စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အမေရိကန်အစိုးရက စတင်အရေးယူလိုက်ပြီဖြစ်သည်။ အာဏာသိမ်းစစ်တပ်၏ ဝင်ငွေရပေါက်ရလမ်းကြီးတစ်ခုဖြစ်သော နိုင်ငံပိုင်ရေနံလုပ်ငန်းကို အပြည့်အဝ ပိတ်ဆို့အရေးယူရန် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက အစဉ်တစိုက် တောင်းဆိုနေသည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ယမန်နေ့ (အောက်တိုဘာ ၃၁) ထုတ်ပြန်ချက်အရ MOGE နှင့် ပတ်သက်သော ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများကို လာမည့် ဒီဇင်ဘာ ၁၅ ရက်နေ့မှစ၍ တားမြစ်သည်။ နိုင်ငံခြားဝင်ငွေ ဒေါ်လာဘီလျံချီ ရှာဖွေပေးနေသည့် နိုင်ငံပိုင်ရေနံလုပ်ငန်းကို အမေရိကန်အစိုးရက ပထမဆုံးအကြိမ် တိုက်ရိုက်အရေးယူခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံသားများအနေဖြင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ MOGE ကို ဘဏ္ဍာရေးဝန်ဆောင်မှုပေးခွင့်ရှိမည် မဟုတ်ပေ။ အဆိုပါ တားမြစ်ချက်တွင် ချေးငွေ၊ ငွေစာရင်း၊ အာမခံနှင့် ရင်းနှီးမြှုပ်နှံမှုအပြင် အခြားငွေကြေးဝန်ဆောင်မှုများလည်း အကျုံးဝင်မည်ဖြစ်သည်။
“စစ်ကောင်စီ လက်လှမ်းမီနေတဲ့ အမေရိကန်ဒေါ်လာရရှိမှုကို ကန့်သတ်ဖို့ဖြစ်ပါတယ်။ ကိုယ့်ပြည်သူကိုယ် အကြမ်းဖက်တိုက်ခိုက်နေတဲ့ စစ်ကောင်စီကို အကန့်အသတ်ဖြစ်စေမှာပါ” ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) ၏ ကြေညာချက်က ဆိုသည်။
မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်နေသည့် Justice For Myanmar (JFM) အဖွဲ့က ယခုအရေးယူမှုကို ကြိုဆိုကြောင်း ထုတ်ပြန်လိုက်ပြီး အမေရိကန်အစိုးရအနေဖြင့် MOGE ကို အပြည့်အဝ ပိတ်ဆို့အရေးယူရန်လည်း တောင်းဆိုသည်။
“ပိုင်ဆိုင်မှုတွေအားလုံး ထိန်းချုပ်တာ၊ ကုန်သွယ်ရေးလုပ်ငန်းအဝဝကို ပိတ်ဆို့တာအပါအဝင် အမေရိကန်အနေနဲ့ ဆက်လက်ပြီး အပြည့်အဝ ပိတ်ဆို့အရေးယူသင့်ပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်တွေ တိုးချဲ့တာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာရေနံကုမ္ပဏီတွေကိုလည်း အရေးယူသင့်ပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က မှတ်ချက်ပြုသည်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ဗိုလ်ချုပ်များ၊ ၎င်းတို့နှင့် ပတ်သက်ဆက်နွှယ်သူများ၊ ဌာနအဖွဲ့အစည်းနှင့် ကုမ္ပဏီများကို အမေရိကန်နှင့် အပေါင်းပါများက ဆင့်ကဲဆင့်ကဲ ပိတ်ဆို့အရေးယူခဲ့သော်လည်း MOGE ကိုမူ ကာလအတန်ကြာမှသာ အရေးယူခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားဝင်ငွေ အများဆုံးရှာဖွေပေးနေသည့် MOGE ကို စတင်အရေးယူခဲ့သူမှာ ဥရောပသမဂ္ဂဖြစ်သည်။ နိုင်ငံပေါင်း ၂၇ နိုင်ငံပါဝင်သည့် ဥရောပဘုံဈေးကွက်အဖွဲ့က စစ်ကောင်စီလက်အောက်ခံ ရေနံလုပ်ငန်းကို လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် အရေးယူကြောင်း ကြေညာခဲ့သည်။
အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ ပြည်ပဘဏ်များတွင် ပိတ်မိသည်အထိ ဥရောပသမဂ္ဂ၏ MOGE အပေါ် ပိတ်ဆို့အရေးယူမှုက ထိရောက်ခဲ့သည်။ ထိုပိတ်မိငွေများထုတ်ယူရေး စစ်ကောင်စီက လျှို့ဝှက်ဘဏ်စာရင်းများ ဖွင့်ခိုင်းသည့် လျှို့ဝှက်ချက် ပေါက်ကြားခဲ့ရာ နေပြည်တော်ရှိ MOGE ရုံးကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဝန်ထမ်းများကို ဖမ်းဆီးအရေးယူသည်အထိ ဖြစ်ခဲ့သည်။
နိုင်ငံပိုင်ရေနံလုပ်ငန်းမှ ရရှိသည့် နိုင်ငံခြားငွေဖြင့် စစ်ကောင်စီက ပြည်ပမှ လက်နက်ခဲယမ်း ဝယ်ယူနေခြင်းကို ဟန့်တားနိုင်ရန် နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ယခုနှစ် ဇွန်လအတွင်း အမေရိကန်က ပိတ်ဆို့အရေးယူခဲ့သည်။
အဆိုပါ ပိတ်ဆို့အရေးယူမှုကြောင့် နိုင်ငံခြားသုံးငွေနှင့် ပတ်သက်၍ အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရသည်ဟု အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ဝန်ခံပြောဆိုခဲ့သည်။
စစ်ကောင်စီနှင့် ပတ်သက်၍ အမေရိကန်အစိုးရ၏ နောက်ဆုံးအရေးယူမှုတွင် MOGE သာမက စစ်လက်နက်ဝယ်ယူဖြည့်တင်းပေးနေသည့် ကုမ္ပဏီ ၃ ခုနှင့် လူပုဂ္ဂိုလ် ၅ ဦးလည်း ပါဝင်သည်။ Sky Royal Hero ကုမ္ပဏီနှင့် လက်နက်ပွဲစားတစ်ဦးဖြစ်သော စစ်တိုင်းအောင်ပိုင် Suntac Technologies နှင့် Suntac International Trading ကုမ္ပဏီတို့ အရေးယူခံရသည်။
ထို့ပြင် စစ်ကောင်စီ၏ စက်မှုဝန်ကြီး ချာလီသန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်ဆွေဆွေအောင်၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်း၊ စစ်တပ် နံပါတ်သုံးခေါင်းဆောင်ဖြစ်သည့် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့သည်လည်း အမေရိကန်၏ ပိတ်ဆို့အရေးယူမှုစာရင်းတွင် ထည့်သွင်းခံရသည်။
ယခင်ပိတ်ဆို့မှုများနည်းတူ ယခုတစ်ကြိမ်တွင် အမေရိကန်၏ မဟာမိတ်များဖြစ်သော ဗြိတိန်နှင့် ကနေဒါတို့ကလည်း စစ်ကောင်စီနှင့် ပတ်သက်ဆက်နွှယ်သည့် လက်နက်ပွဲစားများကို ထပ်မံပိတ်ဆို့ အရေးယူသည်။
ဗြိတိန်၏ ပိတ်ဆို့အရေးယူခံရသူများမှာ Dynasty International ကုမ္ပဏီမှ မျိုးသစ္စာ၊ ဦးတေဇ၏ သားများဖြစ်ကြသော ပြည့်ဖြိုးတေဇနှင့် ထူးထက်တေဇ၊ Sky Aviator ကုမ္ပဏီမှ ကျော်မင်းဦး၊ Suntac ကုမ္ပဏီအုပ်စုပိုင်ရှင် စစ်တိုင်းအောင်တို့ဖြစ်သည်။
ထို့ပြင် ထိပ်သီးခရိုနီတစ်ဦးဖြစ်သော ဦးနေအောင်ပိုင် IGE ကုမ္ပဏီလည်း ပိတ်ဆို့အရေးယူခံရသည်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်နှင့် ဆက်နွှယ်သည့် လူပုဂ္ဂိုလ် ၂၅ ဦးနှင့် လုပ်ငန်းအဖွဲ့အစည်း ၂၉ ခုအထိကို ဗြိတိန်အစိုးရက ပိတ်ဆို့အရေးယူထားသည်။
အမေရိကန်၊ ဗြိတိန်တို့နှင့် ပူးတွဲလုပ်ဆောင်ချက်အဖြစ် ကနေဒါအစိုးရကလည်း စစ်ကောင်စီနှင့် ပတ်သက်သော လူပုဂ္ဂိုလ် ၃၉ ဦးနှင့် ကုမ္ပဏီလုပ်ငန်းအဖွဲ့အစည်း ၂၂ ခုအထိ ပိတ်ဆို့အရေးယူလိုက်သည်။
“မြန်မာပြည်သူတွေဟာ ဒီမိုကရေစီနဲ့ အခြေခံလွတ်လပ်ခွင့်အတွက် သတ္တိပြောင်မြောက်စွာ ဆက်လက်တိုက်ပွဲဝင်နေကြတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကျွန်မတို့နည်းတူ အရေးယူဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပါတယ်” ဟု ကနေဒါနိုင်ငံခြားရေးဝန်ကြီး Mélanie Joly က ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6penနှိပ်၍ လှူဒါန်းနိုင်ပါသည်)



