ဆောင်းပါး

မြွေပါလည်းဆုံး သားလည်းဆုံး၊ မဘသသူဌေးကြီး၏ နိဂုံး

၂၀၂၁ စစ်တပ်အာဏာသိမ်းခြင်းက သူ့ဘဝနောက်တစ်ကြိမ် ပြန်လည်တောက်ပနိုင်ရန်အတွက် ရောင်နီသန်းလာခြင်းဖြစ်မည်ဟု မန္တလေးတိုင်း ရမည်းသင်းထောင်ရောက် အမျိုးသားကြီးပွားတိုးတက်ရေး ရွှေတူးဖော်မှုကုမ္ပဏီပိုင်ရှင် အသက် ၅၃ နှစ်အရွယ် ဦးစိုးထွန်းရှိန် မျှော်လင့်ခဲ့ပုံရသည်။ ၎င်း၏ ကုမ္ပဏီသည် သမ္မတဦးသိန်းစိန်လက်ထက်တွင် ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသ၌ ရွှေတူးဖော်ခွင့်ရရှိခဲ့သော်လည်း အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်အစိုးလက်ထက် ၂၀၁၇ တွင် လုပ်ငန်းသဘောတူညီချက် မလိုက်နာမှုဖြင့် ထုတ်လုပ်ခွင့် ရပ်ဆိုင်းခံရကာ၊ ၎င်းလည်း ဝရမ်းပြေးအဖြစ် ထိုင်းနိုင်ငံတွင် တိမ်းရှောင်နေရာမှ ၂၀၁၉ နှောင်းပိုင်းတွင် ဖမ်းဆီးခံရကာ ယခုအချိန်ထိ အမှုများစွာရင်ဆိုင်ရင်း အကျဉ်းကျနေခြင်းဖြစ်သည်။

အာဏာသိမ်းပြီးမကြာမီ စစ်ကောင်စီနှင့် ပူးပေါင်းမည်ဟု ကတိပေးပြီး ထောင်မှ လွှတ်ပေးပါရန် ၎င်းက စာရေးသား၍ တောင်းဆိုခဲ့သည်။ သူ၏ လူယုံများကိုလည်း စစ်ခေါင်းဆောင်အနားသို့ ချဉ်းကပ်စေပြီး သူ၏ ကုမ္ပဏီနှင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ ပေါင်းပြီး မိုးထိမိုးမိတွင် ရွှေတူးမည့် စီမံကိန်းတစ်ခုကို တင်ပြသည်။ အရပ်သားအစိုးရလက်ထက် စစ်တပ်၏ လက်ဝေခံအဖြစ် လှုပ်ရှားခဲ့သော အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) တွင် လုပ်ကိုင်ခဲ့ကြသည့်  ဦးဝီရသူ အပါအဝင် အစွန်းရောက်များကလည်း သူ့ကို ပြန်လွှတ်ပေးရန် စစ်ကောင်စီကို ဖိအားပေးသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကမူ မဘသနှင့် ဦးစိုးထွန်းရှိန်တို့ကို ဂရုမစိုက်။ စစ်ခေါင်းဆောင်က ဦးစိုးထွန်းရှိန်ကို ထောင်မှ မလွှတ်ပေးဘဲ ဧက ၆၀၀၀ ကျော်ရှိသည့် မိုးထိမိုးမိဒေသ ရွှေတွင်းကို စစ်တပ်ပိုင် MEC ကုမ္ပဏီသို့ အပိုင်စားပေးလိုက်ပြီး၊ MEC ကုမ္ပဏီမှ အငြိမ်းစားစစ်တပ်အရာရှိတချို့သည် ယခုအခါတွင် မိုးထိမိုးမိတောင်ပေါ်၌ပင် ရုံးထိုင်ကွပ်ကဲနေကြပြီဖြစ်လေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ပြုတ်ကျရေး လှုံ့ဆော်ခဲ့သည့် မဘသ၏ ပင်မအလှူရှင်ကြီး ဦးစိုးထွန်းရှိန်အတွက် အာဏာသိမ်းပွဲက သူထင်သလို ဖြစ်မလာသေးဘဲ မြွေပါလည်းဆုံး သားလည်းဆုံး ပုံစံဖြင့် ဇာတ်သိမ်းမည့်အရေးနှင့် ကြုံနေရပြီဖြစ်သည်။ 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၅ စက်တင်ဘာလ ၅ ရက်တွင် မိုးထိမိုးမိ၌ ရွှေတူးဖော်ခွင့်ပေးခဲ့သည့် အမိန့်စာ။

ဗိုလ်ချုပ်မှူးကြီးအတွက် ကမ်းလှမ်းမှုများ 

အာဏာသိမ်းပြီးနောက် ဦးစိုးထွန်းရှိန်က စစ်ခေါင်းဆောင်ထံ အနည်းဆုံး စာနှစ်စောင်ကို ထောင်ထဲမှ ရေးပို့ခဲ့သည်။

၂၀၂၃ ဇွန် ၁၄ ရက်စွဲဖြင့် ပို့သည့်စာတွင် ထောင်မှ လွှတ်ပေးပြီး ရွှေတူးခွင့် ပြန်ပေးပါက MEC ထံ ရွှေ ၇ ပိဿာ လတိုင်း ပေးမည်ဟု ဦးစိုးထွန်းရှိန်က မက်လုံးပေးသည်။

ကာလပေါက်စျေးအရ MEC သည် ကျပ်ငွေ ၂ ဒသမ ၅၉ ဘီလျံ (သို့မဟုတ်) ဒေါ်လာ ၇ သိန်းခန့်ကို လစဉ်လတိုင်း အသားတင်အမြတ်ငွေအဖြစ် ရမည်ဖြစ်သည်။

ထို့ပြင် ကျပ်ငွေ ၁ ဒသမ ၁၃ ဘီလျံ (သို့မဟုတ်) ဒေါ်လာ ၃ သိန်းခန့် တန်ကြေးရှိသည့် ရွှေ ၅ ကီလိုဂရမ်ကိုလည်း စစ်ကောင်စီအုပ်အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရေးအတွက် အခွန်အဖြစ် သွင်းမည်ဟု ကတိပြုသည်။

သူ့ကို တရားစွဲထားသည့် အမှတ် (၂) သတ္တုတွင်းလုပ်ငန်းအတွက်လည်း ကျပ်ငွေ ၂ ဒသမ ၂၆ ဘီလျံ (သို့မဟုတ်) ဒေါ်လာ ၆ သိန်းခန့် တန်ကြေးရှိသည့် ရွှေ ၁၀ ကီလိုဂရမ် လတိုင်း ပေးမည်ဟုလည်း ဆိုသည်။

ဝန်ကြီးဌာနနှင့် ဘဏ်များကို ပေးရန် ကျန်သည့် ရွှေနှင့် ငွေ ကြွေးကျန်များကိုလည်း ပေးမည်ဟု ဦးစိုးထွန်းရှိန်၏ ကမ်းလှမ်းချက်က ဆိုသည်။ စာအရ ကမ္ဘောဇဘဏ်မှ ကျပ်ဘီလျံ ၅၀ ချေးပြီး မိုးထိမိုးမိရွှေမိုင်းတွင် ရင်းနှီးမြှုပ်နှံထားသည်။ ၎င်းက ဝန်ကြီးဌာနသို့ ပေးရန် ကျန်သည်ကို ရွှေကြွေးကျန်ဟုသာ ဦးစိုးထွန်းရှိန်က ရည်ညွှန်းခဲ့ပြီး ပမာဏကို ဖော်ပြခဲ့ခြင်းမရှိပါ။

သတ္တုတွင်းဝန်ကြီးဌာနနှင့် ဦးစိုးထွန်းရှိန်တို့သည် ရွှေကြွေးကျန်ပမာဏအတွက် နှစ်ချီ အငြင်းပွားနေကြခြင်းဖြစ်သည်။ ရွှေကြွေးကျန် ၁၂၉၃ ပိဿာကျော် ရှိသည်ဟု ဝန်ကြီးဌာနဘက်က ဆိုသည်။ ဦးစိုးထွန်းရှိန်နှင့် ကုမ္ပဏီဘက်ကမူ ပိဿာ ၁၀၀ ကျော်သာ ပေးရန် ကျန်သည်ဟု ဆိုသည်။

စစ်ခေါင်းဆောင်အတွက် ဦးစိုးထွန်းရှိန်၏ ကမ်းလှမ်းမှုများ

ဦးစိုးထွန်းရှိန်၏ ကမ်းလှမ်းမှုတွင် စစ်ခေါင်းဆောင်တို့အတွက် ငွေကြေးအကျိုးအမြတ်သာမက စစ်တပ်အာဏာပြန်ရရေး တစိုက်မတ်မတ် ကြိုးပမ်းပေးခဲ့သည့် မဘသကို ပြန်အသက်သွင်းပေးမည့် အစီအစဉ်လည်း ပါသေးသည်။ ဦးစိုးထွန်းရှိန်သည် မဘသအဖွဲ့တွင် သြဇာကြီးသူဖြစ်သည်။

မိုးထိမိုးမိမှ ရွှေလုပ်သားတချို့သည်လည်း မွတ်စလင်မုန်းတီးရေးလှုပ်ရှားမှုများတွင် မဘသအဖွဲ့ မပေါ်ပေါက်ခင်ကတည်းက ပါဝင်ပတ်သက်ခဲ့ကြကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဆိုသည်။

မဘသ မဖွဲ့မီ လပိုင်းအလို ၂၀၁၃ မတ်လက ဖြစ်ပွားခဲ့သော၊ လူ ၄၀ နီးပါး သေဆုံးပြီး မွတ်စလင်အများစု၏ နေအိမ်များအပါအဝင် အိမ်ခြေရာနှင့်ချီ မီးရှို့ခံခဲ့ရသော မိတ္ထီလာမြို့အဓိကရုဏ်းတွင် ရုတ်တရက်ရောက်လာသည့် “ဒေါသထွက်နေသော အမည်မသိလူအုပ်ကြီး” သည် မိုးထိမိုးမိဒေသမှ ရွှေလုပ်သားများဖြစ်ကြကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောသည်။

ထိုအဓိကရုဏ်းတွင် ပါဝင်ခဲ့သည့် ရွှေလုပ်သားများနှင့် ရမည်းသင်းထောင်တွင် ဆုံခဲ့ရကြောင်း ဦးမောင်မောင်ဆွေက ပြောသည်။ နေပြည်တော် ဇေယျာသီရီမြို့နယ် အမျိုးသားလွှတ်တော်အမတ်လည်းဖြစ်သည့် ဦးမောင်မောင်ဆွေကို အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် နိုင်ငံ့ဝန်ထမ်းများ ပါဝင်လာစေရန် လှုံ့ဆော်မှုဖြင့် စစ်တပ်က ၂၀၂၁ မတ်လတွင် ဖမ်းပြီး ရမည်းသင်းထောင်သို့ ပို့ခဲ့ခြင်းဖြစ်သည်။

မိုးထိမိုးမိနှင့် ကားလမ်းခရီး ၂ နာရီခန့် ကွာဝေးသည့် မိတ္ထီလာမြို့ပေါ်တွင် သွားရောက်ဖျက်ဆီးရန် ရွှေမှော်ထဲမှ လုပ်သားများကို ကားဖြင့် လာခေါ်သည်ဟု သိရကြောင်း ၎င်းက ပြောသည်။

“လူမျိုးရေးအဓိကရုဏ်းကို မဖြစ်ဖြစ်အောင်လုပ်တဲ့ လှုပ်ရှားမှုမှာ သူတို့ကိုယ်တိုင် ပါဝင်ခဲ့ရတယ်ဆိုပြီး ထောင်ထဲမှာ တွေ့တဲ့အချိန်တုန်းက ကျွန်တော့်ကို ပြောခဲ့တာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။

မဘသ ဖဲချပ်က ထောင်အပြင်ထွက်ရေးအတွက် အရေးပါလောက်သည်ဟု ဦးစိုးထွန်းရှိန်က တွက်ဆခဲ့ပြီး စစ်ကောင်စီနှင့် ညှိနှိုင်းပွဲတွင် ယင်းအချက်ကို ထုတ်သုံးသည်။

အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်အမိန့်ဖြင့် ပြန်လွှတ်ရာတွင် မဘသနှင့် စစ်တပ်ထောက်ခံသူများ ပါဝင်လာသည်။

သက်တမ်းကုန်သွားသည့် မဘသ ဖဲချပ်

NLD အစိုးရလက်ထက်တွင် ရွှေကြွေးကျန် အခွန်မပေးမှု၊ လိုင်စင်ရုပ်သိမ်းပြီးချိန်တွင် ရွှေဆက်ထုတ်လုပ်နေမှု စသည့် စွပ်စွဲချက်များဖြင့် ဖမ်းခံခဲ့ရသော်လည်း ဦးစိုးထွန်းရှိန်တို့ကမူ မဘသအတွက် အဓိကငွေကြေးထောက်ပံ့ခြင်းကြောင့် ဖမ်းခံရသည်ဟု ယိုးမယ်ဖွဲ့သည်။

သူ့ကို ပြန်လွှတ်ပေးမည်ဆိုပါက “အမျိုး၊ ဘာသာ၊ သာသနာလုပ်ငန်းများကို အားသွန်ခွန်စိုက်ဖြင့် ဆောင်ရွက်သွားမည်” ဟု စစ်ခေါင်းဆောင်ထံ ၂၀၂၃ မတ်လ ၉ ရက် နေ့စွဲဖြင့် စာရေးပို့ခဲ့သည်။

အတိတ်က “အမျိုး၊ ဘာသာ၊ သာသနာလုပ်ငန်း” ဆိုသည့် ခေါင်းစဉ်အောက်တွင် ဦးစိုးထွန်းရှိန်သည် ၂၀၁၅ အတွင်းက မဘသအတွက် ရွှေ ၁ ပိဿာ လှူခြင်း၊ ရိုဟင်ဂျာများကို စစ်တပ်က လူမျိုးသုဉ်းသတ်ဖြတ်နေချိန်တွင် မွတ်စလင်မုန်းတီးရေးဘုန်းကြီး ဦးဝီရသူ၏ ရခိုင်ဒေသခရီးစဉ်အတွက် အဓိကငွေကြေးထောက်ပံ့ပေးခြင်းတို့လည်း ပါဝင်သည်။

အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်က မဘသကို ဦးဆောင်ခဲ့သည့် အင်းစိန်ရွာမဆရာတော် ဦးတိလောကကို မင်းဆရာအဖြစ် တင်မြှောက်ပြီး မဘသဂိုဏ်းသားများကို သူကောင်းပြုခဲ့သလို ထောင်ထဲရောက် မဘသဂိုဏ်းသားများ၊ စစ်အုပ်စုထောက်ခံသူများကိုလည်း ထောင်အပြင် ထုတ်ပေးသည်။

ဘန်ကောက်တွင် ရှောင်တိမ်းနေစဉ် ထိုင်းရဲက ဖမ်း၊ မြန်မာရဲထံ ပြန်အပ်ခံရသည့်၊ ၂၀၁၉ နိုဝင်ဘာကတည်းက ရမည်းသင်းထောင်ထဲ ရောက်နေခဲ့သည့် ဦးစိုးထွန်းရှိန်သည်လည်း စစ်ခေါင်းဆောင်၏ သနားကြင်နာမှုဖြင့် ထောင်ထဲမှ ပြန်ထုတ်ပေးမည့်ရက်ကို စောင့်မျှော်နေခဲ့သည်။

နှစ်ပေါက်အောင် စောင့်ခဲ့သော်လည်း မထူးခြားသည့်နောက် ၂၀၂၃ ဧပြီ မြန်မာနှစ်သစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါလာရေး ထောင်တွင်း၊ ထောင်ပြင် လှုပ်ရှားမှုကို ဦးစိုးထွန်းရှိန်နှင့် မဘသဂိုဏ်းသားတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။

အမှုရုပ်ပြီး ပြန်လွှတ်ပေးရေး အသနားခံစာတစ်စောင်ကို ဦးစိုးထွန်းရှိန်က စစ်ခေါင်းဆောင်ထံ လိပ်မူပြီး ထောင်ထဲမှ ၂၀၂၃ မတ် ၉ နေ့စွဲဖြင့် ရေးပို့သည်။ တစ်ပြိုင်နက်တည်းတွင် အမျိုးသားရေးသမားအမည်ခံ မဘသများကလည်း မိတ္ထီလာ၊ နေပြည်တော်နှင့် ရန်ကုန်တို့တွင် လက်မှတ်များကောက်ခံကာ စစ်ခေါင်းဆောင်ထံ တောင်းဆိုသည်။ ကုမ္ပဏီဘက်ကလည်း  မတ်လ ၂၇ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားပြုလုပ်ရာ နေပြည်တော်သို့ သွားပြီး စစ်တပ်ကို အကြွင်းမဲ့ထောက်ခံကြောင်း ပြသခဲ့သည်။

၂၀၂၃ မတ် ၂၇ နေပြည်တော် တပ်မတော်နေ့ချီတက်ပွဲသို့ အမျိုးသားကြီးပွားတိုးတက်ရေး ဝန်ထမ်းများ သွားရောက်ပြီး စစ်တပ်ကို ထောက်ခံကြောင်း ပြသခဲ့သည်။ (ဓာတ်ပုံ – စစ်ကောင်စီကျောထောက်နောက်ခံ တယ်လီဂရမ်ဂရုများ)

မဘသခေါင်းဆောင် ဦးဝီရသူကိုယ်တိုင် နေပြည်တော်သို့ သွားပြီး ဦးစိုးထွန်းရှိန်ကို ပြန်လွှတ်ပေးရန် တရားပွဲအတွင်း ထည့်သွင်းဟောပြောသည်အထိ စစ်ခေါင်းဆောင်ကို ဖိအားပေးသည်။

ပြန်လွှတ်ပေးရေးက ဗိုလ်ချုပ်မှူးကြီးအတွက် “ဘာမှ ခက်ခဲတဲ့အရာ မဟုတ်ဘူး” ဟု မွတ်စလင်မုန်းတီးရေးဘုန်းကြီးက ၂၀၂၃ ဧပြီလက ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာတွင် ပြုလုပ်သည့် နှစ်ဆန်းတစ်ရက်နေ့ တရားပွဲတွင် ပြောသည်။

“နောက်ဆုံး မလွှတ်ချင်ဦးတော့၊ အာမခံလေး ပေးလိုက်ရင်ကို ဘယ်လောက်ကောင်းလိုက်မလဲ” ဟုလည်း စစ်ခေါင်းဆောင်ပေးသည့် သီရိပျံချီဘွဲ့ကို ၂၀၂၃ နှစ်ဆန်းပိုင်းတွင် လက်ခံရယူခဲ့သည့် ဦးဝီရသူက ညဉ်းတွားခဲ့သည်။

စစ်ခေါင်းဆောင်ကမူ ဦးစိုးထွန်းရှိန်အတွက် ထောင်တံခါးလည်း မဖွင့်၊ အမှုများမှလည်း အာမခံမပေးသည့်အပြင် မိုးထိမိုးမိရွှေတွင်းကိုပင် အပိုင်သိမ်းလိုက်သည်၊ ၂၀၂၃ ဖေဖော်ဝါရီ လကုန်ပိုင်းတွင် သူရှယ်ယာအများအပြားပါသည့် MEC မှ အငြိမ်းစားစစ်ဗိုလ်များကို မိုးထိမိုးမိတောင်ပေါ်တွင် ရုံးထိုင်ရန် စေလွှတ်လိုက်သည်။

၂၀၂၃ မတ်လအတွင်းက မဘသအုပ်စုက စီစဉ်သည့် ဦးစိုးထွန်းရှိန်လွတ်မြောက်ရေး လက်မှတ်ထိုးပွဲ (ဓာတ်ပုံ – စစ်ကောင်စီကျောထောက်နောက်ခံ တယ်လီဂရမ်ဂရုများ)

မြွေပါလည်းဆုံး သားလည်းဆုံး၊ သူဌေးကြီး၏ နိဂုံး

ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် ရင်ဆိုင်နေရသည့် ရွှေတွင်းကြီး ပြန်လည်ပတ်နိုင်ရေးအတွက် စစ်တပ်ပိုင် MEC နှင့် ပေါင်းပါမည်ဟု ဦးစိုးထွန်းရှိန်က စစ်ခေါင်းဆောင်ထံ ကမ်းလှမ်းခဲ့သည်။ စစ်ခေါင်းဆောင်၏ ခွင့်ပြုချက်ဖြင့် အမျိုးသားကြီးပွားတိုးတက်ရေးနှင့် MEC တို့ တွေ့ဆုံမှုသည် ပြီးခဲ့သည့်နှစ် (သို့မဟုတ်) ၂၀၂၃ အစောပိုင်းကာလတွင် ဖြစ်နိုင်သည်ဟု ယုံကြည်ရသည်။

ဆွေးနွေးမှုအသေးစိတ်ကို မသိရသော်လည်း ဖေဖော်ဝါရီ ၂၈ တွင် MEC က မိုးထိမိုးမိဒေသတွင် ဝင်ရောက်လုပ်ကိုင်မည်ဟု ဆုံးဖြတ်ပြီး မိုင်းတွင်းထဲမှ ကုမ္ပဏီများကိုလည်း ထွက်ခွာရန် ညွှန်ကြားခဲ့သည်။ မိုင်းတွင်းထဲမှ ပြန်ထွက်ရမည့်စာရင်းတွင် ဦးစိုးထွန်းရှိန်၏ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီလည်း ပါဝင်သည်။ အဆိုပါ လုပ်ရပ်သည် ဧကခြောက်ထောင်ကျော် ကျယ်ဝန်းသော မိုးထိမိုးမိရွှေလုပ်ကွက်ကို MEC က မောင်ပိုင်စီးခြင်းဖြစ်ကြောင်း Myanmar Now က နားလည်ထားသည်။

ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းထွန်းအောင်ကမူ စစ်တပ်ပိုင်လုပ်ငန်းကို မောင်ပိုင်စီးသည်ဆိုသည့် Myanmar Now ၏ အရေးအသားကို သဘောမကျပေ။ ၎င်းတို့ ဖိတ်ခေါ်သည့်အတွက် ရွှေတွင်းဆီ MEC က ရောက်လာခြင်းဖြစ်ကြောင်း စစ်တပ်အတွက် ဝါဒဖြန့်ပေးနေသည့် Myanmar Hard Talk သတင်းဌာနကို ဇွန်လအတွင်းက ပြောကြားခဲ့သည်။ သို့သော်လည်း လက်တွေ့တွင် MEC ၏ လုပ်ရပ်များက Myanmar Now က နားလည်ထားသလို ရွှေတွင်းကို မောင်ပိုင်စီးခြင်းပင်ဖြစ်သည်။

ကုမ္ပဏီ၏ ရှယ်ယာရှင်တစ်ဦး ပိုင်ဆိုင်ခဲ့သည့် ရွှေတွင်းအမှတ် (၀၀၇) တွင် ရွှေတူးရန်အတွက် အခြားသော ထပ်ဆင့်ကန်ထရိုက်ကုမ္ပဏီတစ်ခုကို MEC က ဇွန်လ ၁၀ ရက်နေ့တွင် ခွင့်ပြုခဲ့သည်။ MEC ၏ အဆိုပါ လုပ်ရပ်အတွက် ၎င်းတို့ဘက်က သဘောတူထားခြင်း၊ ဆွေးနွေးထားခြင်းမရှိဟုလည်း ဦးဝင်းထွန်းအောင်က ဆိုသည်။

“MEC အနေနဲ့ ကျွန်တော်တို့ကုမ္ပဏီအပေါ်မှာ လုပ်ငန်းမိတ်ဖက်တစ်ဦးအနေနဲ့ မျှတစွာဆောင်ရွက်ပေးဖို့ ဒီနေရာကနေ အနူးအညွတ် ပန်ကြားလိုပါတယ်” ဟု အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ ထိပ်ပိုင်းအရာရှိက Myanmar Hard Talk နှင့် အင်တာဗျူးတွင် ပြောသည်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) သမိုင်းကြောင်းအနှစ်ချုပ်။

Myanmar Now က စုံစမ်းသိရှိသမျှ MEC သည် ကုမ္ပဏီက ကန့်ကွက်နေသည့်ကြားမှ မိုးထိမိုးမိဒေသမှ ရွှေအဓိကထွက်သည့် ရွှေတွင်း ၃၀ တွင် တူးဖော်လုပ်ကိုင်နေသည်။ အခြားသော ရွှေတွင်းအသေးစားများကိုလည်း လက်ခွဲကန်ထရိုက်တာများထံ ချပေးနေပြီး ကုမ္ပဏီ၏ ရှယ်ယာရှင်တချို့ပင် ရွှေတူးခွင့်ရရေးအတွက် MEC ထံ ချဉ်းကပ်နေကြပြီဖြစ်သည်။

Myanmar Now က ဖုန်းပြောခွင့်ရခဲ့သည့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ ရှယ်ယာရှင်က ထိုသို့ ကမ်းလှမ်းရာတွင် ကုမ္ပဏီ၏ အမည် ဖော်ပြ၍ဖြစ်မည်မဟုတ်ဟု ပြောသည်။

“ကုမ္ပဏီခေါင်းစဉ်နဲ့ ပါလို့တော့ မရတော့ဘူး။ သဘောက‌တော့ MEC (ကို) ကျွန်တော်တို့ လုပ်ပိုင်ခွင့်လေး ပြန်ပေးပါဆိုတဲ့ သဘောမျိုးပေါ့” ဟု Myanmar Now က ဖုန်းပြောခွင့်ရခဲ့သည့် အမျိုးသားကြီးပွားတိုးတက်ရေး၏ ရှယ်ယာရှင်က ပြောသည်။

တောင်ပေါ်တွင် ရွှေတူးခွင့်ရရေးအတွက် တောင်ခြေတွင် ပွဲစားများလည်း ခြေရှုပ်နေကြသည်။

MEC ခွင့်ပြုချက်ရနိုင်ရေးအတွက် ဝန်ဆောင်မှုပေးမည်ဆိုသည့် ကြားပွဲစားတစ်ဦးထံ Myanmar Now သတင်းထောက်က ရွှေမိုင်းလုပ်ငန်းရှင်အဖြစ် အသွင်ယူကာ သြဂုတ်လလယ်ပိုင်းတွင် ဖုန်းဆက်မေးမြန်းခဲ့သည်။ “U Zall Ti Ka” အမည်ဖြင့် Facebook သုံးသည့် အဆိုပါ ရွှေပါမစ်ပွဲစားအဆိုအရ MEC ခွင့်ပြုချက်ရရန် ပေါက်စျေးမှာ ကျပ်သန်းပေါင်း ထောင်ချီ ရှိသည်ဟု သိရသည်။

“ဦးစိုးထွန်းရှိန်တို့လုပ်ကွက်က ရဖို့ မလွယ်တော့ဘူး။ သူတို့လုပ်ကွက်ကို ဝယ်မယ်ဆိုရင် သိန်းနှစ်သောင်းလောက်ထိ ကုန်တယ်။ သူတို့လုပ်ကွက်က စစ်တပ်ပိုင် MEC ကုမ္ပဏီက သိမ်းထားတာ။ သိမ်းထားတော့ သူတို့ များသောအားဖြင့် လုပ်နေတာက ဗိုလ်ချုပ်တွေ၊ ဗိုလ်ချုပ်မှူးကြီးတွေ လုပ်နေကြတယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်ပိုင် MEC နှင့် ၎င်းတို့၏ အပေါင်းပါများ မိုးထိမိုးမိရွှေတွင်းတွင် လုပ်ငန်းသစ်များ စတင်ခြင်းက တရားမဝင်ကြောင်း  NUG အစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက ဆိုသည်။ MEC သည် ရွှေမိုင်းလည်ပတ်ရန် အရင်းအနှီးနှင့် နည်းပညာမရှိသောကြောင့် တရုတ်နိုင်ငံမှ ရွှေတူးသူများ၏ နည်းပညာအကူအညီများနှင့် လက်ခွဲကန်ထရိုက်များကို အားကိုးဖွယ်ရှိသည်ဟုလည်း NUG ဝန်ကြီးက ဆိုသည်။ NUG အနေဖြင့် MEC အပါအဝင် စစ်တပ်နှင့် ပူးပေါင်းသည့် လုပ်ငန်းများကို တရားမဝင်လုပ်ငန်းများအဖြစ် သတ်မှတ်မည်ဟုလည်း ၎င်းက ဆိုသည်။

ဦးသိန်းစိန်အစိုးရခေတ် ၂၀၁၁ တွင် ဇာတ်လမ်းစခဲ့ကြသည့် ဦးစိုးထွန်းရှိန်နှင့် မိုးထိမိုးမိရွှေတွင်းပြဿနာသည် NLD အစိုးရခေတ်တွင် ဇာတ်ရှိန် အမြင့်ဆုံးရောက်ခဲ့ပြီး စစ်ကောင်စီခေတ်တွင် အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။ ယင်းကာလများအတွင်း မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် လိုရာသုံးနိုင်သည်အထိ တန်ခိုးထွားခဲ့သည့် မဘသ ဖဲချပ်သည်လည်း စစ်ကောင်စီလက်ထဲ အသက်မဲ့သွားသည်။

အကျပ်အတည်းနှင့် အခွင့်အရေး တစ်ခုခုကြုံလာတိုင်း စစ်ကောင်စီသည် အစိမ်းအကျက်မရွေး မည်သူ့ကိုမဆို အသုံးချမည်ဖြစ်ကြောင်း ဦးစိုးထွန်းရှိန်အဖြစ်အပျက်က သက်သေပြနေသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက ဆိုသည်။

“(စစ်ကောင်စီနဲ့ ပေါင်းနေတဲ့) အခုလူတွေကိုလည်း သတိပေးချင်ပါတယ်၊ ခင်ဗျားတို့တွေ စိုးထွန်းရှိန်ကို ကြည့်ထားကြလို့ ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဦးစိုးထွန်းရှိန်နှင့် မိုးထိမိုးမိရွှေတွင်း အနိမ့်အမြင့်အတက်အကျများ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button