သတင်း

စစ်တပ်ပိုင်ကုမ္ပဏီက အနိုင်ကျင့်သည့်အကြောင်း ဦးစိုးထွန်းရှိန်လူများဖွင့်ချ

မိုးထိမိုးမိရွှေလုပ်ကွက်ကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက သိမ်းယူသွားသည့်ဖြစ်ရပ်တွင် စစ်ခေါင်းဆောင်၏အကြံပေး ဒုတိယဗိုလ်ချုပ်ကြီးညိုစော အဓိကနေရာမှ ပါဝင်ခဲ့ကြောင်း၊​ သိက္ခာမဲ့သည့် လုပ်ရပ်ဖြစ်ကြောင်း ဦးစိုးထွန်းရှိန်ပိုင် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ အကြီးတန်းအရာရှိများက ဆိုသည်။

နှစ်ဦးနှစ်ဖက်အကျိုးတူ ရွှေတူးမည်ဟု အယုံသွင်းပြီးနောက် စစ်တပ်ပိုင်ကုမ္ပဏီက အရေးကြီးအချက်အလက်များ အရယူကာ ကျပ်ဘီလျံပေါင်းများစွာ တန်ကြေးရှိ မိုးထိမိုးမိရွှေလုပ်ကွက်ကို မောင်ပိုင်စီးသွားခြင်းဖြစ်သည်ဟု ဦးစိုးထွန်းရှိန်၏လူများက ဖွင့်ချလိုက်သည်။

မိုးထိမိုးမိရွှေလုပ်ကွက်ကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က သိမ်းယူသွားသည့်ဖြစ်ရပ်တွင် စစ်ခေါင်းဆောင်၏အကြံပေး ဒုတိယဗိုလ်ချုပ်ကြီးညိုစော အဓိကနေရာမှ ပါဝင်ခဲ့ကြောင်း၊​ သိက္ခာမဲ့သည့်လုပ်ရပ်ဖြစ်ကြောင်း ဦးစိုးထွန်းရှိန်ပိုင် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ အကြီးတန်းအရာရှိများက ဆိုသည်။

ဦးစိုးထွန်းရှိန်ပိုင် ကုမ္ပဏီမှ တာဝန်ရှိသူများ၏ပြောဆိုချက်ကို စစ်တပ်ဘက်ယိမ်းသည့် Myanmar Hard Talk အမည်ခံ သတင်းဌာနက ယခုလ ၂၃ ရက်နေ့တွင် ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

မွတ်စလင်မုန်းတီးရေး ဘုန်းကြီးအချို့ ဦးဆောင်သည့် “အမျိုးသားရေး” လှုပ်ရှားမှုများကို နောက်ကွယ်မှ ထောက်ပံ့ကူညီခဲ့သူ နာမည်ကြီးလုပ်ငန်းရှင် ဦးစိုးထွန်းရှိန်မှာ စစ်ကောင်စီလက်ထက်တွင် ထောင်မှ ပြန်လွတ်ရန် ကြံဆောင်ခဲ့သော်လည်း အဖိုးတန်ရွှေတွင်းဆုံးရှုံးသည့်အပြင် ထောင် ၁၀ နှစ်ပါ အချခံရသည်။

စစ်ကောင်စီ၏လှည့်စားမှု

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်သည် ၎င်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရအုပ်ချုပ်စဉ်က ချမှတ်ထားသည့် ပြစ်ဒဏ်များနှင့် တရားစွဲဆိုမှုများကို အာဏာသိမ်းစစ်တပ်က ဖယ်ရှားပေးမည်ဟု မျှော်လင့်ခဲ့သည်။

ထို့ကြောင့် စစ်တပ်ပိုင် အဓိကစီးပွားရေးလုပ်ငန်းကြီးဖြစ်သော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို ချဉ်းကပ်ကာ မန္တလေးတိုင်း ရမည်းသင်းမြို့နယ်မှ မိုးထိမိုးမိရွှေလုပ်ကွက်ကို အကျိုးတူတူးဖော်ရန် ကမ်းလှမ်းသည်။ ၂၀၁၉ ခုနှစ်ကတည်းက ရမည်းသင်းထောင်တွင် အကျဉ်းကျခံနေရသည့် ဦးစိုးထွန်းရှိန်က ၂၀၂၂ နှစ်ဆန်းပိုင်းတွင် ထောင်တွင်းမှနေ၍ ထိုသို့ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ထိုကမ်းလှမ်းမှုကို စစ်တပ်ပိုင် MEC ကုမ္ပဏီက လက်ခံပြီးနောက် ရွှေတွင်းနှင့် ကုမ္ပဏီအကြောင်း အသေးစိတ်အချက်အလက်များ တောင်းယူသွားခဲ့သည်ဟု အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ ဒါရိုက်တာ ဦးသန်းလွင်က Myanmar Hard Talk ကို ဖွင့်ချသည်။

“(MEC က) တောင်းခံလာတဲ့အပေါ်မှာ ကုမ္ပဏီဥက္ကဋ္ဌ (ဦးစိုးထွန်းရှိန်) က တပ်မတော်ကို ချစ်တဲ့စိတ်နဲ့ ကုမ္ပဏီရဲ့ လျှို့ဝှက်စာရင်းတွေကို ပေးပို့ခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်ပိုင်ကုမ္ပဏီက ထောင်ထဲရှိ ဦးစိုးထွန်းရှိန်ကို မည်သည့်နေရာတွင် မည်ကဲ့သို့တွေ့ဆုံပြီး စီးပွားရေးသတင်းအချက်အလက်များ ရယူခဲ့သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။

ရမည်းသင်းထောင်နှင့် နီးစပ်သော သတင်းအရင်းအမြစ်များ၏အဆိုအရ အာဏာသိမ်းပြီးနောက် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) မှ အရာရှိများ ရမည်းသင်းထောင်ထဲသို့ သုံးကြိမ်ထက်မနည်း လာရောက် ဦးစိုးထွန်းရှိန်နှင့် တွေ့ဆုံခဲ့သည်ဟု ဆိုသည်။ Myanmar Now ၏ သတင်းအရင်းအမြစ်များသည် စစ်ကောင်စီကို ဆန္ဒပြသဖြင့် ဖမ်းဆီးခံရသူများဖြစ်ကြသည်။

ဦးစိုးထွန်းရှိန်ထံမှ ရွှေတွင်းနှင့်ပတ်သက်သည့် အချက်အလက်များယူသွားပြီးနောက် MEC က အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီနှင့် ပူးပေါင်းရေးအစီအစဉ်ကို စွန့်လွှတ်ကာ ရွှေတွင်းကို လွယ်လွယ်ကူကူပင် မောင်ပိုင်စီးလိုက်သည်။

လက်ရှိအချိန်တွင် MEC သည် မိုးထိမိုးမိဒေသမှ ရွှေတွင်းပေါင်း ၁၀၀ ကျော်ကို အခကြေးငွေယူကာ တစ်ဆင့်ကန်ထရိုက်များကို ရွှေတူးဖော်ခွင့်ပြုနေကြောင်း အမျိုးသားကြီးပွားတိုးတက်ရေးဘက်က ဆိုသည်။

ထိုရွှေတွင်းများသည် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက အမေရိကန်ဒေါ်လာ ၄၁ သန်းအပါအဝင် မြန်မာကျပ်ငွေ ဘီလျံ ၅၀ နီးပါး ရင်းနှီးမြုပ်နှံထားသည့် လုပ်ငန်းဖြစ်သည်ဟု ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးဉာဏ်ဝင်းက ဆိုသည်။

“အခုလက်ရှိ မိုးထိမိုးမိလုပ်ငန်းဟာ MEC ရဲ့အရင်းအနှီး မပါဝင်ပါဘူး” ဟု ၎င်းက ပြောသည်။

မျှော်မှန်းသလိုဖြစ်မလာဘဲ လှည့်စားခံရသဖြင့် စစ်ကောင်စီ၏ အဓိကစီးပွားရေးဒေါက်တိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကို ဦးစိုးထွန်းရှိန်၏လူများက စိတ်ပျက်နေကြသော်လည်း ထိန်းထိန်းသိမ်းသိမ်းသာ ဝေဖန်ထားသည်။ MEC အနေဖြင့် ဂုဏ်သိက္ခာမဲ့လုပ်ရပ်များ ဆက်မလုပ်သင့်ဟု ဆိုကြသည်။

“ဒါဟာ လုပ်ငန်းရှင်ကျင့်ဝတ်အရ ကုမ္ပဏီရဲ့လျှို့ဝှက်သတင်းရယူပြီးမှ ကျွန်တော်တို့နဲ့ မပူးပေါင်းဘဲ သွေဖည်ခဲ့မယ်ဆိုရင် သိက္ခာမဲ့တယ်လို့ မြင်ပါတယ်။ စီးပွားရေးကျင့်ဝတ်အရ ဖောက်ဖျက်တာလဲ ဖြစ်ပါတယ်”

“ဒါမျိုးလုပ်ဆောင်မှုတွေဟာ လူတစ်ဦးတစ်ယောက်ရဲ့ လုပ်ဆောင်မှုကြောင့် တပ်မတော်သားတွေရော တပ်မတော်အတွက်ပါ ဂုဏ်သိက္ခာကျစရာအသွင်မျိုး ဖြစ်နေတယ်ဆိုတာ ကျွန်တော်က (အများ) သိအောင် တင်ပြလိုပါတယ်” ဟု အမျိုးသားကြီးပွားတိုးတက်ရေး၏ ဒါရိုက်တာ၊ စစ်တပ်အရာရှိဟောင်း ဦးသန်းလွင်က ပြောသည်။​

ထို့ပြင် ကုမ္ပဏီ၏အထွေထွေမန်နေဂျာ ဦးဉာဏ်ဝင်းကလည်း “(စစ်တိုက်သလို) ချေမှုန်းရေးပုံစံမျိုးတွေနဲ့ ပြင်ပလောကစီးပွားရေးနယ်ပယ်မှာ လုပ်မယ်ဆိုရင် စီးပွားရေးနယ်ပယ်မှာရှိတဲ့ စီးပွားရေးကျင့်စဉ်တွေနဲ့ အများကြီးကွဲလွဲနေမယ်ဆိုတာ သိမြင်ဖို့လိုပါတယ်” ဟု ဝေဖန်သည်။

စစ်ခေါင်းဆောင်၏လူယုံ MEC ဥက္ကဋ္ဌ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)ပိုင် သွားတိုက်ဆေးစက်ရုံဖွင့်ပွဲ၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယဗိုလ်ချုပ်ကြီးညိုစောတို့ကို ၂၀၂၀ ဇူလိုင်လအတွင်း တွေ့ရစဉ်။

မိုးထိမိုးမိရွှေလုပ်ကွက်ကို အရယူလိုက်သည့် စစ်တပ်ပိုင် MEC ကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌအဖြစ် ၂၀၁၄ ခုနှစ်ကတည်းက တာဝန်ယူထားသူ ဒုတိယဗိုလ်ချုပ်ကြီးညိုစောမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အနီးကပ်လူယုံတစ်ဦးဖြစ်သည်။ 

မကြာမီက ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် စီးပွားရေးရာများကို စီမံခန့်ခွဲရသည့် စစ်ကောင်စီအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းတို့ အလွဲသုံးစားမှုများ ပေါ်ပေါက်ကာ အရေးယူခံရပြီးနောက် ဗိုလ်ချုပ်ကြီးညိုစောမှာ အာဏာသိမ်းခေါင်းဆောင်အတွက် ရှားရှားပါးပါးကျန်ရှိနေသည့် အနီးကပ်လူယုံတစ်ဦးဖြစ်သည်။​

·   ငွေရှာကောင်းသည့် ဗိုလ်ချုပ်ကြီးကို မင်းအောင်လှိုင် အကြံပေးခန့်

·   မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း တပ်မတော်ပိုင်ပုဂ္ဂလိကလုပ်ငန်းဖြစ်လာ

အာဏာသိမ်းပြီးနောက် MEC ကို ဦးဆောင်ခွင့်သာမက အခြားအရေးပါသော ရာထူးများလည်း ပေးအပ်ထားသည်။ ၂၀၂၂ သြဂုတ်လတွင် ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူပြီး သိုလှောင်ဖြန့်ဖြူးရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ယခုလ ဇူလိုင်လတွင် စစ်ခေါင်းဆောင်၏ အကြံပေးအဖြစ်လည်းကောင်း ခန့်အပ်ခံရသည်။

အကြံပေးရာထူးကို ပြည်ထောင်စုအဆင့် ခန့်အပ်ထားခြင်းဖြစ်ကာ ဒုဗိုလ်ချုပ်ကြီးညိုစောမှာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် အလားအတူ အခြားကော်မတီများတွင် အဖွဲ့ဝင်အဖြစ်သာမက စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ပါ နေရာပေးခံထားရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟု အမည်ပေးထားသည့် ထိုအဖွဲ့ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့က ဦးဆောင်ပြီး အာဏာသိမ်းစစ်တပ်၏ အဆင့်အမြင့်ဆုံးအဖွဲ့ဖြစ်သည်။

ဦးစိုးထွန်းရှိန်အမှု နောက်ဆုံးအခြေအနေ

ဦးစိုးထွန်းရှိန်ကို အာဏာမသိမ်းမီ ၂၀၁၈ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအစိုးရက နိုင်ငံ့ဘဏ္ဍာသို့ ရွှေပိသာတစ်ထောင်ကျော် ပေးသွင်းရန် ကျန်ရှိသည့်အတွက် တရားမမှု၊ ခွင့်ပြုချက်မဲ့ ရွှေတူးဖော်မှု သတ္တုတွင်းဥပဒေ ပုဒ်မ ၃၀ (က) (၁) နှင့် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပါ ပုဒ်မ (အပက) ၃ တို့ဖြင့် သတ္တုတွင်းဝန်ကြီးဌာနက တရားလိုလုပ်ကာ ဖမ်းဆီးတရားစွဲခဲ့ခြင်းဖြစ်သည်။

·   မြွေပါလည်းဆုံး သားလည်းဆုံး၊ မဘသသူဌေးကြီး၏ နိဂုံး (၂၀၂၃)

·   မိုးထိမိုးမိ ရွှေတွင်းကြီးနှင့် တရားခံပြေး မဘသဒါယကာ သူဌေးကြီး(၂၀၁၉)

ထိုအမှုများအနက် ၂၀၂၂ မေလတွင် သတ္တုတွင်းဥပဒေ ပုဒ်မ ၃၀ (က) (၁) အမှုကို စစ်ကောင်စီက ရုပ်သိမ်းပေးခဲ့သည်။

ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပါ ပုဒ်မ (အပက) ၃ ဖြင့် စွဲဆိုထားသည့်အမှုကိုတော့ စစ်ကောင်စီ၏ မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်တရားရုံးက ၂၀၂၃ စက်တင်ဘာ ၂၇ ရက်တွင် ဦးစိုးထွန်းရှိန်ကို ထောင် ၁၀ နှစ် ချမှတ်ခဲ့သည်။ ထိုပြစ်ဒဏ်ကို အယူခံဝင်ရန် ဦးစိုးထွန်းရှိန်၏ ရှေ့နေများက ပြင်ဆင်နေကြသည်။

နိုင်ငံ့ဘဏ္ဍာသို့ ရွှေပိသာတစ်ထောင်ကျော် ပေးသွင်းရန် ကျန်ရှိသည့်အတွက် တရားမမှုအတွက် ဆက်လက်တရားရင်ဆိုင်နေရသည်။

မန္တလေးတိုင်း၊ ရမည်းသင်းမြို့ရှိ တရားရုံးသို့ အမှုရင်ဆိုင်ရန် ရောက်လာသည့် ဦးစိုးထွန်းရှိန်ကို ၂၀၁၉ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ – Myanmar Now

Show More

Related Articles

Back to top button