သတင်း

ဗြိတိန်က တပ်ချုပ်သားပိုင်လုပ်ငန်း အပါအဝင် ကုမ္ပဏီ ၃ ခုကို ပိတ်ဆို့အရေးယူ 

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် စွပ်စွဲခံထားရသည့် မြန်မာစစ်တပ်၏ စစ်ဆင်ရေး ၅ နှစ်ပြည့်အဖြစ် ဗြိတိန်အစိုးရက တပ်ချုပ်သားပိုင် ကုမ္ပဏီအပါအဝင် စစ်တပ်နှင့် အဆက်အနွှယ်ကုမ္ပဏီသုံးခုကို ပိတ်ဆို့အရေးယူကြောင်း ကြေညာသည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သား ဦးအောင်ပြည်စုံပိုင်ဆိုင်သည့် Sky One ဆောက်လုပ်ရေးကုမ္ပဏီ၊ စစ်တပ်ကို လက်နက်ပွဲစားလုပ်ပေးနေသည့် Star Sapphire Group နှင့် International Gateways ကုမ္ပဏီအုပ်စုကို ပစ်မှတ်ထားအရေးယူကြောင်း ဗြိတိန်အစိုးရက ယနေ့ ဩဂုတ် ၂၅ တွင် သတင်းထုတ်ပြန်သည်။

မြန်မာစစ်တပ်ထံ စီးဆင်းနေသည့် ဘဏ္ဍာငွေနှင့် လက်နက်များကို ကန့်သတ်တားမြစ်ရန် အဆိုပါကုမ္ပဏီ များကို ပစ်မှတ်ထားဒဏ်ခတ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ 

ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသည့် အမှုတွင် ဗြိတိန်၏ ကြားဝင်ဆောင်ရွက်သည့် ရည်ရွယ်ချက်ကို ယခုအရေးယူမှုဖြင့် ထပ်လောင်း အတည် ပြုခြင်းဖြစ်ကြောင်း အာရှဒေသဆိုင်ရာဝန်ကြီး Amanda Milling က ဆိုသည်။

“ကျွန်မတို့ ဆုံးဖြတ်ချက်က ၂၀၁၇ က ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ခံမှုရှိဖို့ ဆက်လက် ထောက်ခံသွားမယ့် ပြင်းထန်တဲ့သတိပေးချက်တစ်ခုပါပဲ” ဟု ၎င်းက ပြောသည်။

လွန်ခဲ့သည့် ၅ နှစ်က ဖိနှိပ်ခံရသည့် ရိုဟင်ဂျာများနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ကြောင်း၊ မြန်မာ စစ်တပ်၏ လူမျိုးစုရှင်းလင်းသည့်လုပ်ရပ်ကိုရှုတ်ချကြောင်း၊ ဒီမိုကရေစီနှင့် လွတ်လပ်မှုတန်ဖိုးကို ချိုးနှိမ် ဖျက်ဆီးသူများကို ဗြိတိန်က ရင်ဆိုင်သွားမည်ဖြစ်ကြောင်း Amanda Milling က ဆက်ပြောသည်။

စစ်တပ်နှင့်ဆက်နွယ်သည့် ကုမ္ပဏီသုံးခုအပေါ် ဗြိတိန်၏ ယခုလို ထပ်မံပိတ်ဆို့မှုသည် လက်နက်နှင့် ငွေကြေးများ စစ်တပ်ထံရောက်ရှိမှု ရပ်တန့်နိုင်သဖြင့် ကြိုဆိုကြောင်း တက်ကြွလှုပ်ရှားသည့်အဖွဲ့  Justice For Myanmar ကလည်း ယနေ့ သတင်းထုတ်ပြန်သည်။ 

ထိုကုမ္ပဏီသုံးခုသည် ၂၀၁၇ က ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် စစ်ဆင်ရေးဆင်နွဲခဲ့သည့် စစ်တပ် ကို လှူဒါန်းခဲ့ကြောင်း ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှစ်က အတည်ပြုထားသည်ဟု JFM က ဆိုသည်။

ရိုဟင်ဂျာများ အပေါ်ကျူးလွန်မှုများတွင် တာဝန်ရှိသူများမှာ ယခုအခါ အာဏာသိမ်း စစ်ခေါင်းဆောင် များဖြစ်လာကြောင်း၊ လက်နက်မဲ့မြန်မာပြည်သူ ၂,၂၀၀ ကိုသတ်ဖြတ်ကာ လူပေါင်း ၁၅,၀၀၀ ကျော်ဖမ်း ဆီးထားပြီး နိုင်ငံအနှံ့ ရက်စက်ကြမ်းကြုတ်သည့်လှုပ်ရပ်များကို စစ်ကောင်စီက လက်ရဲဇက်ရဲ ကျူးလွန်နေသည်ဟု JFM က ဆိုသည်။

ရခိုင်ပြည်နယ်၌ ၂၀၁၇ ဩဂုတ် ၂၅ ရက်မှစ၍ မြန်မာစစ်တပ်က စစ်ဆင်ရေး ဆင်နွှဲရာတွင် ရိုဟင်ဂျာ ၁၀,၀၀၀ ကျော်သတ်ဖြတ်ခံခဲ့ရကာ လူပေါင်း ၇၄၀,၀၀၀ ကျော် အိမ်းနီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရကြောင်း ကုလအချက်အလက်ရှာဖွေရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ပြည်သူမဲပေးရွေးချယ်သည့် ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်၍ အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီ၏ ဝင်ငွေရပေါက်ရလမ်းမှန်သမျှနှင့် လက်နက်စီးဝင်မှုကို ထိန်းချုပ်နိုင်ရန် အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ ဩစတြေးလျ တို့က စီးပွားရေးပိတ်ဆို့မှုများ လုပ်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button