သတင်း

စစ်တပ်ပိုင် MEC ၏ ရွှေတူးလုပ်ငန်းကို တားပေးရန် ဦးစိုးထွန်းရှိန် တောင်းဆို

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ကျပ်ဘီလျံပေါင်းများစွာ တန်ကြေးရှိ မိုးထိမိုးမိရွှေလုပ်ကွက်ကို မောင်ပိုင်စီးပြီးနောက် စီးပွားဖြစ်ရွှေတူးနေခြင်းကို တားမြစ်ပေးရန် ဖမ်းဆီးထောင်ချခံထားရသည့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်က စစ်ကောင်စီထံ စာရေးသား တောင်းဆိုလိုက်သည်။

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်အတွင်းရှိ ဧကခြောက်ထောင်ကျော် ကျယ်ဝန်းသည့် မိုးထိမိုးမိရွှေလုပ်ကွက်ကို ၂၀၁၁ ခုနှစ်တွင် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ကာ အာဏာသိမ်းပြီးနောက် စစ်တပ်ကုမ္ပဏီက မောင်ပိုင်စီးခဲ့ခြင်းဖြစ်သည်။

အကျိုးတူရွှေတူးရန် ညှိနှိုင်းထားခဲ့သော်လည်း MEC က အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီနှင့် တိုင်ပင်ခြင်းမရှိဘဲ အခြားရွှေတူးလိုသူများကို လုပ်ပိုင်ခွင့်ပေးနေခြင်းကို စိစစ်ပေးရန် ဦးစိုးထွန်းရှိန်က အာဏာသိမ်းခေါင်းဆောင်ထံ ပြီးခဲ့သည့်လအတွင်း စာပို့တောင်းဆိုခဲ့သည်။

မိုးထိမိုးမိဒေသရှိ အဓိကရွှေထွက်ရာလုပ်ကွက် (A) တွင် စစ်တပ်ပိုင်ကုမ္ပဏီက ရွှေတူး ၃၀ ကျော်အထိ လုပ်ပိုင်ခွင့်ချပေးနေကြောင်း၊ ဆက်လက်ခွင့်ပြုထားပါက နောက်ဆက်တွဲ အငြင်းပွားမှုများ ဖြစ်လာနိုင်ကြောင်း ဦးစိုးထွန်းရှိန်၏ စာတွင် ဖော်ပြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဇွန်လ ၁၄ ရက်စွဲဖြင့် လိပ်မူပေးပို့သည့်စာကို ဦးစိုးထွန်းရှိန်နှင့် ဆက်ဆံရေးကောင်းရှိသည့် Myanmar Hard Talk Telegram Channel က ဖော်ပြခဲ့ခြင်းဖြစ်သည်။

မိုးထိမိုးမိ၏ အဓိကရွှေထွက်ရာ လုပ်ကွက် (A) ရှိ ရွှေတွင်း ၃၀ ကျော်တွင် စစ်တပ်ပိုင် MEC က စီးပွားဖြစ် ရွှေတူးရန် ပြင်ဆင်နေသည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီကို မိုးထိမိုးမိတွင် ရွှေတူးခွင့်ပြန်ပေးပါက MEC အတွက် လစဉ် ရွှေ ၇ ပိဿာ၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းအတွက် လစဉ် ရွှေ ၁၀ ကီလိုဂရမ်နှင့် သတ္တုခွန်အဖြစ် လစဉ် ရွှေ ၅ ကီလိုဂရမ် ပေးနိုင်မည်ဟုလည်း ရွှေကြွေးကျန်ကိစ္စဖြင့် ဖမ်းဆီးထောင်ချခံထားရသူ ဦးစိုးထွန်းရှိန်က ကမ်းလှမ်းထားသည်။

သမ္မတဦးသိန်းစိန်လက်ထက်တွင် ဦးစိုးထွန်းရှိန်ပိုင်ကုမ္ပဏီက မိုးထိမိုးမိဒေသ၌ ရွှေတူးဖော်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ ၂၀၃၆ ခုနှစ်အထိ လုပ်ကိုင်ခွင့်ရခဲ့သော်လည်း ၂၀၁၇ အရောက်တွင် လုပ်ငန်းသဘောတူညီချက် မလိုက်နာမှုဖြင့် ထုတ်လုပ်ခွင့် ရပ်ဆိုင်းခံရသည်။

ထို့နောက် နိုင်ငံ့ဘဏ္ဍာသို့ ရွှေပိဿာ တစ်ထောင်ကျော် ပေးသွင်းရန် ကျန်ရှိမှု၊ ရွှေထုတ်လုပ်မှု ရပ်ဆိုင်းထားရန် ညွှန်ကြားချက်ကို မလိုက်နာမှုတို့ဖြင့် တရားစွဲခံခဲ့ရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ထွက်ပြေးသည့် ဦးစိုးထွန်းရှိန်ကို ထိုင်းနှင့်မြန်မာ ရဲတပ်ဖွဲ့များက ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်သည် NLD အစိုးရလက်ထက်တွင် ရွှေသွင်းရန် ပျက်ကွက်ခဲ့သော်လည်း စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည့် ဦးသိန်းစိန်လက်ထက်တွင် လူမျိုးရေးနှင့် ဘာသာရေးအစွန်းရောက်အဖွဲ့ မဘသကို ထောက်ပံ့လှူဒါန်းခဲ့သူဖြစ်သည်။

အရပ်သားအစိုးရလက်ထက်တွင် အမှုသုံးမှုဖြင့် တရားစွဲခံထားရသည့် ဦးစိုးထွန်းရှိန်ကို အာဏာသိမ်းစစ်ကောင်စီက အမှုတစ်မှုမှ အပြီးအပြတ်လွှတ်ပေးထားသည်။ သို့သော် ဦးစိုးထွန်းရှိန်မှာ ထောင် ၇ နှစ်အထိ ချမှတ်နိုင်သည့် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပါ ပုဒ်မ ၃ ခုဖြင့် ရမည်းသင်းခရိုင်တရားရုံး၊ ရွှေ ၁၂၉၃ ပိဿာ ရလိုမှုဖြင့် မန္တလေးတိုင်းတရားလွှတ်တော်တို့တွင် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။

အကျဉ်းထောင်တွင်းမှနေ၍ အမှုရင်ဆိုင်နေရဆဲဖြစ်သော်လည်း ဦးစိုးထွန်းရှိန်က စစ်ကောင်စီထံ​ အသနားခံစာတင်ကာ မိုးထိမိုးမိရွှေလုပ်ကွက်ကို MEC နှင့် အကျိုးတူလုပ်ကိုင်ခွင့်ရရေး လွန်ခဲ့သည့်နှစ်ကတည်းက ကြိုးပမ်းနေသည်။

သို့ရာတွင် အရပ်သားအစိုးရထံမှ တိုင်းပြည်အာဏာကို လုယူထားသည့် စစ်ကောင်စီလက်ထက်တွင် တပ်ပိုင်စီးပွားရေးလုပ်ငန်းက ဦးစိုးထွန်းရှိန်၏ အမှုများ မပြီးပြတ်မီ မိုးထိမိုးမိရွှေတွင်းကိုပါ သိမ်းယူခဲ့သည်။​

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button