သတင်း

မြန်မာစစ်တပ်နှင့် ပတ်သက်နေသည့် ဩစတြေးလျဆက်စပ်ကုမ္ပဏီ အတိုင်ခံရ

မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် ပူးပေါင်းလုပ်ကိုင်နေသည့် ဩစတြေးလျဆက်စပ် သတ္တုတူးဖော်ရေးကုမ္ပဏီ Cornerstone Resource ကို စုံစမ်းစစ်ဆေးရန် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက တောင်းဆိုလိုက်သည်။

ကမ္ဘာတစ်ဝန်းမှ အခွန်ရှောင်သူများအကြိုက် British Virgin Island ကျွန်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့် Cornerstone Resource ကုမ္ပဏီသည် မြန်မာစစ်တပ်နှင့် ပတ်သက်၍ ဗြိတိန်အစိုးရ၏ အရေးယူပိတ်ဆို့မှုစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်နေသည်ဟု ဆိုသည်။

စစ်တပ်ပိုင်ကုမ္ပဏီနှင့် ပူးပေါင်းကာ ရှမ်းပြည်နယ်တွင် သတ္တုတူးဖော်ရေးလုပ်ကိုင်နေသည့် ထိုကုမ္ပဏီကို စုံစမ်းစစ်ဆေးရန် REDRESS၊ Australian Center for International Justice နှင့် Justice For Myanmar (JFM) စသည့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့များက တိုင်ကြားခြင်းဖြစ်သည်။

သတ္တုတူးဖော်ရေးကုမ္ပဏီကို အရေးယူပေးရန် British Virgin Island ရှိ ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် ဗြိတိန်အစိုးရ၏ ငွေကြေးအရေးယူပိတ်ဆို့မှုဆိုင်ရာ အကောင်အထည်ဖော်မှုရုံး (Office of Financial Sanctions Implementation) ထံ သက်သေများနှင့်တကွ တိုင်ကြားထားသည်ဟု JFM က ယခုလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။

ထိုကုမ္ပဏီများသည် အာဏာသိမ်းပြီးနောက် ၂၀၂၁ အောက်တိုဘာနှင့် ၂၀၂၂ ဩဂုတ်လတွင် သံသွပ်နှင့် ကျောက်မီးသွေးအတွက် အရောင်းအဝယ်ပြုလုပ်ခဲ့ပြီး တန်ဖိုးအားဖြင့် မြန်မာကျပ်ငွေ ၁ ဒသမ ၉ ဘီလျံ (ဩစတြေးလျဒေါ်လာ ၁ ဒသမ ၃ သန်း) ရှိသည်ဟု ဆိုသည်။

Cornerstone ကုမ္ပဏီသည် နိုင်ငံပိုင် အမှတ် (၁) သတ္တုတွင်းလုပ်ငန်းနှင့် အကျိုးတူပူးပေါင်းကာ ၁၉၉၉ ခုနှစ်ကတည်းကပင် ရှမ်းပြည်နယ်အတွင်း သတ္တုတူးဖော်ရေးနှင့် သန့်စင်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည်ဟု သိရသည်။

မြန်မာစစ်တပ်ပိုင် MEC ကို ဗြိတိန်အစိုးရက ၂၀၂၁ ခုနှစ် ဧပြီလကတည်းက ပိတ်ဆို့အရေးယူခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် ဩစတြေးလျအစိုးရက ပထမဆုံးအကြိမ် မြန်မာစစ်ဗိုလ်ချုပ်များကို ဒဏ်ခတ်အရေးယူကြောင်း ကြေညာခဲ့ရာ MEC လည်း ပါဝင်ခဲ့သည်။

သို့သော် နိုင်ငံပိုင် အမှတ် (၁) သတ္တုတွင်းလုပ်ငန်းကိုမူ ဗြိတိန်နှင့် ဩစတြေးလျအစိုးရတို့က အရေးယူခြင်းမရှိသေးပေ။

အရေးယူပိတ်ဆို့ခံထားရသည့် စစ်တပ်ပိုင်ကုမ္ပဏီနှင့် ပတ်သက်နေခြင်းမှာ ဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေခြင်းဖြစ်သည်ဟု JFM က ဆိုသည်။

“မြန်မာစစ်တပ်ရဲ့ အကျင့်ပျက်ခြစားမှုနဲ့ စစ်ရာဇဝတ်မှုဆက်ကျူးလွန်ဖို့ အားပေးထောက်ခံနေတာပဲ ဖြစ်တယ်။ ဩစတြေးလျအစိုးရရဲ့ အရေးယူဖို့ ပျက်ကွက်နေခြင်းကြောင့်လည်း စစ်တပ်နဲ့ Cornerstone ကုမ္ပဏီတို့အကြား စီးပွားရေးဆက်လုပ်နိုင်တာဖြစ်တယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က မှတ်ချက်ပြုသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း လွိုင်လင်ခရိုင်၊ လုံချိန်ဒေသတွင် အကြီးစားသတ္တုတူးဖော်ရေး လုပ်ကိုင်နိုင်ရေး စစ်ကောင်စီက လွန်ခဲ့သည့် အောက်တိုဘာလတွင် Cornerstone Resource ကုမ္ပဏီကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှုလက်မှတ် ထုတ်ပေးခဲ့သည်။

“ဗြိတိန်အစိုးရအနေနဲ့ အရေးယူပိတ်ဆို့မှု ချိုးဖောက်နေတဲ့ကုမ္ပဏီတွေကို ငွေကြေးပြစ်ဒဏ်ချမှတ်တာမျိုးတွေ လုပ်ဆောင်သင့်နေပါပြီ။ ဗြိတိန်အစိုးရဟာ ယနေ့အထိ အရေးယူပိတ်ဆို့ခြင်းနဲ့ ပြစ်ဒဏ်ချမှတ်မှုတွေမှာ အလွန်ပဲ နှေးကွေးနေပါတယ်” ဟု REDRESS မှ ဒါရိုက်တာ Rupert Skilbeck က ထောက်ပြသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှတ်တမ်းအရ Cornerstone Resource (Myanmar) ကုမ္ပဏီတွင် Roger Jardine အမည်ရှိ ဩစတြေးလျနိုင်ငံသားတစ်ဦး ပါဝင်နေသည်။

ထို့ပြင် ထိုကုမ္ပဏီတွင် ဩစတြေးလျသတ္တုလုပ်ငန်းရှင် Mark Creasy ပိုင်ဆိုင်သည့် Yandel Investments ၏ ရှယ်ယာပိုင်ဆိုင်မှုများရှိခဲ့သည်ဟု မြန်မာနိုင်ငံတွင် သတ္တုတူးဖော်ရေးလုပ်ကိုင်နေသည့် Myanmar Metal ကုမ္ပဏီ၏ ၂၀၁၉ ခုနှစ်အတွင်းက ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြသည်။

အသက် ၇၉ နှစ်အရွယ် သတ္တုလုပ်ငန်းရှင် Mark Creasy သည် ဩစတြေးလျနိုင်ငံ၏ အချမ်းသာဆုံး လူပုဂ္ဂိုလ် ၅၀ စာရင်းတွင် ပါဝင်ပြီး သတ္တုတူးဖော်ရေးလုပ်ငန်းအများအပြားတွင် ရင်းနှီးမြှုပ်နှံထားသည်ဟု ကမ္ဘာကျော်စီးပွားရေးမဂ္ဂဇင်း Forbes က ဆိုသည်။

Show More

Related Articles

Back to top button