အာဏာသိမ်းစစ်ကောင်စီအတွက် အဓိကငွေရပေါက်ကြီးတစ်ခုဖြစ်သော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် လူပုဂ္ဂိုလ် ၂၂ ဦးနှင့် ကုမ္ပဏီအဖွဲ့အစည်းလေးခုကို ဒဏ်ခတ်အရေးယူကြောင်း ဥရောပသမဂ္ဂ (အီးယူ) က ယမန်နေ့ (ဖေဖော်ဝါရီ ၂၁) တွင် ကြေညာသည်။
MOGE ကို ပိတ်ဆို့ အရေးယူရန် ဖိအားပေးမှုများ ဆက်တိုက်ရှိလာပြီးနောက် နိုင်ငံပေါင်း ၂၀ ကျော် ပါဝင်သည့် ဥရောပသမဂ္ဂက ပထမဆုံး အရေးယူလိုက်ခြင်းဖြစ်သည်။
အီးယူ၏ အသစ်ဒဏ်ခတ်အရေးယူခံရသူများထဲတွင် စစ်ကောင်စီအဖွဲ့ဝင်တစ်ဦး၊ စစ်ကောင်စီဝန်ကြီးများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ထိပ်တန်းစစ်ဘက်အရာရှိများ၊ နိုင်ငံပိုင် MOGE နှင့် အမှတ် (၁) သတ္တုတွင်းလုပ်ငန်းတို့အပြင် ထူးကုမ္ပဏီအုပ်စုနှင့် IGE ကုမ္ပဏီအုပ်စုတို့လည်း ပါဝင်သည်။
“၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံတွင် ပို၍အရှိန်မြင့်တက်လာနေသော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် စတုတ္ထအကြိမ်ဒဏ်ခတ်အရေးယူခြင်းဖြစ်သည်” ဟု အီးယူထုတ်ပြန်ချက်က ဆိုသည်။
အီးယူ၏ အသစ်ဒဏ်ခတ်အရေးယူမှုတွင် ပါဝင်သည့် ထိပ်တန်းစစ်ဗိုလ်ချုပ်များမှာ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်၊ အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်ဇော်အေးနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ်နီလင်းအောင်ဖြစ်သည်။
ထို့ပြင် စစ်ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဝန်ကြီးများဖြစ်ကြသော ဦးအောင်နိုင်ဦး၊ ဒေါ်သက်သက်ခိုင်၊ ဦးမောင်မောင်အုန်း၊ ဒေါက်တာချာလီသန်းနှင့် စစ်ကောင်စီက အသစ်ဖွဲ့စည်းခဲ့သည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၁၄ ဦးလည်း ပါဝင်သည်။
ထူးကုမ္ပဏီအုပ်စုနှင့် ပိုင်ရှင် ဦးတေဇကို ဗြိတိန်နိုင်ငံကလည်း ဒဏ်ခတ်အရေးယူထားသည်။ အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ပါဝင်လာသည့် IGE ကုမ္ပဏီအုပ်စုပိုင်ရှင် ဦးနေအောင်မှာ ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးမိုးအောင်၏ ညီအရင်းဖြစ်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင်များ အပါအဝင် လူပုဂ္ဂိုလ် ၆၅ ဦးနှင့် ကုမ္ပဏီအဖွဲ့အစည်း ၁၀ ခုအထိကို အီးယူက ဒဏ်ခတ်အရေးယူခဲ့ပြီးဖြစ်သည်။
ဒဏ်ခတ်အရေးယူမှုစည်းမျဉ်းများအရ ရပိုင်ခွင့်များထိန်းသိမ်းခံရခြင်း၊ ဘဏ္ဍာငွေကြေးထောက်ပံ့မှုကို တားမြစ်ခြင်း အပါအဝင် ပိတ်ဆို့မှုစာရင်းတွင် ပါဝင်သူများအနေဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသို့ ခရီးသွားလာခွင့်ရမည် မဟုတ်ပေ။
အီးယူ၏ ယခင်ချမှတ်ပြီးဖြစ်သော စစ်လက်နက်ပစ္စည်း တင်ပို့ရောင်းချခြင်းနှင့် ပို့ကုန်ဆိုင်ရာ ကန့်သတ်ချက်များလည်း ဆက်လက်အသက်ဝင်နေမည့်အပြင် ဘဏ္ဍာရေးဆိုင်ရာ အကူအညီအားလုံးလည်း ရုပ်သိမ်းမည်ဖြစ်သည်။
နိုင်ငံပိုင် MOGE ကို အီးယူက အရေးယူခြင်းမပြုမီ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း၌ အီးယူအဖွဲ့ဝင် ပြင်သစ်နိုင်ငံမှ Total ရေနံကုမ္ပဏီက မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းကြီးနှစ်ခုမှ နုတ်ထွက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ပြင်သစ်ရေနံကုမ္ပဏီကြီး Total နှင့်အတူ မြန်မာနိုင်ငံ၏ အကြီးဆုံးကမ်းလွန်ရေနံစီမံကိန်း ရတနာမှ နုတ်ထွက်မည်ဖြစ်ကြောင်း အမေရိကန်ရေနံကုမ္ပဏီ Chevron က ကြေညာခဲ့သည်။
ထိုသို့ အထင်ကရရေနံကုမ္ပဏီကြီးများ မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းသည် စစ်ကောင်စီ တရားမဝင်ကြောင်း ဖော်ပြနေခြင်းဖြစ်ပြီး MOGE အပေါ် ဒဏ်ခတ်အရေးယူရေး ဆက်လက် လုပ်ဆောင်ရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက ဇန်နဝါရီလအတွင်း Myanmar Now ကို ပြောကြားထားသည်။
ဥရောပသမဂ္ဂအနေဖြင့် ဒဏ်ခတ်အရေးယူမှု သုံးကြိမ်ချမှတ်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် အခြေအနေ တိုးတက်ပြောင်းလဲလာခြင်း မရှိသဖြင့် MOGE ကို ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းရန် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ချုပ်နှင့် ALTSEAN-Burma အဖွဲ့က ယခုလဆန်းပိုင်းတွင် အီးယူထံ စာရေးသားတောင်းဆိုခဲ့သည်။
အာဏာမသိမ်းမီက ရေးဆွဲအတည်ပြုခဲ့သည့် ရသုံးမှန်းခြေငွေစာရင်းအရ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ မတ်လအထိ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံအထိ ရရှိနိုင်ရန် ခန့်မှန်းထားသည်။
အာဏာသိမ်းစစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်းကို ဖြတ်တောက်ထားနိုင်ရန် MOGE ကို ဒဏ်ခတ်အရေးယူ ပိတ်ဆို့ရန် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက အာဏာသိမ်းပြီးစကတည်းက အစဉ်တစိုက်တောင်းဆိုနေခြင်းဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် အခြေအနေဆိုးရွားသည်ထက် ဆိုးရွားလာပြီး ဆက်လက်ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် ဒေသအတွင်းအထိပါ ပဋိပက္ခအသွင်ဆောင်လာမည်ကို အလေးအနက်စိုးရိမ်ပူပန်ကြောင်းလည်း အီးယူထုတ်ပြန်ချက်က ဆိုသည်။
ဦးစားပေးအနေဖြင့် ရန်လိုသော အပြုအမူအားလုံး ချက်ချင်းရပ်တန့်ရန်၊ အရေးပေါ်အခြေအနေကြေညာထားခြင်းနှင့် အင်အားသုံးနှိမ်နင်းဖြိုခွင်းကို အဆုံးသတ်ရန်လည်း အီးယူက တောင်းဆိုသည်။
လွတ်လပ်၍ ဘက်မလိုက်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဆက်လက်ပေးအပ်သွားမည့်အပြင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာရန် အီးယူက ထပ်လောင်းတောင်းဆိုထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)