်တွင်းအင်အား လျော့ရဲနေတော့ ရောက်ပြီဆိုတာနဲ့ ရှေ့တန်းရောက်ဖို့ များတယ်” ဟု သူက ဆိုသည်။
စစ်အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ယခုဥပဒေ၏ ဂယက်သည် စစ်တပ်ထောက်ခံသူ၊ ကြားနေနှင့် တော်လှန်ရေးထောက်ခံသူ အုပ်စုသုံးစုလုံးအပေါ် သက်ရောက်မည်ဖြစ်ပြီး မြန်မာလူငယ်များကို ပြည်ပသို့ တွန်းထုတ်လိုက်သည့် လှိုင်းလုံးတစ်ခုဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
စစ်အာဏာသိမ်းမှုကြောင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာ၍ အုံလိုက်ကျင်းလိုက် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေချိန် ယခုဥပဒေကြောင့် ထွက်ခွာသူ ပိုများလာနိုင်ကြောင်း ရန်ကုန်မြို့မှ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“များသောအားဖြင့် မိဘတွေက ကလေးတွေကို ဒီမှာ မထားချင်ကြတော့ဘူးလေ။ ရရင် ရသလို ပြည်ပကို လွှတ်ဖို့ပဲ စဉ်းစားကြတာပေါ့။ နေ့တိုင်းနေ့တိုင်းလည်း ပက်စ်ပို့လျှောက်တဲ့သူတွေ များလာတယ်။ ရိုးရိုးဈေးကတော့ QR နဲ့ တင်မယ်ဆိုရင် ကျပ် ၃၀,၀၀၀၊ ၃၅,၀၀၀ ပေါ့။ အပြင်မှာ ပေါက်နေတာတွေက ကြောက်စရာကြီးတွေ ဖြစ်နေတယ်” ဟု သူက ဆိုသည်။
ထိုဥပဒေကြောင့် ပြည်ပသို့ အလုပ်သမားစေလွတ်ရာတွင် ကန့်သတ်ချက်အသစ်များ ချမှတ်နိုင်ကြောင်း၊ ထွက်ခွာခွင့်တင်းကျပ်ပါက တရားမဝင်လမ်းကြောင်းများကို ပိုမိုရွေးချယ်လာနိုင်ကြောင်း သူက ဆိုသည်။
လူအများ စိုးရိမ်မှုမြင့်တက်နေချိန် ပြည်ပမှ အလုပ်ခေါ်စာသစ်များကို ပိတ်ပင်လိုက်ကြောင်း ယမန်နေ့ (ဖေဖော်ဝါရီ ၁၄) တွင် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများကို အကြောင်းကြားခဲ့သော်လည်း ယနေ့တွင် ပြန်လည်ဖွင့်ပေးလိုက်သည်။
ထို့ပြင် စစ်ကောင်စီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပထွက်ခွာခွင့်များကို ကန့်သတ်မထားဟု ယနေ့တွင် ကြေညာထားကြောင်း ပြည်ပထွက်ခွာသူများက လူမှုကွန်ရက်များတွင် ရေးသားကြသည်။
ပြည်ပသို့ တိမ်းရှောင်လိုသူများက ရန်ကုန်လေဆိပ်ကဲ့သို့ ပြည်ပထွက်ပေါက်တွင် ဟန့်တားခံရမည်ကို စိုးရိမ်နေကြချိန်တွင် ထိုကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
မဲစာရင်းမှားယွင်းမှုအကြောင်းပြပြီး အာဏာသိမ်းထားသည့် စစ်တပ်က အများပြည်သူကို ပစ်သတ်၊ အိမ်မီးရှို့၊ ပစ္စည်းလုယူမှု နေ့စဉ် ပေါ်ပေါက်နေရာ စစ်မှုမထမ်းမနေရဥပဒေရ လူငယ်များ အဆိုပါ စစ်တပ်ထဲ ဝင်ရမည်ဆိုသောကြောင့် တစ်နိုင်ငံလုံး ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။
စစ်မှုထမ်းဆင့်ခေါ်ခြင်းကို သင်္ကြန်ရုံးပိတ်များအပြီး လာမည့်ဧပြီလတွင် စတင်မည်ဖြစ်ကြောင်း၊ စစ်သင်တန်းအပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်းဖြင့် ခေါ်မည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က ယမန်နေ့တွင် သတင်းဌာနတစ်ခုကို ထုတ်ဖော်ပြောဆိုသည်။
“တစ်နှစ်တစ်နှစ်ကို ခေါ်နိုင်တဲ့လူဦးရေ ငါးသောင်းထက် ပိုနိုင်စရာ အကြောင်းမရှိပါဘူး” ဟုလည်း သူက သတင်းထုတ်ပြန်သည်။
“သင်တန်းပြီးစီးရင် အဓိကတော့ မိမိတို့ရပ်ရွာဒေသမှာရှိတဲ့ လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့တွေမှာသာ တာဝန်ထမ်းဆောင်စေဖို့အတွက် ရည်ရွယ်ပါတယ်”
အမျိုးသား ၁၈ နှစ်မှ ၃၅ နှစ်၊ အမျိုးသမီး ၁၈ နှစ်မှ ၂၇ အထိ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှု ပညာတတ်မြောက်သူ (သို့) အတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းသူဖြစ်ပါက အမျိုးသား ၁၈ နှစ်မှ ၄၅ နှစ်အထိ၊ အမျိုးသမီး ၁၈ နှစ်မှ ၃၅ နှစ်အထိ အကျုံးဝင်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။
စစ်မှုထမ်းရမည့် ကာလအပိုင်းအခြားမှာ သာမန်အခြေအနေတွင် ၂ နှစ်ဟုဆိုသော်လည်း အရေးပေါ်အခြေအနေဖြစ်ပါက ၅ နှစ်အထိ တိုးမြှင့်နိုင်ပြီး၊ စစ်မှုထမ်းရန် ငြင်းဆန်ပါက ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်ရှိသူအမျိုးသမီးများနှင့် ကိုယ်လက်အင်္ဂါမသန်းစွမ်းသူများ စစ်မှုထမ်းကင်းလွတ်ခွင့်ရမည်ဖြစ်သည်။ အခြားကင်းလွတ်ခွင့်ရမည့်သူများအတွက်လည်း စစ်ကောင်စီက အချက်နှစ်ချက် ထည့်သွင်းထားသည်။
စစ်တပ်ဆေးစစ်ဘုတ်အဖွဲ့က စစ်မှုထမ်းရန် မသင့်လျော်သူဟု သတ်မှတ်ထားသူများနှင့် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ခွင့်ပြုသူများ ကင်းလွတ်ခွင့်ရမည်ဟု ဆိုသည်။
ဆေးစစ်ဘုတ်အဖွဲ့နှင့် ဗဟိုအဖွဲ့ကို စစ်ဗိုလ်ချုပ်များသာ ဦးဆောင်မည်ဖြစ်ရာ ကင်းလွတ်ခွင့်ရသူ အမျိုးအစားနှင့်ပတ်သက်၍ သံသယပွားဖွယ်ရာဖြစ်နေသည်။