သတင်း

မဘသ ဒါယကာကြီး ဦးစိုးထွန်းရှိန်ကို စစ်ကောင်စီ ထောင် ၁၀ နှစ်ချ

မွတ်စလင်မုန်းတီးရေးဘုန်းတော်ကြီးအချို့ ဦးဆောင်သည့် “အမျိုးသားရေး” လှုပ်ရှားမှုများ၏ ဒါယကာကြီး ဦးစိုးထွန်းရှိန်ကို စစ်ကောင်စီ၏ မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်တရားရုံးက ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပါ ပုဒ်မ (အပက) ၃ ဖြင့် စက်တင်ဘာ ၂၇ ရက်တွင် ထောင် ၁၀ နှစ် ချလိုက်သည်။

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်အတွင်းရှိ ဧကခြောက်ထောင်ကျော် ကျယ်ဝန်းသည့် မိုးထိမိုးမိရွှေလုပ်ကွက်ကို ဦးစိုးထွန်းရှိန် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက ၂၀၁၁ ခုနှစ်တွင် လုပ်ကိုင်ခွင့်ရပြီးနောက် အခွန်အဖြစ် ပေးသွင်းရမည့် ရွှေကြွေးကျန် မပေး၍ လုပ်ငန်းရပ်ထားရန် ညွှန်ကြားချက်ကို မလိုက်နာသဖြင့် စွဲဆိုခံထားရသည့် ပုဒ်မ ၃ ခုအနက် တစ်ခုကို အမိန့်ချခဲ့ခြင်းဖြစ်သည်။

ဦးစိုးထွန်းရှိန်ကို စစ်တပ်က အာဏာမသိမ်းမီ ၂၀၁၈ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအစိုးရက နိုင်ငံ့ဘဏ္ဍာသို့ ရွှေပိသာတစ်ထောင်ကျော် ပေးသွင်းရန် ကျန်ရှိမှုဖြင့် သတ္တုတွင်းဥပဒေ ပုဒ်မ ၃၀ (က) (၁) နှင့် တရားမမှု၊ ရွှေထုတ်လုပ်မှု ရပ်ဆိုင်းထားရန် ညွှန်ကြားချက်ကို မလိုက်နာမှု အပက ၃ တို့ဖြင့် သတ္တုတွင်းဝန်ကြီးဌာနက တရားလိုလုပ်ကာ ဖမ်းဆီးတရားစွဲထားခြင်းဖြစ်သည်။

NLD အစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ ၂၀၂၂ မေလတွင် သတ္တုတွင်းဥပဒေ ပုဒ်မ ၃၀ (က) (၁) ဖြင့် ဦးစိုးထွန်းရှိန်ကို တရားစွဲဆိုထားမှုကို စစ်ကောင်စီက ရုပ်သိမ်းပေးထားသည်။

သို့သော် ကျပ်ဘီလျံပေါင်းများစွာ တန်ကြေးရှိသည့် မိုးထိမိုးမိရွှေလုပ်ကွက်ကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ယခုနှစ်အတွင်း မောင်ပိုင်စီးခဲ့သလို ၎င်းကို ပြန်လွှတ်ပြီး ရွှေလုပ်ခွင့်ပြန်ပေးရန် အပေးအယူဖြင့် ကမ်းလှမ်းချက်ကိုလည်း အာဏာသိမ်းဗိုလ်ချုပ်ကြီးများက လျစ်လျူရှုပြီးနောက်တွင် ရမည်းသင်းထောင်၌ ချုပ်နှောင်ခံထားရကာ ကာလရှည်အမှုရင်ဆိုင်နေရသည့် ဦးစိုးထွန်းရှိန်ထံ အပက ၃ ဖြင့် ပထမဆုံးထောင်ဒဏ်ရောက်လာခြင်းဖြစ်သည်။

ဦးစိုးထွန်းရှိန်က သူ့ကို ထောင်မှ လွှတ်ကာ ရွှေတူးခွင့်ပြန်ပေးပါက စစ်တပ်ပိုင် MEC အတွက် ရွှေ ၇ ပိဿာ၊ စစ်ကောင်စီအတွက် အခွန် ရွှေ ၅ ကီလိုဂရမ်နှင့် သူ့ကို တရားစွဲထားသည့် အမှတ် (၂) သတ္တုတွင်းလုပ်ငန်းအတွက်လည်း ရွှေ ၁၀ ကီလိုဂရမ် လတိုင်း ပေးမည်ဟု စစ်ခေါင်းဆောင်ထံ ၂၀၂၃ ဇွန် ၁၄ ရက်က ထောင်ထဲမှ စာရေးပို့ကာ ကမ်းလှမ်းခဲ့သည်။

ထောင်မှ လွှတ်ပေးပါက လစဉ် ဒေါ်လာ သိန်းချီပေးမည်ဆိုသည့် ဦးစိုးထွန်းရှိန်၏ ကမ်းလှမ်းချက်ကို စစ်ခေါင်းဆောင်က လက်မခံဘဲ ထောင်ချကာ ရွှေတွင်းကို အပိုင်သိမ်းလိုက်သည်။

ဦးစိုးထွန်းရှိန်အမှုနှင့် ပတ်သက်၍ တရားရုံးနှင့် ထိတွေ့ဆက်ဆံနေရသော အမျိုးသားတစ်ဦးက “၁၀ နှစ် ချတယ်၊ အလုပ်ကြမ်းတွေ မပါပါဘူး” ဟု ပြောသည်။

ထောင် ၁၀ နှစ် ချခံရသည့် ဦးစိုးထွန်းရှိန် ရမည်းသင်းထောင်တွင်ပင် ရှိနေပြီး ကျန်းမာရေးကောင်းမွန်ကြောင်း၊ အယူခံဝင်မည်ဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဒါရိုက်တာအမျိုးသားတစ်ဦးကလည်း ပြောသည်။

သတ္တုတွင်းဝန်ကြီးဌာနက ရွှေ ၁၂၉၃ ပိဿာ ရလိုမှုဖြင့် မန္တလေးတိုင်းတရားလွှတ်တော်တွင် တရားမမှုဖြင့် စွဲထားသည့် အမှုကို ဦးစိုးထွန်းရှိန် ဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်သည်။

ရမည်းသင်းထောင်တွင် ချုပ်နှောင်ခံထားရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးအဆိုအရ ဦးစိုးထွန်းရှိန်မှာ နေ့စဉ် ဧည့်သည်လက်ခံတွေ့ဆုံခွင့်အပါအဝင် အကျဉ်းထောင်အတွင်း အထူးအခွင့်အရေးရနေကြောင်း သိရသည်။ ထိုအချက်ကို သီးခြားအတည်မပြုနိုင်ပေ။ ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းသားနှင့် မိသားစုဝင်များ ပုံမှန်တွေ့ဆုံခွင့်ကို ပိတ်ပင်ထားသည်။

ဦးစိုးထွန်းရှိန်ပိုင်ကုမ္ပဏီက စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစိုးရ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၁ တွင် မိုးထိမိုးမိဒေသ၌ ရွှေတူးဖော်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ ၂၀၃၆ ခုနှစ်အထိ လုပ်ကိုင်ခွင့်ရခဲ့သော်လည်း ၂၀၁၇ အရောက်တွင် လုပ်ငန်းသဘောတူညီချက် မလိုက်နာမှုဖြင့် ထုတ်လုပ်ခွင့် ရပ်ဆိုင်းခံခဲ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၅ စက်တင်ဘာလ ၅ ရက်တွင် မိုးထိမိုးမိ၌ ရွှေတူးဖော်ခွင့်ပေးခဲ့သည့် အမိန့်စာ။

ထို့နောက် တရားစွဲခံခဲ့ရပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ထွက်ပြေးသည့် ဦးစိုးထွန်းရှိန်ကို ထိုင်းနှင့် မြန်မာ ရဲတပ်ဖွဲ့များက ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်သည် NLD အစိုးရလက်ထက်တွင် ရွှေသွင်းရန် ပျက်ကွက်ခဲ့သော်လည်း စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည့် ဦးသိန်းစိန်လက်ထက်တွင် စစ်တပ်ထောက်ခံပွဲများကို ဦးဆောင်လေ့ရှိပြီး အစွန်းရောက်လှုပ်ရှားမှုများကြောင့် အမည်ဆိုး ထွက်သည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကို ထောက်ပံ့လှူဒါန်းခဲ့သူဖြစ်သည်။

မဘသက အဆိုပြုသည့် မျိုးစောင့်ဥပဒေများကို ကြံ့ခိုင်ရေးကြီးစိုးသည့် လွှတ်တော်တွင် အတည်ပြုနိုင်သည့်အထိမ်းအမှတ် အောင်ပွဲများကျင်းပရန် ၂၀၁၅ ခုနှစ်တွင် ဦးစိုးထွန်းရှိန်က မဘသကို ရွှေတစ်ပိဿာ လှူခဲ့ဖူးသည်။ ထိုမျိုးစောင့်ဥပဒေအောင်ပွဲများတွင် ၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီကို မဲထည့်ရန်နှင့် NLD ပါတီကို မဲမထည့်ရန် မဘသဘုန်းကြီးများက လှည့်လည်ဟောပြောခဲ့ကြသည်။ သို့သော် ထိုရွေးကောက်ပွဲတွင် NLD က အနိုင်ရခဲ့သည်။

မဘသကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က NLD အစိုးရလက်ထက် ၂၀၁၇ တွင် တရားမဝင်ဟု ကြေညာကာ ပယ်ဖျက်ခဲ့သည်။ ၂၀၂၁ ဖေဖော်ဝါရီ NLD အစိုးရကို ဖြုတ်ချ၍ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် မဘသ၊ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီတို့က စစ်ကောင်စီထံ ဦးစိုးထွန်းရှိန်ကို ပြန်လွှတ်ပေးရန် အရေးဆိုမှုများရှိသော်လည်း မဘသဒါယကာ သူဌေးကြီးမှာ ရွှေတွင်း ပြန်မရသည့်အပြင် ထောင်ဒဏ်ပါ ကျခံရပြီဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button