သတင်း

ဗိုလ်ချုပ်ကြီးများ၏ စစ်မှုထမ်းဥပဒေက လူငယ်များကို PDF ထဲ တွန်းပို့

စစ်ထဲမဝင်မနေရစနစ်ကျင့်သုံးမည်ဟု စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် လူငယ်အများအပြားသည် တော်လှန်ရေးတပ်များထံ ဝင်ရောက်ရန် စိတ်အားထက်သန်လာကြသည်။

စစ်ထဲမဝင်မနေရစနစ်ကျင့်သုံးမည်ဟု စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကြေညာခဲ့ပြီးနောက် လူငယ်အများအပြားက တော်လှန်ရေးတပ်ဖွဲ့များတွင် ဝင်ရောက်လုပ်ကိုင်ရန် ဆက်သွယ်လာကြကြောင်း တော်လှန်ရေးတပ်များထံမှ သိရသည်။

စစ်ကောင်စီက ကြေညာချက်ထုတ်အပြီး မရှေးမနှောင်းပင် တော်လှန်ရေးတပ်များကလည်း စစ်တပ်ထဲ မဝင်လိုပါက ၎င်းတို့ထံလာရောက်ပူးပေါင်းကြရန် ဖိတ်ခေါ်ခဲ့ရာ ထိုသို့ ဆက်သွယ်လာကြသည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်းအခြေစိုက် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) က တပ်သားသစ်ခေါ်ယူကြောင်း ဖေဖော်ဝါရီ  ၁၂ တွင် ကြေညာခဲ့ရာ လူ ၂၀၀ ကျော် ဆက်သွယ်လာခဲ့ကြောင်း၊ ထိုပမာဏမှာ စစ်မှုထမ်းဥပဒေမတိုင်ခင်ကနှင့် နှိုင်းယှဉ်ပါက သိသာစွာများပြားကြောင်း အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အရင်ကဝင်တဲ့လူပဲဖြစ်ဖြစ်၊ အခုမှ ဝင်မယ့်သူပဲဖြစ်ဖြစ် စစ်အာဏာရှင်စနစ်ကို (ဆန့်ကျင်ချင်လို့) ဝင်လာတဲ့သူတွေပဲ ဖြစ်တဲ့အတွက် ကျွန်တော်တို့က လက်ကမ်းကြိုဆိုမှာပါ” ဟု ၎င်းက ပြောသည်။၏

ထို့အတူ Monywa Nightking အမည်ရ စစ်ကိုင်းတိုင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၄ လက်အောက်ခံတပ်ခွဲထံသို့ ဆက်သွယ်မေးမြန်းသူ တစ်ရက်လျှင် အနည်းဆုံး ၃၀ ခန့်ရှိလာကြောင်း၊ တပ်သားသစ်များကို စိစစ်လက်ခံသွားမည်ဖြစ်ကြောင်း အဖွဲ့တာဝန်ခံတစ်ဦးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တို့အပါအဝင် ဒေသအသီးသီးရှိ ကာကွယ်ရေးတပ်များကလည်း လူငယ်များ စစ်ကောင်စီ၏တပ်ထဲ ဝင်မည့်အစား တော်လှန်ရေးတပ်ထဲ ဝင်ရန် ဖိတ်ခေါ်လျက်သည်။​

NUG ၏ ရန်ကုန်တိုင်းစစ်ဌာနက ဖေဖော်ဝါရီ ၁၂ တွင် တပ်သားသစ်ခေါ်ယူကြောင်း ကြေညာပြီး ၄၈ နာရီကြာအတွင်း လျှောက်ထားသူဦးရေမှာ မျှော်မှန်းသည်ထက် ကျော်လွန်နေ၍ လူသစ်ခေါ်ယူမှု ယာယီရပ်ဆိုင်းကြောင်းပင် ပြန်လည်ကြေညာထားရသည်။

တစ်ရက်ကြာအတွင်း လာရောက်လျှောက်လွှာတင်သူ ၂၅၀၀ ကျော်ရှိသည်ဟု ရန်ကုန်တိုင်းစစ်ဌာန စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝက ပြောသည်။

“မတရားမှုက ကိုယ့်အိမ်တံခါးကို ရောက်လာပါပြီ။ အတူတူရင်ဆိုင်ကြဖို့ အားမွေးထားကြပါ… စစ်ကောင်စီရဲ့ ယုတ်မာမှုတွေကို မြင်အောင်ကြည့်ပြီး တွန်းလှန်ဖို့ ခံယူချက်တွေနဲ့ ကျွန်တော်တို့ဆီကို လာရောက်တာဝန်ထမ်းဆောင်ဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်” ဟု ရဲဘော်ဒေဝက ဆိုသည်။

ဗမာပြည်သူ့ကာကွယ်ရေးတပ်တော် (BPLA) ပြန်ကြားရေးတာဝန်ခံ ရဲဘော်လင်းလင်းကလည်း ၎င်းတို့ထံတွင် တပ်သားသစ်လျှောက်ထားမှု ၂ ဆဖြစ်လာသည်ဟု  ပြောသည်။ ဆက်သွယ်လာသူအရေအတွက်ကိုမူ သူက ထုတ်ဖော်မပြောပေ။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၏ စစ်သင်တန်းတစ်ခု (ဓာတ်ပုံ – BPLA)

NUG လက်အောက်ခံ စစ်ကိုင်းခရိုင် PDF တပ်ရင်းတွင်လည်း စစ်မှုထမ်းလိုသဖြင့် ဆက်သွယ်မေးမြန်းလာသူ ၁၀၀ နှင့်အထက်တွင်ရှိကြောင်း တပ်ရင်းမှူး ဗိုလ်ယက္ခက ပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်များ ပိုမို နိုးကြားလာသည်ဟု ဗိုလ်ယက္ခက ပြောသည်။

“မြို့ပေါ်မှာဆိုလည်း ဘာတွေ၊ ကလပ်တွေ ဖွင့်ထားတယ်။ နယ်ဘက်တွေဆိုလည်း လောင်းကစားဝိုင်းတွေနဲ့။ မူးယစ်ဆေးဆိုလည်း တင်းကြပ်ထားတာမရှိဘူး။ တချို့လူငယ်တွေက မြန်မာနိုင်ငံအာဏာသိမ်းထားတာ ဟုတ်လား၊ မဟုတ်လား မသိတော့တဲ့အခြေအနေ ဖြစ်နေရာကနေ လူငယ်တွေက ဝုန်းခနဲ့ လှုပ်နှိုးလိုက်သလိုဖြစ်သွားတာ” ဟု ၎င်းက ပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ရှောင်ရှားလို၍ တော်လှန်ရေးတပ်ထံ ဝင်ရောက်ခြင်းထက် စစ်အာဏာရှင်ကို တော်လှန်မှ ရမည်ဟူသောစိတ်ဖြင့် ပူးပေါင်းကြရန် ၎င်းက တိုက်တွန်းသည်။

တနင်္သာရီတိုင်းတွင်လည်း PDF ထဲ ဝင်ရန် ဆက်သွယ်စာရင်းပေးသူ များပြားလာကြောင်း ထိုဒေသအကြောင်း အထူးပြုတင်ဆက်သည့် Dawei Watch သတင်းဌာနက ရေးသားထားသည်။

တနင်္သာရီအခြေစိုက် PDF တပ်ဖွဲ့ စစ်သင်တန်းဆင်းပွဲတစ်ခု၏ မှတ်တမ်းဓာတ်ပုံကို တနင်္သာရီစစ်ဒေသခွဲ – ကွပ်ကဲရေးအဖွဲ့က ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

စစ်တပ်သည် အာဏာမသိမ်းမီကပင် နာမည်အပျက်ဆုံးအခြေအနေသို့ ရောက်ရှိနေရာ ဝင်ရောက်အမှုထမ်းလိုသူ နည်းပါးသဖြင့် နည်းမျိုးစုံဖြင့် စစ်သားစုဆောင်းခဲ့ကြရသည်။ တပ်ရင်းမှူးများ၊ ရာထူးတက်လိုသော အရာရှိများက လူသစ် မဖြစ်မနေ စုဆောင်းရှာဖွေပေးရသဖြင့် လူသစ်တစ်ဦး ရရှိရန် ၁၀ သိန်းမှ သိန်း ၃၀ ကျော်အထိ အကုန်အကျခံလာရသည်။

အာဏာသိမ်းပြီး အကြမ်းဖက်မှု၊ ရာဇဝတ်မှုများ ဆက်တိုက် ကျူးလွန်နေသောကြောင့် စစ်တပ်၏ နာမည် ပိုပျက်လာရာ လိုလိုလားလား ဝင်ရောက်သူ မရှိသလောက် နည်းပါးလာသည်။

အာဏာမသိမ်းမီကပင် စစ်မှုထမ်းသက် ၁၀ နှစ်ပြည့်သဖြင့် ထွက်ခွင့်တောင်းသူများကိုလည်း တပ်ထဲတွင် ဆက်ခေါ်ထားခဲ့သည်။

စစ်ကောင်စီက အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေတွင်မူ စစ်မှုထမ်းကာလကို  ၂ နှစ်အထိ လျှော့ချလိုက်သည်။ သို့သော်လည်း အရေးပေါ်အခြေအနေတွင် ၅ နှစ်အထိ အနည်းဆုံး စစ်မှုထမ်းရမည်ဖြစ်သည်။

စစ်မှုထမ်းကာလပြည့်ပါက အခြားသူများ အိမ်ပြန်ခွင့်ရနိုင်သော်လည်း ပါရဂူဘွဲ့ရသူများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူများ၊ သတ်မှတ်သည့် အရည်အချင်းနှင့် ပြည့်စုံသည်ဟု စစ်တပ်က သတ်မှတ်လိုက်ပါက ထိုသူများသည် စစ်တပ်အလိုရှိပါက နောက်တစ်ကြိမ် တပ်ထဲ ထပ်ဝင်ရမည်ဖြစ်သည်။

သာမန်အရပ်သားများထဲမှ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ၊ ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ၊ ဘွဲ့ရပညာတတ်များထဲမှ ၁၈ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသမီးများ စစ်ထဲဝင်ရမည်ဖြစ်သည်။

စစ်မှုထမ်းရန် ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ ချနိုင်သည်ဟုလည်း ပြဋ္ဌာန်းထားသည်။

တပ်သားသစ်အင်အားများလာပါက လက်ရှိရင်ဆိုင်နေရသည့်စစ်ပွဲများတွင် အရေးသာသွားနိုင်ခြေရှိသည် ဆိုသော စစ်ကောင်စီတွက်ကိန်းဖြစ်လာမည်မဟုတ်ဘဲ စစ်တပ်အခက် တော်လှန်ရေးအချက်ပင် ဖြစ်သွားနိုင်သည်ဟု စစ်တပ်ကို ပုန်ကန်စွန့်ခွာလာသည့် CDM အရာရှိ ကိုလင်းထက်အောင်က သုံးသပ်သည်။

“သူတို့ (တော်လှန်ရေးတပ်ဖွဲ့တွေ) ပြင်ဆင်ရမှာတွေတော့ ရှိတယ်၊ စစ်တပ်ထဲ မဝင်ချင်လို့ ဒီဘက်ထဲ ဝင်လာတယ်၊ ဒီထဲရောက်တော့ ပုံစံတစ်မျိုးဖြစ်သွားတယ်ဆိုတာမျိုး ဖြစ်မှာထက် သေချာစနစ်တကျ လေ့ကျင့်ပြင်ဆင်ပေးဖို့ လိုတယ်” ဟု ကိုလင်းထက်အောင်က ပြောသည်။

Show More

Related Articles

Back to top button