သတင်း

ငွေရှာကောင်းသည့် ဗိုလ်ချုပ်ကြီးကို မင်းအောင်လှိုင် အကြံပေးခန့်

စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများကို ဆယ်စုနှစ်တစ်ခုနီးပါး ဦးစီးလုပ်ကိုင်ရင်း ငွေရှာကောင်းသည့် ဗိုလ်ချုပ်ကြီးတစ်ဦးကို အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်း၏ အကြံပေးအဖြစ် ခန့်အပ်လိုက်ကာ ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်ကြောင်း စစ်ကောင်စီက ယနေ့ (ဇူလိုင် ၅) ထုတ်ပြန်သည်။

စီးပွားရေးလုပ်ငန်းခွဲပေါင်းများစွာရှိသော စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဥက္ကဋ္ဌအဖြစ် ၂၀၁၄ ခုနှစ်မှ လက်ရှိအချိန်ထိ တာဝန်ယူထားသူ ဒုတိယဗိုလ်ချုပ်ကြီးညိုစောကို စစ်ခေါင်းဆောင်က အကြံပေးခန့်လိုက်ခြင်းသည်။

အာဏာသိမ်းခေါင်းဆောင်နှင့် အသက်အရွယ် မတိမ်းမယိမ်းရှိသည့် ဒုဗိုလ်ချုပ်ကြီးညိုစောမှာ မင်းအောင်လှိုင် တပ်ချုပ်ဖြစ်လာပြီးနောက် စစ်ထောက်ချုပ်ရာထူးနှင့်အတူ MEC ဥက္ကဋ္ဌအဖြစ် ပူးတွဲတာဝန်ပေးခံရသူဖြစ်သည်ဟု မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတွင် နှစ်ပေါင်း ၁၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သူ စစ်တပ်အရာရှိဟောင်းတစ်ဦးက Myanmar Now ကိုပြောသည်။

“သူက ယူနီဖောင်းမချွတ်ဘဲနဲ့ စစ်ထောက်ချုပ်ကနေ တွဲတွဲကိုင်တာပဲ။ စစ်ထောက်ချုပ်ဖြစ်တာနဲ့ သူက MEC ဥက္ကဋ္ဌ တန်းဖြစ်တာပဲ။ အာဏာသိမ်းပြီးတော့ သူ့ကို စစ်ထောက်ချုပ် မပေးတော့ဘူး။ MEC ဥက္ကဋ္ဌ သက်သက်ပဲ ထားလိုက်တယ်”

ဒုဗိုလ်ချုပ်ကြီးညိုစောကို အကြံပေးခန့်အပ်ခြင်းနှင့် ပတ်သက်၍ “သူ့ရဲ့ယုံကြည်မှုပေါ့။ လူယုံပေါ့။ သစ္စာရှိမှုအရ ဆွဲတင်တာပါပဲ” ဟု မှတ်ချက်ပြုသည်။

မြှောက်စားသည်ဟု ယူဆနိုင်သော်လည်း အဆင်မသင့်ပါက MEC ဥက္ကဋ္ဌနေရာမှ အချိန်မရွေး ဖယ်ရှားခံရနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

စစ်တပ်တွင်း အထူးအရေးပါဆုံး ရာထူးတစ်ခုဖြစ်သည့် စစ်ထောက်ချုပ်နေရာ လက်ရှိတာဝန်ထမ်းဆောင်နေသူမှာ ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းဖြစ်သည်။ နေပြည်တော်၌ မင်းအောင်လှိုင်တည်နေသည့် စကျင်ကျောက်ဘုရား တည်ဆောက်ရေးလုပ်ငန်းများကို ဦးစီးနေသူလည်းဖြစ်သည်။

၎င်းသည် မန္တလေးတိုင်းမှူးနေရာမှ ၂၀၂၀ ပြည့်နှစ် မေလတွင် စစ်ထောက်ချုပ်အဖြစ် ရာထူးတိုးကာ နေပြည်တော်ရောက်လာချိန်၌ အသက် ၄၈ နှစ်အရွယ်သာ ရှိသည်။

အာဏာသိမ်းခေါင်းဆောင်က ၎င်းထက် အသက် ၁၀ ဝန်းကျင် ငယ်ရွယ်သည့် စစ်ဗိုလ်ချုပ်များကို စစ်တပ်တစ်ခုလုံးတွင် အရေးပါဆုံးရာထူးများ ပေးကာ အနီးကပ်ထားသည်ကို တွေ့ရှိရသည်။ လက်ရှိ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဖြစ်သူ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို စစ်ကောင်စီတွင် ထည့်သွင်းထားသည့်နည်းတူ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌအဖြစ်လည်း ခန့်အပ်ထားသည်။

လက်ရှိစစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီးစိုးမင်းနှင့် တွဲဖက်စစ်ရေးချုပ်ဖြစ်သူ ခွန်သန့်ဇော်ထူးတို့သည်လည်း အထက်ပါ ဗိုလ်ချုပ်များနည်းတူ မင်းအောင်လှိုင်ထက် အသက်များစွာ ငယ်ရွယ်သူများ ဖြစ်သည်။​

မင်းအောင်လှိုင်၏ သီးသန့်အကြံပေးဖြစ်လာသူ ဒုဗိုလ်ချုပ်ကြီးညိုစောမှာ စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ တပ်ရာထူးမရှိတော့သော်လည်း စစ်ယူနီဖောင်းဝတ် ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) တွင် တာဝန်ထမ်းဆောင်ဆဲဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီးညိုစောသည် စစ်တက္ကသိုလ်အပတ်စဉ် (၂၃) တက်ရောက်ခဲ့သူဖြစ်ပြီး အာဏာသိမ်းခေါင်းဆောင်မှာ အပတ်စဉ် ၁၉ မှ ဖြစ်သည်။ စစ်ထောက်ချုပ်မဖြစ်မီက ဒုဗိုလ်ချုပ်ကြီးညိုစောသည် စစ်ကျောင်းအုပ်၊ စစ်တိုင်းမှူးစဖြင့် စသဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်တပ်၏ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် ရန်ကုန်ပြည်လမ်းရှိ ကန်သာယာအပြည်ပြည်ဆိုင်ရာ ဆေးရုံဖွင့်ပွဲတွင် မင်းအောင်လှိုင်နှင့် အတူညိုစောကို ၂၀၁၇ က တွေ့ရပုံ။ (မြဝတီနေ့စဉ်)

စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများကို ဦးစီးနေသူကို အကြံပေးခန့်လိုက်ခြင်းမှာ စစ်ရေးအရ အနိုင်မယူနိုင်တော့သဖြင့် နွေဦးတော်လှန်ရေး၏ ထောက်ပို့လမ်းကြောင်းများကို တိုက်ခိုက်ရန် ရည်ရွယ်ခြင်းလည်းဖြစ်နိုင်သည်ဟု အာဏာသိမ်းပြီးနောက် စစ်တပ်ကို စွန့်ခွာခဲ့သူ ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပြုသည်။

“နောက်တစ်ချက်ပေါ့။ စစ်တပ်က လူတွေဆိုတာက နောက်ကနေ ဝှက်ဖဲပုံစံမျိုး လုပ်ချင်တဲ့ ဆန္ဒမရှိ ဘူး။ သူတို့ကို နေရာပေးမှရတာပေါ့။ နေရာပေးမှရတော့ လူရှာတာပေါ့”

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အနီးကပ်လူယုံတစ်ဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီးညိုစောသည် ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်း စစ်ကောင်စီက ရုရှားမှ စက်သုံးဆီတင်သွင်းရေးကော်မတီကို ဖွဲ့စည်းရာ၌လည်း ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခံရသည်။ အသက် ၆၀ ကျော်အရွယ် ဒုဗိုလ်ချုပ်ကြီးမှာ MEC လက်အောက်ရှိ စစ်တပ်ပိုင် အင်းဝဘဏ်၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

စစ်တပ်က တစ်ကျော့ပြန် အာဏာသိမ်းပြီးနောက် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများ ခေါင်းထောင်လာကာ အထူးသဖြင့် MEC ၏ လုပ်ငန်းများ ကြီးထွားလာပြီး ရန်ကုန်မြို့ရှိ ဗိုလ်အောင်ကျော်ဆိပ်ကမ်းကို စစ်တပ်က ပြန်လည်ချုပ်ကိုင်ထားပြီး စားအုန်းဆီနှင့် စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရေးလုပ်ငန်းများကို လက်ဝါးကြီးအုပ်ထားသည်ဟု သိရသည်။

“လုပ်ပိုင်ခွင့်တွေ အများကြီးပြန်ရသွားတယ်။ စားအုန်းဆီ၊ စက်သုံးဆီ အကုန်ကိုင်လို့ရသွားတယ်။ တစ်ဦးတည်း သွင်းခွင့်ရသွားတယ်။ အရင်ပုံစံ ပြန်ရောက်သွားတယ်” ဟု အထက်ပါ MEC အရာရှိဟောင်းက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်လာရာ စက်သုံးဆီတင်သွင်းရေးလုပ်ငန်းအပြင် သန်လျင်မြို့နယ်၌ ဖန်ချက်စက်ရုံ၊ အောက်ဆီဂျင်စက်ရုံ၊ ရန်ကုန်မြို့ရှိ စစ်ထောက်ချုပ်ရုံးနေရာ၌ တည်ဆောက်ထားသည့် မိခင်နှင့်ကလေးဆေးရုံ၊ မြဝတီမီဒီယာစင်တာ၊ မန္တလေးမြို့၌ ဆောက်လုပ်ထားသည့် ရတနာပုံခန်းမတို့ကို ဖွင့်လှစ်ခဲ့သည်။

၂၀၂၁ အာဏာသိမ်းပြီးမကြာမီ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက ဖွင့်လှစ်သည့် မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံနှင့် မြဝတီစင်တာမီဒီယာဖွင့်ပွဲကို မင်းအောင်လှိုင်နှင့်အတူ ဒုတိယဗိုလ်ချုပ်ကြီးညိုစောလည်း တက်ရောက်ခဲ့သည်။ (ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ထို့ပြင် ယခင်က စစ်တပ်ပိုင်လုပ်ငန်းများ ပါဝင်လုပ်ကိုင်ခဲ့သည့် မြင်းခြံသံမဏိစက်ရုံနှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့အနီးရှိ ပင်းပက်သံမဏိစက်ရုံတို့ကို ပြန်လည်ပတ်ရန် စစ်ကောင်စီက ကြိုးပမ်းနေပြီး ထိုလုပ်ငန်းများတွင် MEC ပါဝင်ပတ်သက်နေသည်။​

တပ်မတော်သားများ၏ ထည့်ဝင်မှုမပါဝင်ဘဲ စစ်တပ်က တိုက်ရိုက်ရင်းနှီးမြှုပ်နှံကာ ကာကွယ်ရေးဦးစီးချုပ်ရုံးက တိုက်ရိုက်ချုပ်ကိုင်ထားသဖြင့် MEC သည် စစ်တပ်ပိုင် အခြားလုပ်ငန်းတစ်ခုဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ထက် ပို၍ လွတ်လပ်စွာ စီးပွားရှာနိုင်သည်ဟုလည်း ဆိုသည်။

“MEC ကျတော့ ရှယ်ယာရှင်တွေနဲ့ မရှုပ်တော့ဘူးပေါ့ဗျာ။ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ရိုက်ရင်းနှီးမြှုပ်နှံတာပေါ့။ ဦးပိုင်ကျတော့ တစ်ဦးချင်းရှယ်ယာတွေ ဘာတွေ ရှိတော့ ပြောရရင် ညီလာခံတွေ ဘာတွေ လုပ်နေရသေးတယ်။ မျက်နှာစုံညီပေါ့။ နှစ်ပတ်လည်ညီလာခံတွေ လုပ်ရတယ်လေ။ ဟိုကောင်ကျတော့ သူ့ဟာသူ ဆုံးဖြတ်လို့ရတယ်” ဟု MEC တွင် တာဝန်ထမ်းဆောင်ခဲ့သည့် စစ်တပ်အရာရှိဟောင်းက ပြောသည်။

စစ်တပ်တွင် အထူးအရေးပါသည့် စစ်ထောက်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖူးသူ၊ လက်ရှိတွင် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများကို ဦးဆောင်နေသူ ဒုဗိုလ်ချုပ်ကြီးညိုစော၏ ဇနီးဖြစ်သူမှာ သရုပ်ဆောင် မေသဉ္စာဦး၏ အစ်မ စန်းစန်းမြင့်ဖြစ်ပြီး ၎င်းတို့တွင် သန့်ညိုစော၊ သင့်ညိုစောနှင့် ဆင့်ညိုစောဆိုသော သားသမီးသုံးဦးရှိသည်ဟု သိရသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button