သတင်း

အာဏာသိမ်းစစ်ကောင်စီက ရန်ကုန်တွင် နေ့ခင်းပိုင်း ဧည့်စာရင်းစစ်

ရုံးချိန်အတွင်း လမ်းပေါ်မထွက်ခြင်းဖြင့် ကန့်ကွက်ဆန္ဒပြရန် စီစဉ်ထားချိန်တွင် စစ်ကောင်စီက လမ်းပေါ်တွင် လှုပ်ရှားမှုရှိရေး ကြိုးပမ်းနေရာ နေ့ခင်းဘက်တွင်ပင် ဧည့်စာရင်းစစ်ပြနေသည်။

စစ်အာဏာသိမ်း သုံးနှစ်ပြည့်သည့် ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ရန်ကုန်မြို့ခံများက အသံတိတ်သပိတ်ဆင်နွှဲနေစဉ် စစ်ကောင်စီက နေ့ခင်းကြောင်တောင် ဧည့်စာရင်းစစ်နေပြီး တန်ပြန်ဆန္ဒပြပွဲလုပ်ရန် ပြင်ဆင်နေသည်ဟု သိရသည်။

လှိုင်မြို့နယ်ရှိ ရပ်ကွက်တချို့တွင်လည်း ဧည့်စာရင်းစစ်နေသည်ဟု ထိုမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။ 

“မြေညီထပ်တွေ အကုန်နီးပါးပဲ။ အထပ်မြင့်တွေကျ ဘယ်နှဦးနေလဲ၊ ရှိလဲမေးသွားတယ်။ စာရင်းမှတ်သွားတယ်။ လာစစ်တဲ့အထဲ အရပ်ဝတ်အမျိုးသမီးတွေပါ ပါတယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံတကာတွင် မရှိသည့် ဧည့်စာရင်းစစ်ခြင်းဟူသော လုံခြုံရေးအကြောင်းပြ နှိပ်ကွပ်မှုကို ပုံမှန်အားဖြင့် ညပိုင်းတွင်သာ လုပ်လေ့ရှိသည်၊ စစ်ဆေးနေချိန် ဧည့်သည်တွေ့ရှိပြီး ထိုအိမ်တွင် ဧည့်သည် တည်းခိုနေထိုင်ခွင့်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၏ အသိအမှတ်ပြုမှု စာရွက်စာတမ်း မပြသနိုင်ပါက ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ချမှတ်တတ်သည်။

နေ့အချိန် အိမ်သို့ ဧည့်သည် ရုတ်တရက် ရောက်နေလျှင် မည်သို့ နှိပ်ကွပ် အရေးယူမည်ကို မသိရသေးပေ။

ငါးထောင်စား ခေါ် အခကြေးငွေရယူပြီး လူစုလူဝေးတွင် ပါဝင်တတ်သူများဖြင့် စစ်တပ်ထောက်ခံပွဲလုပ်ရန်လည်း စီစဉ်နေသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

ရန်ကုန်မြို့လယ် ဗန္ဓုလပန်းခြံအနီး ကမ်းနားလမ်းနှင့် ရွှေတိဂုံဘုရားအနီးတို့တွင် လူစုနေပြီး ရန်ကုန်တစ်ဖက်ကမ်း လှိုင်သာယာမှ မော်တော်ယာဉ်များဖြင့် ငါးထောင်စားတို့ကို ခေါ်လာသည်ဆိုသော သတင်းများလည်း လူမှုကွန်ရက်၌ ဖြန့်နေသည်ကို တွေ့ရသည်။

ရန်ကုန်ရှိ မြို့နယ်အများစုတွင် စစ်ကားများ လှည့်လည်နေပြီး ထောင်ကားများလည်း ပါဝင်သည်ဟု သင်္ကန်းကျွန်းမြို့နယ်တွင်​ နေထိုင်သူတစ်ဦးက ပြောသည်။

“ဟိုကောင်တွေကတော့ တစ်မနက်လုံး ပတ်နေကြတယ်။ ဆိုင်ပိတ်ထားတဲ့ ဆိုင်တွေတွေ့ရင် ဓာတ်ပုံရိုက်တယ်၊ မှတ်သွားကြတယ်။ စစ်ကားနှစ်စင်းနဲ့ နောက်က ထောင်ကားပါ ပါတယ်။ ပတ်နေကြတာ” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တွင် ရှိနေသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုနန်းလင်းက ရုံးဖွင့်ရက်ဖြစ်သော်လည်း အသံတိတ်သပိတ်တွင် လူထုတစ်ရပ်လုံး တစ်ခဲနက်ပါဝင်နေပြီး စစ်တပ်က ဖိနှိပ်ရန် ကြိုးစားနေသည်ဟု ပြောသည်။

“စစ်တပ်ဘက်ကတော့ မြို့ပြတွေမှာ ကင်းပုန်းချတဲ့ ကိစ္စတွေ ပုံစံအမျိုးမျိုးနဲ့ အသံတိတ်သပိတ်ကို နှောင့်ယှက်ဖျက်ဆီးဖို့ လူထုကို အရေးယူဖိနှိပ်ဖို့ လုပ်နေတာရှိပါတယ်။ ဒါပေမဲ့ လူထုက ဒီကြားထဲက ဒီတစ်ကြိမ်မှာလည်း အင်နဲ့အားနဲ့ အာဏာဖီဆန်လိုက်နိုင်တယ်။ လုံးဝအုပ်ချုပ်လို့ မရဘူးဆိုတာ သူတို့ကို ပြလိုက်တယ်လို့ မြင်ပါတယ်” ဟု သူက ပြောသည်။

နွေဦးတော်လှန်ရေး သုံးနှစ်ပြည့်ဖြစ်သည့် ယနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိတ်ဆိတ်မှုကို​ ဖော်ဆောင်ပြီး အပြင်မထွက်၊ အသံတိတ်သပိတ်၊ အဝတ်အစား အဖြူရောင် ဝတ်ဆင်သည့် အဖြူရောင်လှုပ်ရှားမှုတို့ဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြရန်၊ ပြည်ပရောက်နေသူများလည်း ပါဝင်ကြရန် တော်လှန်ရေး သပိတ်ကော်မတီအသီးသီးက ပြည်သူလူထုကို တိုက်တွန်းထားသည်။

တိုက်တွန်းထားချက်အတိုင်း ပူးပေါင်းဆောင်ရွက်သူ အများအပြားရှိသည်ကို တွေ့ရသည်။ လမ်းများပေါ်တွင် လူရှင်းနေ၊ သွားလာလှုပ်ရှားမှု နည်းပါးနေသည်ကို အွန်လိုင်းလူမှုကွန်ရက် ဓာတ်ပုံများတွင် တွေ့ရသည်။

စစ်တပ်အာဏာသိမ်းမှုကို  လမ်းမများပေါ်တွင် အချိန်ကာလအပိုင်းအခြားဖြင့် လူသူကင်းရှင်းနေစေရန် အသံတိတ်နည်းဖြင့် ဆန့်ကျင်သည့်သပိတ်မှောက်မှုကို ၂၀၂၁ ခုနှစ်မတ်လ ၂၄၊ ကမ္ဘာ့လူ့အခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀၊ အာဏာသိမ်း ၁ နှစ်ပြည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ၊ အာဏာသိမ်း ၂ နှစ်ပြည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ တို့တွင် ပြုလုပ်ခဲ့ဖူးပြီး တစ်နိုင်ငံလုံးအတိုင်းအတာ လူထုပါဝင်မှုရှိခဲ့သည်။

အလားတူ အကြိမ်တိုင်းတွင် စစ်ကောင်စီက ပါဝင်ခဲ့သည့် ပြည်သူများကို လက်လှမ်းမီသမျှ ဖမ်းဆီးကာ ကြီးလေးသောပုဒ်မများဖြင့် အရေးယူထောင်ချခဲ့သည်။ ထို့ပြင် လူရှင်းသည့် သပိတ်မှောက်လှုပ်ရှားမှုကို ပုံပျက်စေရန် စစ်ကောင်စီကလည်း တပ်ထောက်ခံပွဲများ၊ ပျော်ပွဲရွှင်ပွဲနှင့် ဘာသာရေးပွဲများကို အချိန်ကိုက် ကျင်းပလေ့ရှိသည်။

Show More

Related Articles

Back to top button