အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကြောင့် ပြည်ပတွင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ပိတ်မိနေကြောင်း သတင်းပေါက်ကြားလာပြီးနောက် နေပြည်တော်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရုံးကို ယနေ့ (ဇူလိုင် ၆) တွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့သည်ဟု သိရသည်။
စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ MOGE ရုံးကို စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်ကြောင်း နေပြည်တော်ရှိ ဝန်ကြီးဌာနတစ်ခုမှ ဝန်ထမ်းတစ်ဦး၊ နီးစပ်သူတစ်ဦးနှင့် MOGE ဝန်ထမ်းဟောင်းတစ်ဦးတို့က အတည်ပြုသည်။
နေပြည်တော် ရာဇဌာနီလမ်းပေါ်ရှိ ကုမုဒြာအဝိုင်းနှင့် ကြာပန်းအဝိုင်းကြားရှိ ရုံးအမှတ် (၄၄) မှ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းရုံးမှ အရာရှိကြီးများကို ရုံးအမှတ် (၆)၊ စွမ်းအင်ဝန်ကြီးဌာနသို့ ခေါ်ယူစစ်ဆေးနေခြင်းဖြစ်သည်ဟု အစိုးရအရာရှိတစ်ဦးက ဆိုသည်။
“လုံခြုံရေးပေါက်ကြားလို့ (ရုံးအမှတ်) ၄၄ ထဲကနေ လူတွေကို (ရုံးအမှတ်) ၆ ထဲ ခေါ်ပြီး စစ်နေတာ” ဟု နေပြည်တော်ရှိ အထက်ပါအရာရှိက ပြောသည်။
“ဒီဌာနမှာ သူလျှိုရှိတယ် သတင်းပေးရှိတယ်ဆိုပြီး ဝင်စီးတာပဲ။ ခုထိ ဝန်ထမ်းတွေ တစ်ယောက်မှ မပြန်ရသေးဘူး။ ဖုန်းတွေကအစ အကုန်စစ်ဆေးတာ။ လူကြီးတွေ အစည်းဝေးလုပ်နေတယ် ဝန်ထမ်းတွေလည်း ပြန်လို့မရသေးဘဲ အစည်းအဝေးရလဒ်ကို စောင့်နေကြတာ” ဟု နေပြည်တော်ဝန်ထမ်းတစ်ဦးက ပြောသည်။
အခြားနီးစပ်သူတစ်ဦးကမူ စစ်တပ်က ဝင်ရောက်စီးနင်းပြီးနောက် MOGE ၏ ဌာနခွဲတစ်ခုဖြစ်သော စီမံဌာနမှ ဝန်ထမ်းအားလုံးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။
နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တွင် စီမံကိန်း၊ ရှာဖွေရေး၊ တူးဖော်ရေး၊ ထုတ်လုပ်ရေး၊ စီမံအုပ်ချုပ်၊ ငွေစာရင်း၊ ကမ်းလွန်၊ အင်ဂျင်နီယာ၊ ပစ္စည်းကိရိယာ၊ စွမ်းအင်မူဝါဒ ဟူ၍ ဌာနခွဲ ၁၀ ခုရှိပြီး လက်ရှိ ဦးဆောင်ညွှန်ကြားရေးမှူးမှာ ဦးအောင်မင်းဖြစ်ပြီး၊ ဒုဦးဆောင်ညွှန်ကြားရေးမှူးမှာ ဦးသက်ထွန်းဖြစ်သည်။
လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံပိုင် MOGE ကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူပြီးနောက် ပြည်ပတွင် ဒေါ်လာသန်း ၅၀၀ ကျော်ထက်မနည်း ပိတ်မိနေကာ ထိုငွေများ ထုတ်ယူရရှိရေး စစ်ကောင်စီက မြန်မာ့စီးပွားရေးဘဏ် (MEB) တွင် လျှို့ဝှက်ဘဏ်စာရင်းများ ဖွင့်လှစ်ခိုင်းထားသည်။
နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ်ရုံးချုပ်တွင် MOGE ကိုယ်စား “ကံ့ကော်” အမည်ဖြင့် အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်ငွေစာရင်းများ ဖွင့်လှစ်ပေးရန် စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက ဧပြီလအတွင်း ဗဟိုဘဏ်ကို တင်ပြခဲ့ခြင်းဖြစ်သည်။
Myanmar Now က ရရှိထားသည့် ပေါက်ကြားလာသည့် ထိုလျှို့ဝှက်စာအရ ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုကြောင့် ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအတွက် တရုတ်နိုင်ငံပိုင် ရေနံကော်ပိုရေးရှင်း (CNOUC) ထံမှ ဒေါ်လာ ၃၂၆ ဒသမ ၈၀ သန်း၊ တရုတ်-မြန်မာဖက်စပ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီများဖြစ်သည့် SEAGP နှင့် SEAOP တို့ထံမှ ဒေါ်လာ ၁၀၈ ဒသမ ၈၂ သန်း၊ ရတနာစီမံကိန်းမှ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချနေသော မုတ္တမသဘာဝဓာတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီ (MGTC) ထံမှ ဒေါ်လာ ၆၈ ဒသမ ၆၈ သန်း ပြည်ပတွင် ပိတ်မိနေခြင်းဖြစ်သည်။
မူလသဘောတူစာချုပ်အရ သက်ဆိုင်ရာဘဏ်စာရင်းများမှတစ်ဆင့် MOGE ထံ လွှဲပြောင်းပေးရမည်ဖြစ်သော်လည်း အီးယူ၏ ပိတ်ဆို့မှုကြောင့် Beneficiary Name (အကျိုးခံစားခွင့်ရှိသူအမည်) နေရာတွင် MOGE ကိုယ်စား မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) ၌ “ကံ့ကော်” ဆိုသော ငွေစာရင်းဖြင့် လက်ခံနိုင်ရန် စစ်ကောင်စီက စီစဉ်ခြင်းဖြစ်သည်။
“မူလစာချုပ်ပါ အမေရိကန်ဒေါ်လာဖြင့် လွှဲပြောင်းရန် ခက်ခဲသဖြင့် တရုတ်နိုင်ငံသုံးငွေကြေး (RMB)၊ ထိုင်းငွေကြေး (Baht) တို့ဖြင့် လက်ခံရမည့်အခြေအနေ ဖြစ်ပေါ်နေပါသည်” ဟု လွန်ခဲ့သော နှစ်လကျော်က စီစဉ်သည့် ထိုလျှို့ဝှက်စာတွင် ဖော်ပြသည်။
ဥရောပသမဂ္ဂအပြင် အမေရိကန်အစိုးရ၏ နောက်ထပ် ပိတ်ဆို့အရေးယူမှုများအတွက်ပါ ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်ဟုလည်း စစ်ကောင်စီ၏ လျှို့ဝှက်အစီအစဉ်၌ ဖော်ပြသည်။
ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်တွင် နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်အစိုးရက ကြေညာခဲ့သည်။
ထိုသို့ကြေညာပြီး ရက်ပိုင်းအတွင်း နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံခြားငွေ သုံးစွဲမရဖြစ်နေသည့်အပြင် ကုန်သွယ်ရေးလုပ်ငန်းများအတွက် ငွေပေးချေရာ၌ အခက်အခဲဖြစ်နေသည်ဟု အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ခံပြောဆိုထားသည်။
၎င်းတို့တာဝန်ယူချိန်တွင် နိုင်ငံတကာက ပိတ်ဆို့မှုများ လုပ်လာကြောင်း၊ ရှိပြီးသား နိုင်ငံခြားသုံးငွေများ သုံးစွဲမရစေရန်အပြင် ကုန်ပစ္စည်းရောင်းရငွေများ မပေးချေနိုင်စေရေးအတွက်ပါ မျိုးစုံပိတ်ဆို့လာသည်ဟု နေပြည်တော်အစည်းအဝေးတွင် စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)