သတင်း

နိုင်ငံပိုင်ဘဏ်နှစ်ခုနှင့် ကာကွယ်ရေးဌာနကို အမေရိကန် ပိတ်ဆို့

စစ်ကောင်စီလက်အောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာတစ်နိုင်ငံလုံး၏ နိုင်ငံခြားငွေအဝင်အထွက်နှင့် ငွေပေးချေမှုတို့အတွက် အရေးအပါဆုံး ဘဏ် ၂ ခုကို အရေးယူပိတ်ဆို့ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ယနေ့ (ဇွန် ၂၁) ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

ထိုဘဏ်နှစ်ခုမှာ ရန်ကုန်အခြေစိုက် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ဖြစ်သည်။

မြန်မာစစ်တပ်သည် အာဏာသိမ်းပြီးနောက် စစ်လက်နက်ပစ္စည်း ဒေါ်လာ ၁ ဘီလျံဖိုးထက်မနည်း ပြည်ပမှ ဝယ်ယူတင်သွင်းခဲ့ပြီး ဒဏ်ခတ်အရေးယူခံထားရသည့် ရုရှားကုမ္ပဏီများထံမှ ဝယ်ယူခြင်းလည်း ပါဝင်သည်ဟု အမေရိကန်ဘဏ္ဍာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြသည်။

နိုင်ငံပိုင်ဘဏ်များဖြစ်သော MFTB နှင့် MICB တို့သည် အခြေခံအားဖြင့် နိုင်ငံခြားငွေကြေးလဲလှယ်ခြင်းကို ဆောင်ရွက်နိုင်ပြီး၊ ကျပ်ငွေဖြင့် ဒေါ်လာနှင့် ယူရိုငွေကြေးများကို ပြောင်းလဲနိုင်ပြီး နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကဲ့သို့သော အဖွဲ့အစည်းများကို နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်ခွင့်ပြုနိုင်ကြောင်း၊ ထိုကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုများရှိနေသော်လည်း မြန်မာစစ်တပ်အနေဖြင့် ပြည်ပမှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူရရှိရေးနေခြင်းဖြစ်ကြောင်းလည်း ဖော်ပြသည်။

စစ်ကောင်စီက နိုင်ငံအနှံ့အပြား ရက်ရက်စက်စက် နှိပ်ကွပ်နေရာတွင် ပြည်ပမှ တင်သွင်းသော လက်နက်ပစ္စည်းများကို အားကိုးနေရသည်၊ ထိုသို့ ဝယ်ယူနိုင်ရန်လည်း စစ်ကောင်စီနှင့် နိုင်ငံပိုင်ဌာနဆိုင်ရာများက အဆိုပါ ဘဏ်များကို အားပြုနေရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာပြည်သူများကို နှိပ်ကွပ်နေခြင်းကြောင့် စစ်ကောင်စီလက်အောက်ခံဌာနများကို အရေးယူခြင်း ဖြစ်သည်ဟု အမေရိကန်ဘဏ္ဍာဝန်ကြီးဌာန တာဝန်ရှိသူက ပြောဆိုကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။

“မြန်မာစစ်တပ်ဟာ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေ ဆက်လုပ်ဖို့ နိုင်ငံပိုင်လုပ်ငန်းတွေကနေတစ်ဆင့် ရုရှားအပါအဝင် နိုင်ငံတကာဈေးကွက်ကနေ လက်နက်နဲ့ ပစ္စည်းတွေ ဝယ်ယူနေတာဖြစ်ပါတယ်” ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိသူ Brian E.Nelson က ပြောဆိုသည်။

“ကျွန်တော်တို့အနေနဲ့ မြန်မာပြည်သူတွေကို ဆက်လက်ပံ့ပိုးကူညီသွားမှာပါ။ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုလည်း ဆက်လက်ဆန့်ကျင်သွားမှာပါ”

ထိုဘဏ်များသည် မြန်မာ့ရေနံ့နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) ကဲ့သို့ စစ်ကောင်စီကို ဝင်ငွေရှာဖွေရာတွင် အဓိကအကျသလို နိုင်ငံတကာနှင့် ကုန်သွယ်ရာတွင် အဓိကအကျဆုံး ဘဏ္ဍာရေးဝန်ဆောင်မှုပေးနေပြီး နိုင်ငံခြားငွေဖလှယ်ခြင်း၊ ငွေလက်ခံရယူခြင်းနှင့် လက်နက်များဝယ်ယူရာတွင် အဓိကအသုံးပြုနေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ပြည်ပတွင် ဖွင့်လှစ်ထားရှိသည့် ဘဏ်စာရင်းများမှတစ်ဆင့် ငွေပေးချေနေကြချိန်တွင် ယခု ပိတ်ဆို့ဒဏ်ခတ်မှုကြောင့် နိုင်ငံအဆင့် ငွေပေးချေမှုအပါအဝင် ပုဂ္ဂလိကပို့ကုန်သွင်းကုန်လုပ်ငန်းများ ခက်ခဲသွားနိုင်ကြောင်း MFTB ဘဏ်အရာရှိဟောင်းတစ်ဦးက ဆိုသည်။

“ဒီဟာက (နိုင်ငံခြားငွေဝင်ထွက်မှုအတွက်) Main Gateway (ပင်မ ဝင်ထွက်ပေါက်) ဖြစ်နေတာပေါ့။ တခြားရှိနေရင်တောင် ဒီကောင်လောက် အရေးမပါဘူး။ တခြား MICB ဘဏ်ကိုပါ ပိတ်လိုက်တာကိုး။ ပုဂ္ဂလိကဘဏ်လေးတွေကနေ ပမာဏအသေးလေးတွေ လွှဲနိုင်တဲ့လမ်းကြောင်း ရှိကောင်းရှိမယ်။ ဒါပေမဲ့ ဒါတွေက မပြောပလောက်ဘူး” ဟု ၎င်းက ဆိုသည်။

MFTB ဘဏ်သည် အမေရိကန်အခြေစိုက် Bank of America, ဗြိတိန်အခြေစိုက် Standard Chartered အပါအဝင် နိုင်ငံတကာနှင့် ချိတ်ဆက်၍ ဘဏ်စာရင်းဖွင့်ထားသည့် ကွန်ရက်အကြီးမားဆုံးဘဏ်ကြီးဖြစ်ပြီး ကုန်သွယ်ရေးငွေပေးချေမှုသာမက အစိုးရ၏ နိုင်ငံခြားငွေပေးချေမှုများကို ဝန်ဆောင်မှုပေးရကြောင်း MFTB ဘဏ်အရာရှိဟောင်းက ပြောသည်။

၂၀၁၀ ပြည့်နှစ် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် စီးပွားရေးတံခါး ဖွင့်လှစ်လိုက်ပြီးနောက် ပုဂ္ဂလိကဘဏ်လုပ်ငန်းများလည်း ဖွံ့ဖြိုးလာခဲ့သည်။ သို့သော် ထိုဘဏ်များသည် MFTB နှင့် MICB ဘဏ်များကဲ့သို့ ကွန်ရက်မကျယ်ပြန့်သေးသဖြင့် လုပ်ဆောင်နိုင်မှု အကန့်သတ်ရှိပြီး စီးပွားရေးလုပ်ငန်းရှင်များသာမက ဘဏ်များကိုယ်တိုင် MFTB ဘဏ်ဝန်ဆောင်မှုကို အသုံးပြုရသည်ဟုလည်း သူက ဆိုသည်။

ထို့ပြင် ဒေါ်လာအပါအဝင် နိုင်ငံခြားငွေအဝင်အထွက်ကို စစ်ကောင်စီက ထိန်းချုပ်ရန် နိုင်ငံပိုင်ဘဏ်နှစ်ခုကို လုပ်ပိုင်ခွင့် ကျယ်ကျယ်ပြန့်ပြန်ပေးထားပြီး ပုဂ္ဂလိကနှင့် အခြားဘဏ်များကိုမူ ကန့်သတ်ထားပုံရသည်ဟုလည်း သူက ပြောသည်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ငွေလဲကောင်တာတစ်ခုကို ၂၀၂၂ ဇူလိုင်လက တွေ့ရစဉ် (ဓာတ်ပုံ – Myanmar Now)

ပိတ်ဆို့မှုကြောင့် ဆယ်စုနှစ်များစွာ ခေတ်နောက်ပြန်ဆွဲသွားပြီး ယခင်စစ်အဏာရှင်ဟောင်းလက်ထက်ကဲ့သို့ ငွေပေးချေမှုအခက်အခဲသာမက အမေရိကန်နှင့် အင်္ဂလန်နိုင်ငံထုတ်ကုန်များကို ဝယ်မရနိုင်၍ စင်ကာပူကို ကြားခံပွဲစားအဖြစ် ထားကာ ပြန်ဝယ်ရသည့် အခြေအနေဆိုက်သွားနိုင်သည်ဟုလည်း အဆိုပါ ဘဏ်အရာရှိဟောင်းက ခန့်မှန်းသည်။

“ထိခိုက်တဲ့ကိစ္စဆိုတာ သေချာတာပေါ့။ ကျွန်တော်တို့တောင်မှ ဈေးထဲကို သွားတယ်၊ အဲ့ဒီအိမ်ကို ဈေးမရောင်းဘူး၊ အဲ့ဒီအိမ်က ပစ္စည်းဆိုလည်း မဝယ်ဘူးဆိုလို့ရှိရင် ကျွန်တော်တို့ ဈေးထဲသွားရတာ ဒုက္ခရောက်တာပေါ့၊ တလည်လည်နဲ့ ဖြစ်နေတယ်၊ ကိုယ့်ကိုယ် ဘယ်သူကများ ခိုးရောင်းမလဲ၊ ကျွန်တော်ကလည်း ဘယ်သူ့ကို ခိုးရောင်းရမလဲ ရှာရသလို ဖြစ်နေတာပေါ့” ဟု ပြောသည်။

စက်သုံးဆီကဲ့သို့ အရေးကြီးကုန်စည်များ တင်သွင်းရန် ခက်ခဲပြီး တစ်ပြိုင်တည်းတွင် နိုင်ငံခြားငွေအကျပ်အတည်းကြောင့် မှောင်ခိုဈေးကွက် ကြီးထွားကာ ပြည်သူများပါ ထိခိုက်နိုင်ခြေရှိ၍ ထိုဘဏ်နှစ်ခုကို အရေးယူပိတ်ဆို့ရန် အမေရိကန်က ချိန်ဆနေခဲ့ပုံရသည်ဟုလည်း သူက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီကို လက်နက်မရောင်းချရန်၊ နိုင်ငံတကာဘဏ်ဝန်ဆောင်မှုများပေးနေသည့် ဘဏ်များကို အရေးယူပိတ်ဆို့ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်ရေးအထူးကိုယ်စားလှယ် သောမတ်အိတ်ချ် အန်ဒရူး၏ မေ ၁၇   အစီရင်ခံစာတွင် ဖော်ပြခဲ့သေးသည်။

အမေရိကန်အစိုးရအနေဖြင့် အာဏာသိမ်းစစ်တပ်ကို ဖိအားတိုးပေးနိုင်ရေးအတွက် MFTB နှင့် MICB ဘဏ်တို့ကို အရေးယူပိတ်ဆို့မှု ချမှတ်မည်ဖြစ်ကြောင်း ထိုင်းအခြေစိုက် Thai PBS သတင်းဌာနက သံတမန်သတင်းရင်းမြစ်များကို ကိုးကား၍ ဇွန် ၁၉ တွင် အစောဆုံးဖော်ပြခဲ့သည်။

ပြည်သူကို ဖိနှိပ်နေပြီး တိုင်းပြည်အတွင်း ဆင်နွှဲနေသည့် စစ်ဆင်ရေးများကို လျှော့ချရန် စစ်ကောင်စီ၏ ဘဏ္ဍာရေးဆိုင်ရာအရင်းအမြစ်များကို ကန့်သတ်ရန် ရည်ရွယ်ကြောင်း ထိုသတင်းက ဆိုသည်။

အနောက်နိုင်ငံများသည် ရေနံနှင့် သဘာဝဓာတ်ငွေ့များမှ ရရှိနေသည့် နိုင်ငံခြားဝင်ငွေဖြတ်တောက်ရန် ကြိုးစားနေသည်ဟုလည်း ထိုသတင်းက ရေးသားထားသည်။

ယခုနှစ် ဖေဖော်ဝါရီတွင် ပဲရစ်အခြေစိုက် နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့(FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း ကြေညာခဲ့သေးသည်။ ထို့ကြောင့် ငွေပေးချေမှုများ ကြန့်ကြာနေပြီး ယခုပိတ်ဆို့မှုမှာ ဒုတိယထိုးနှက်ချက်ဖြစ်ကြောင်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို လေ့လာနေသူတစ်ဦးက ဆိုသည်။

ထိုဘဏ်နှစ်ခုသည့် နိုင်ငံခြားဘဏ်လုပ်ငန်း အထူးပြုလုပ်ကိုင်နေသဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဂျပန်အပြည်ပြည်ဆိုင်ရာဖွဲ့ဖြိုးရေးအေဂျင်စီကဲ့သို့ အဖွဲ့အစည်းများကပင် ငွေစာရင်းများ ဖွင့်လှစ်ထားပြီး ထိုငွေကြေးစီးဆင်းမှုများပင် ခက်ခဲနိုင်သည်ဟု ပြောသည်။

“FATF ကြောင့် ငွေလွှဲရတာတွေက ပိုခက်လာတယ်။ အသွားအပြန်ပေါ့။ သူများဆီက လွှဲပေးလို့လဲ မရဘူး။ US က လုပ်တာဆိုတော့ US ဘက်ကို ငွေလွှဲတာအပါအဝင် အားလုံးကတော့ သတိထားမှာပေါ့။ ကြားခံဘဏ်တွေကလည်း ဂရုစိုက်တော့မှာပေါ့” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ပိတ်ဆို့ခံရသည့် ဘဏ်နှစ်ခုမှာ အမေရိကန်တွင် ဘဏ်စာရင်းဖွင့်လှစ်ထားခြင်းမရှိ၍ ငွေကြေးဆုံးရှုံးမှုမရှိသလို စိုးရိမ်စရာမရှိကြောင်း ဇွန် ၂၀ တွင် စစ်တပ်ပိုင် မြဝတီသတင်းဌာနကို ပြောဆိုထားသည်။

ယခင်ကလည်း အလားတူပိတ်ဆို့ခံရဖူးပြီး ယခုအခါ ဘဏ်တစ်ခုတည်းက နိုင်ငံခြားဘဏ်လုပ်ငန်းကို ဆောင်ရွက်ခြင်းမဟုတ်၍ ငွေပေးချေမှုများကို ဆက်လက်ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။

“လေ့လာကြည့်တဲ့အခါမှာ သူတို့ရဲ့ စွပ်စွဲချက်ပေါ့ဗျာ၊ ကျွန်တော်တို့နိုင်ငံကို နိုင်ငံခြားငွေ ဝင်ရောက်မှု ကန့်သတ်ဖို့ ဒီအတွက်ရည်ရွယ်ပြီး လုပ်တယ်လို့ ပြောတာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် MFTB, MICB အပါဝင် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိးရေးဘဏ် ဟူ၍ နိုင်ငံပိုင်ဘဏ်ကြီး ၄ ခုရှိသည်။ ၁၉၈၈ ရှစ်လေးလုံး လူထုအရေးတော်ပုံတွင် စစ်တပ်၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အမေရိကန်နှင့် အနောက်နိုင်ငံများက အဆက်သွယ်ဖြတ်တောက် အရေးယူခဲ့သည်။

တစ်ကျော့ပြန်အာဏာသိမ်းသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် နိုင်ငံအနှံ့ သတ်ဖြတ်၊ မီးရှို့၊ ဖျက်ဆီးမှုမျိုးစုံကို ကျူးလွန်နေခြင်းကြောင့် စစ်ခေါင်းဆောင်များ၊ စစ်တပ်ထိန်းချုပ်သည့် လုပ်ငန်းများ၊ စစ်တပ်နှင့် ဆက်နွှယ်သော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို အမေရိကန်နှင့် အနောက်နိုင်ငံများက ပစ်မှတ်ထားပိတ်ဆို့နေသည်။ 

စစ်ကောင်စီကမူ ၎င်းတို့က ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်နေကြောင်း တုံ့ပြန်လေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button