သတင်း

မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် ပိတ်ဆို့အရေးယူရန်အဖွဲ့ပေါင်း ၄၀၀ ကျော်က ဩစတြေးလျအစိုးရထံ စာပို့တောင်းဆို

အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းထားသည့် မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် ပိတ်ဆို့အရေးယူရန် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၄၀၀ ကျော်က ယခုလဆန်းပိုင်းတွင် ဩစတြေးလျ အစိုးရထံစာရေးသားပေးပို့ကာ တောင်းဆိုလိုက်သည်။

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong ထံလိပ်မူပေးပို့သည့် အိပ်ဖွင့်ပေးစာတွင် “ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တုတွင်း၊ သစ်၊ ပုလဲနှင့်ကျောက်မျက်လုပ်ငန်း” ကဲ့သို့ စစ်ကောင်စီအတွက် အဓိကဝင်ငွေရှာဖွေပေးနေသော စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားပိတ်ဆို့အရေးယူပေးရန် အထူးတောင်းဆိုထားသည်ဟု Myanmar Campaign Network က ထုတ်ပြန်သည်။

နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများနှင့် ဘဏ်များအပြင် စစ်ခေါင်းဆောင်များ၊ လက်နက်ထုတ်လုပ်သူ များ၊ လေကြောင်းထောက်ပံ့ရေးကွင်းဆက်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အပါအဝင် ထိပ်သီးပစ်မှတ်များကို ပိတ်ဆို့အရေးယူရန် အရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်းသည်။

အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်များကို မျက်ကွယ်ပြုပြီး ဩစတြေးလျရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ဆက် လက်လုပ်ကိုင်နေကြောင်း၊ ယင်းလုပ်ရပ်သည် “လူ သတ်မြန်မာစစ်တပ်နှင့် ၎င်းတို့လက်အောက်ခံ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ဝင်ငွေများကို တရားဝင်ဖြစ်အောင် ကူညီပေးနေပါတယ်” ဟု Transparency International Australia ၏ အမှုဆောင်အရာရှိချုပ် Clancy Moore က မှတ်ချက်ပြုသည်။

ဩစတြေးလျအစိုးရက ယခုနှစ် ဖေဖော်ဝါရီလတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆာင်စိုးဝင်းအပါအဝင် ထိပ်ပိုင်းစစ်ခေါင်းဆောင် ၁၆ ဦးနှင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လိမိတတ် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို ပထမဆုံးအကြိမ် ပိတ်ဆို့အရေးယူခဲ့သည်။

သို့သော် ဩစတြေးလျအစိုးရ၏ ပိတ်ဆို့အရေးယူမှုသည် မြန်မာစစ်တပ်အပေါ် နိုင်ငံတကာပိတ်ဆို့ အရေးယူမှု၏ ၂ ရာခိုင်နှုန်းသာရှိသည်ဟု အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြသည်။

အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့က မြန်မာစစ်ဗိုလ်ချုပ်များအပြင်၊ ၎င်းတို့နှင့်ပတ် သက်ဆက်နွှယ်သူများ၊ လုပ်ငန်းအဖွဲ့အစည်းများကို ပိတ်ဆို့အရေးယူမှုမျိုးစုံ ချမှတ်ထားသည်။ ထိုသို့ပိတ်ဆို့အရေးယူခံရသည်များတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအပြင် ပတ်သက်ဆက် နွှယ်သည့် ပုဂ္ဂလိကကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များလည်း ပါဝင်သည်။

စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ ရပေါက်ရလမ်းကြီးဖြစ်သော နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဥရောပသမဂ္ဂက လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် ပိတ်ဆို့အရေးယူ ကြောင်း ကြေညာခဲ့သည်။ လာမည့် ဒီဇင်ဘာ ၁၅ ရက်နေ့မှစ၍ MOGE ကို ဘဏ္ဍာရေးဝန်ဆောင်မှု မပေးရန် အမေရိကန်အစိုးရက ယခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည်။

လွန်ခဲ့သည့် ဇွန်လတွင် နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု နှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ပိတ်ဆို့အရေးယူပြီးနောက် အမေရိကန်အနေဖြင့် MOGE ကို ပထမဆုံးအကြိမ် စတင်အရေးယူခြင်းဖြစ်သည်။

Show More

Related Articles

Back to top button