သတင်း

ဥရောပသမဂ္ဂက စစ်ကောင်စီကို သတ္တမမြောက်စီးပွားရေးပိတ်ဆို့မှုများလုပ်ရန် ဂျာမနီကြိုးပမ်း

မြန်မာစစ်ကောင်စီကို ပစ်မှတ်ထားသည့် ခုနစ်ကြိမ်မြောက် ဥရောပပိတ်ဆို့အရေးယူမှုဖော်ဆောင်ရေးကို ဂျာမန်အစိုးရက ဦးစီးလုပ်ဆောင်နေသည်ဟု ဂျာမန်ဖက်ဒရယ်လွှတ်တော်က ဇူလိုင် ၅ တွင် ထုတ်ပြန်သော ကြေညာချက်တစ်စောင်၌ ဖော်ပြထားသည်။

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ရှိ ဖက်ဒရယ်လွှတ်တော် ဘွန်ဒက်စတက်(ဂ်) (Bundestag) တွင် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများနှင့် ပတ်သက်၍ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကော်မတီက ဂျာမန်ဖက်ဒရယ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦးနှင့် ဆွေးနွေးပြီးနောက် ထိုကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပစ်မှတ်ထားခြင်းမရှိသေးသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ရန် လုပ်ဆောင်နေကြောင်း၊ အထူးသဖြင့် မြန်မာစစ်အစိုးရအတွက် လေယာဉ်လောင်စာဆီ ပေးပို့တင်သွင်းမှုများကို ပိုမို ထိရောက်စွာ တားဆီးရန် ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာနက အထူးအာရုံစိုက် လုပ်ဆောင်နေကြောင်း ဝန်ကြီးဌာနကိုယ်စားလှယ်က ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ (EU) တွင် ဂျာမနီနိုင်ငံသည် လူဦးရေနှင့် စီးပွားရေးထုတ်လုပ်မှု ပမာဏအများဆုံးအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး၊ မြန်မာစစ်တပ်အာဏာပိုင်များအတွင်း သို့မဟုတ် ၎င်းတို့နှင့် ဆက်စပ်နေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအပေါ် ပိတ်ဆို့အရေးယူမှု ခြောက်ကြိမ် ချမှတ်ထားခဲ့ပြီးဖြစ်သည်။

ဇူလိုင် ၅ ရက်က ဂျာမန်ဖက်ဒရယ်လွှတ်တော်တွင် ဆွေးနွေးခဲ့သည့်မူဝါဒသည် ပိတ်ဆို့အရေးယူမှု သတ္တမအကျော့အတွက် အခြေခံအဖြစ် အသုံးပြုနိုင်ဖွယ်ရှိနေပြီး ဂျာမန်အစိုးရအနေဖြင့် မူဝါဒချမှတ်ရာတွင် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်တို့နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်နေကြောင်း ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာနကိုယ်စားလှယ်က ပြောသည်။

“ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုထိရောက်ဖို့၊ အထူးသဖြင့် လေယာဉ်လောင်စာဆီကဏ္ဍမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုထိရောက်အောင်လုပ်ဖို့ အခွင့်အလမ်းတွေကို (ဂျာမန်) ဖက်ဒရယ်အစိုးရက မြင်ထားပါတယ်။ ရည်ရွယ်ချက်က လူတစ်ဦးချင်းစီတွေကို ကြည့်ရုံမကဘဲ ကဏ္ဍကြီးတစ်ခုလုံးအတွက်ပါ ကြည့်ဖို့ပါ” ဟု ဂျာမန်ဖက်ဒရယ်လွှတ်တော် ဘွန်ဒက်စတက်(ဂ်) ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီက လေတပ်ကို မည်ကဲ့သို့ အသုံးပြုကာ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေကြောင်း အသေးစိတ်ဖော်ပြထားသည့် အစီရင်ခံစာတစ်စောင်ကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ထုတ်ပြန်ခဲ့ပြီး၊ မြန်မာစစ်တပ် လေယာဉ်လောင်စာဆီ ရရှိမှုကို ကန့်သတ်နိုင်မည့် အစီအမံများ လိုအပ်နေကြောင်း ထိုအချိန်မတိုင်မီကတည်းကပင် သိသာထင်ရှားနေသည်။

စစ်ကောင်စီသည် နိုင်ငံအတွင်းမှ ဆန့်ကျင်တိုက်ခိုက်နေသည့် တော်လှန်ရေးသမားများအပေါ် အသာစီးရရှိရန် လေကြောင်းတိုက်ခိုက်မှုအားသာချက်ကို ကြီးကြီးမားမား အမှီအခိုပြုနေရုံသာမက အရပ်သားများကိုလည်း မကြာခဏဆိုသလို အကြမ်းဖက်တိုက်ခိုက်လျက်ရှိသောကြောင့် တချို့လေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သားများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရမှုများ ရှိခဲ့သည်။

စစ်တပ် အာဏာသိမ်းပြီးချိန် ၂၀၂၁ မှစ၍ ၎င်းတို့၏ အဆိုးရွားဆုံး လေကြောင်းတိုက်ခိုက်မှုတစ်ခုမှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို ယခုနှစ် ဧပြီလအတွင်း အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ကျူးလွန်ခဲ့ရာ လက်နက်မဲ့အရပ်သား အနည်းဆုံး ၁၆၅ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့သည်။

ဂျာမန်လွှတ်တော် လူ့အခွင့်အရေးကော်မတီအနေဖြင့် မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများနှင့် နိုင်ငံရေးအခြေအနေများကို ပိုမိုကျယ်ပြန့်စွာ စစ်ဆေးသုံးသပ်ခဲ့သည်ဟု သိရသည်။

ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာနကိုယ်စားလှယ်က မြန်မာနိုင်ငံ ပြည်တွင်းပဋိပက္ခအခြေအနေကို “စစ်တပ်နှင့် အတိုက်အခံအုပ်စုများကြားတွင် ဖြစ်ပွားနေသော မတိုးသာ မဆုတ်သာ အခြေအနေဖြစ်ကာ သွေးထွက်သံယိုမှုများ ပိုများလာနေသည်” ဟု ဖော်ပြထားပြီး၊ စစ်ကောင်စီအနေဖြင့် ရက်စက်ကြမ်းကြုတ်သည့် တိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း “အပြည့်အဝ ထိန်းချုပ်နိုင်မှု မရရှိသေး” ဟု ထောက်ပြထားသည်။

ယခင်ကတည်းက ဆိုးရွားခဲ့ပြီးသား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဆိုင်ကလုန်းမိုခါက မည်ကဲ့သို့ ပိုမိုဆိုးရွားစေခဲ့ကြောင်းနှင့် တိုက်ပွဲများကြောင့် လူပေါင်း ၁ ဒသမ ၈ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ နေရာရွှေ့ပြောင်းခဲ့ရသည့်ဖြစ်စဉ်ကိုလည်း လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကော်မတီနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနကိုယ်စားလှယ်တို့ ဆွေးနွေးခဲ့ကြသည်။

စစ်ကောင်စီကို ပစ်မှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို မိုမိုတိုးမြှင့်ရန် ဂျာမန်ဖက်ဒရယ်လွှတ်တော်က ရည်ရွယ်ထားသလို မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ယခုနှစ်တွင် တိုးမြှင့်ရန်လည်း စီစဉ်ထားသည်ဟု သိရသည်။

နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Earthrights International) နှင့် Global Witness တို့က ဖေဖော်ဝါရီလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်တွင် ထိုကာလက ပိတ်ဆို့အရေးယူမှုများ၏ ထိရောက်မှု မရှိခြင်းကို ဝေဖန်ခဲ့ပြီး၊ စစ်ကောင်စီနှင့် ၎င်းတို့၏ အပေါင်းပါများ တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရန်အတွက် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရာတွင် နိုင်ငံတကာအစိုးရအချင်းချင်း ပိုမိုနီးကပ်စွာ ညှိနှိုင်းဆောင်ရွက်ရန် တောင်းဆိုထားသည်။

ထိုအစီရင်ခံစာ ထုတ်ပြန်ပြီးကတည်းက အမေရိကန်၊ ယူကေ၊ ကနေဒါနှင့် သြစတြေးလျအစိုးရများက မြန်မာစစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ရာတွင် ဥရောပသမဂ္ဂ (EU) နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လူ့အခွင့်အရေးလှုပ်ရှားသူများ၏ တိုက်တွန်းမှုအရ၊ မြန်မာစစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုများကို ထပ်မံ တိုးချဲ့လာနိုင်ဖွယ် ရှိနေသည်။

မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချသူများအကြောင်း သုတေသနစာတမ်းကို မေလက ထုတ်ဝေခဲ့ရာတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အန်ဒရူး(စ်) (Tom Andrews) က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ပိုမိုထိရောက်စွာ ကျင့်သုံးနိုင်ရန်အတွက် ပိတ်ဆို့အရေးယူမှုဆိုင်ရာ ဟာကွက်များကို ဖယ်ရှားရန် တောင်းဆိုခဲ့သည်။

ဗြိတိန်လူ့အခွင့်အရေးသံအမတ် ရီတာဖရန့်(ချ်) (Rita French) က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို ဇူလိုင် ၆ ရက်က ပြောကြားရာတွင် မြန်မာစစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှု ရည်ရွယ်ချက်နှင့် ပတ်သက်၍ ယူကေ၏ ကတိကဝတ်များအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့ကာ၊ ဆိုင်ကလုန်းမိုခါ နောက်ဆက်တွဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေး ကြိုးပမ်းအားထုတ်မှုများနှင့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂစုံစမ်းစစ်ဆေးမှုများ ဖော်ဆောင်ရေးတို့အတွက် ယူကေအစိုးရက ဘဏ္ဍာငွေ ထောက်ပံ့ရန် ကတိပြုခဲ့သည်။ “ယူကေသည် (မြန်မာ) စစ်တပ်၏ လုပ်ရပ်များကို တုံ့ပြန်ရန်အတွက် နိုင်ငံတကာဖိုရမ်များ၊ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ နှင့် အခြားနည်းလမ်းများမှတစ်ဆင့် ဖိအားပေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ဗြိတိန်လူ့အခွင့်အရေးသံအမတ် ရီတာဖရန့်(ချ်)က ပြောကြားခဲ့ကာ “ဒဏ်ခတ်မခံရတဲ့ အစဉ်အလာ ဆုံးခန်းတိုင်စေရမည်” ဟုလည်း ပြောခဲ့သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button