သတင်း

အသံတိတ်သပိတ်ကိုတန်ပြန်ရန် မဘသများရန်ကုန်မြို့လယ်တွင်စုဝေး

စစ်တပ်အာဏာသိမ်းသည်ကိုဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် အာဏာသိမ်း ၃ နှစ်ပြည့်သည့်ယနေ့တွင် အတိုက်အခံများက နိုင်ငံတစ်ဝန်း အသံတိတ်သပိတ်ဆင်နွှဲနေချိန်တွင် စစ်ကောင်စီကိုထောက်ခံသူများနှင့် မဘသများက ရန်ကုန်မြို့လယ်တွင် အစဉ်အလာမပြတ် ဆန္ဒပြပွဲပြုလုပ်ခဲ့ကြသည်။

ရန်ကုန်မြို့တော်ခန်းမရှေ့ စစ်တပ်ထောက်ခံပွဲတွင် လူမြင်ကွင်းမှကာလအတော်ကြာ ပျောက်ကွယ်နေခဲ့သည့် မူဆလင်မုန်းတီးရေးလှုပ်ရှားမှုဦးဆောင်သူ မဘသ ဘုန်းတော်ကြီး ဦးဝီရသူ၊ ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်အမတ်ဟောင်း ဦးလှဆွေနှင့် အမျိုးသားရေးသမားအမည်ခံ စစ်တပ်ထောက်ခံရေးသမား ဦးဝင်းကိုကိုလတ်တို့သည်လည်း တကျော့ပြန်ထွက်ပေါ်လာသည်။

၎င်းတို့သည် ယခင်ဆန္ဒပြပွဲများနည်းတူ စစ်တပ်ထောက်ခံရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD  ပါတီကိုမုန်းတီးရေးနှင့် မရိုးနိုင်သောဘာသာရေးအကြောင်းပြ နိုင်ငံရေးလှုပ်ရှားမှုများကို ဟောပြောခဲ့ကြသည်။ဆန္ဒပြသူများသည် ရှေ့လများကပင် နိုင်ငံတဝန်းပြုလုပ်လာခဲ့သည့် ဗုဒ္ဓဘာသာစေတီတစ်ဆူ ဖျက်ဆီးခံရမှုအပေါ်ဆန့်ကျင် ကွန့်ကွက်သည့်ခေါင်းစဉ်ဖြင့်ပင် ယနေ့တွင်လည်း ဆန္ဒပြကြသည်။

အာဏာသိမ်း ၃ နှစ်ပြည့်သည့် ၂၀၂၄ ဖေဖော်ဝါရီ ၁ ရက်တွင် ရန်ကုန်မြို့လယ်တွင် စစ်တပ်ကိုထောက်ခံသူများ စုဝေးဆန္ဒပြခဲ့ကြသည်(ဓာတ်ပုံ – စစ်ကောင်စီကျောထောက်နောက်ခံ တယ်လီဂရမ်ချန်နယ်များ)

လူရာဂဏန်းရှိသည့်ဆန္ဒပြပွဲကို မဘသဘုန်းကြီးဦးဝီရသူက သဝဏ်လွှာတစ်စောင်ပေးပို့ခဲ့ပြီး စစ်တပ်ကို ဆက်လက်ထောက်ခံကြောင်း ပြသခဲ့သည်။

ဦးဆောင်ဟောပြောသူများတွင် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ လွှတ်တော်အမတ်ဟောင်း ဦးလှဆွေ၊ အမျိုးသားရေးအစွန်းရောက် တက်ကြွလှုပ်ရှားသူ ဦးဝင်းကိုကိုလတ် တို့လည်းပါဝင်သည်။

“ကျနော်စစ်သားဘဝက ပလောင်သူပုန်နဲ့တွေ့ဖူးတယ် … ရှမ်းဘောင်းဘီပွပွကြီးတွေ တဖက်လိပ်ထားတယ် တပ်မတော်လာရင် နှစ်ဖက်လိပ်ပြီးပြေးမှာတဲ့။ အဲဒီအဆင့်ရှိတဲ့ကောင်တွေက အခုဟိုမြို့သိမ်း ဒီမြို့သိမ်းလုပ်နေတာ” ဟု ဘူးလတ်လှဆွေဟုလည်း ခေါ်ကြသည့် ဦးလှဆွေကဟောပြောသည်။

မဘသဘုန်းကြီးများနှင့် ဟောပြောသူများအားလုံးသည် ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီထိန်းချုပ်နယ်မြေများ မြောက်ပိုင်းမဟာမိတ်များထံ ပေးလိုက်ရခြင်းနှင့် နိုင်ငံအနှံ့စစ်ရှုံးနေသည့် စစ်တပ်အတွက် မချိတင်ကဲဖြစ်ကာ ပေါက်ကွဲခဲ့ကြသည်။

ရန်ကုန်မြို့ရှိ စစ်တပ်ထောက်ခံပွဲကို စစ်ကောင်စီတပ်သားအများအပြားက လုံခြုံရေးယူပေးထားသည်ဟု မြို့ခံ အမျိုးသမီးတစ်ဦးကပြောသည်။

“အရပ်ဝတ်တွေနဲ့လည်း စောင့်နေကြတယ်” ဟုသူကပြောသည်။ တဖက်တွင် ရန်ကုန်၊ မန္တလေးအပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့ရွာများ၌ တော်လှန်ရေး အင်အားစုများ နှိုးဆော်ထားသည့် အသံတိတ်သပိတ်တွင် ပါဝင်ခဲ့ကြပြီး နေရာအတော်များများတွင် ယခင်နေ့များနှင့်မတူဘဲ လူသူကင်းမဲ့နေခဲ့သည်။

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ ဆီဒိုနားဟိုတယ်နှင့် မြန်မာပလာဇာဝန်းကျင်ကို ယနေ့ (ဖေဖော်ဝါရီ ၁) တွင် တွေ့ရစဉ်။ (ဓာတ်ပုံ – ကိုခွန်)

“ရုံးဖွင့်ရက်ဖြစ်တာတောင် ပုံမှန်လှုပ်ရှားသွားလာနေတာတွေကို လူထုကရပ်တန့်ပစ်လိုက်ပြီး သတ်မှတ်ချိန်အတွင်းမှာ အားကောင်းကောင်းနဲ့ပါဝင်တာတွေ့ရပါတယ်။ ဒါအတော်မလွယ်ကူတဲ့ ကိစ္စပါ” ဟု တသကကျောင်းသားဟောင်းများ အင်အားစုမှ ကိုနန်းလင်းက ပြောသည်။

ကိုနန်းလင်းသည် အသံတိတ်သပိတ်ပြုလုပ်ကြရန် ဦးဆောင်နှိုးဆော်သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ရန်ကုန်မြို့ရှိလူစည်ကားရာနေရာများတွင် မကြာခန ပြောက်ကျားဆန္ဒပြသူတစ်ဦးလည်း ဖြစ် သည်။

၃ နှစ်တာအတွင်း ၅ ကြိမ်မြောက်ဖြစ်သည့် ယနေ့အသံတိတ်သပိတ်တွင် နိုင်ငံတကာမှ စစ်တပ်ကိုလေယာဉ်ဆီ ရောင်းချပို့ဆောင်ပေးနေသူများအနေဖြင့် ထိုလုပ်ရပ်ကိုရပ်တန့်ရန်၊ နိုင်ငံတကာရောက် မြန်မာများထံမှ စစ်ကောင်စီက အခွန်ကောက်သည်ကိုဆန့်ကျင်ရန်၊ စစ်ကောင်စီ တပ်သားများ ဘက်ပြောင်းကြရန် တော်လှန်ရေးအင်အားစုများက သတင်းစကားပါးခဲ့ကြသည်။

အသံတိတ်သပိတ်ကို စစ်ကောင်စီက နည်းလမ်းမျိုးစုံဖြင့် ဖြိုခွင်းနေပြီး စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များကလည်း ယနေ့တွင်ဆိုင်ပိတ်သည့် စျေးဆိုင်များကို ဖမ်းဆီးထောင်ချရန် လှုံ့ဆော်နေသည်။

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင်လည်း ယနေ့နံနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များက နေ့ခင်းကြောင်တောင် ဧည့်စာရင်းလိုက်စစ်နေသည်ဟုသိရသည်။

“မယ်ဇလီကုန်းလမ်းထဲနဲ့ကျောင်းကုန်းဘက်တွေရော စစ်မယ်နဲ့တူတယ်၊ မြေညီထပ်တွေအကုန်နီးပါးပဲ အထပ်မြင့်တွေကျ ဘနှဦးနေသလဲ မေးပြီးစာရင်းမှတ်သွားတယ်” ဟု မြို့ခံတစ်ဦးက ယနေ့နံနက်ပိုင်း က Myanmar Now ကိုပြောသည်။

စစ်တပ်၏ဖိနှိပ်မှုများကြားထဲမှ နိုင်ငံအထက်ပိုင်း မုံရွာနှင့် မန္တလေးမြို့တို့တွင်လည်း အသံတိတ်သပိတ်ဆင်နွှဲသည့်အနေဖြင့် လမ်းမထက် လူသူကင်းရှင်းနေသည်ကို တွေ့ရသည်။

စစ်ကိုင်းတိုင်းမြို့တော် မုံရွာ၌ ပုံမှန်လူစည်ကားသည့် ပြည်ထောင်စုလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် ကျောက္ကာလမ်းတို့အပါအဝင် ချင်းတွင်းရတနာဈေးတွင် ယနေ့ နံနက်ပိုင်းမှစ၍ လူရှင်းနေသည်ဟု မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက ဆိုသည်။

“Silent strikeမှာ ပါဝင်ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူမယ်။ ပိုင်ဆိုင်မှုတွေ ပိတ်သိမ်းမယ်လို့ ခြိမ်းခြောက်တဲ့ကြားက ပြည်သူလူထုက အာဏာသိမ်းတာ သုံးနှစ်ပြည့်တဲ့အထိ အခုလိုရဲရဲရင့်ရင့်ပါတာ တွေ့ရတာ ပြည်သူလူထုရဲ့ စစ်အာဏာရှင်စနစ်အပေါ် ဘယ်လောက်အထိ ရွံရှာမုန်းတီးနေလဲဆိုတာ ဒီနေ့က ဆက်ပြီးတော့ သက်သက်ပြလိုက်တာ” ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင်လည်း အသံတိတ်သပိတ်အောင်မြင်သည်ဟုဆိုနိုင်ကြောင်းဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

အသံတိတ်သပိတ် ၂၀၂၄ ဖေဖော်ဝါရီ ၁ ရက်တွင် လူအသွားအလာနည်းပါးနေသည့် ကလေးမြို့မြင်ကွင်း (ဓာတ်ပုံ – ပေးပို့)

“လုံးဝကြီး အရှင်းကြီးတော့မဟုတ်ဘူး။ နည်းနည်းပါးပါးတော့ အသွားအလာတော့ရှိတယ်။ ဒါပေမဲ့ အောင်မြင်တယ်လို့ ပြောလို့ရတယ်” ဟု သူက ဆိုသည်။

စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်တွင်မူ လူစည်ကားရာနေရာများ၌ ပုံမှန်မပြတ် သွားလာလှုပ်ရှားမှု ရှိသည်ကိုတွေ့ရသည်။

လမ်းမများပေါ်တွင် လူသူကင်းရှင်းသည်အထိ အသံတိတ်နည်းဖြင့် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် သပိတ်မှောက်မှုကို ၂၀၂၁ တွင် ၂ကြိမ်၊ အာဏာသိမ်း ၁ နှစ်ပြည့် ၂၀၂၂ ဖေဖော်ဝါရီ ၁ နှင့် အာဏာသိမ်း ၂ နှစ်ပြည့် ၂၀၂၃ ဖေဖော်ဝါရီ ၁ တို့တွင် ၁ကြိမ်စီဖြင့် စုစုပေါင်း ၄ ကြိမ် ကျင်းပခဲ့ဖူးသည်။

Show More

Related Articles

Back to top button