
စစ်တပ်အာဏာသိမ်းပြီးနောက် မီးအမှန်ဆုံးမြို့ကို ပြပါဆိုလျှင် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ဟု ဆိုရလိမ့်မည်။ ထိုသို့လျှပ်စစ်မီးမှန်သည့်မြို့ကြီးတွင် နေထိုင်ပါလျက် ညမှောင်ချိန်တွင် ဒေါ်အေးတစ်ယောက် မီးမဖွင့်ရဲ။ အိမ်မီးပိတ်ထားချိန် လမ်းမီးတိုင်နှင့် ခြေအလှမ်း ၂၀ ခန့်ဝေးသည့် သူ့အိမ်ကို အပြင်ဘက်က မြင်ရသလားဟုပင် စူးစမ်းကြည့်တတ်သည်။
ထိုသို့ ညအခါ စိတ်ချလက်ချ မအိပ်နိုင်သည်မှာ စစ်သားတို့က “ဧည့်စာရင်း” စစ်တတ်ခြင်းကြောင့်ဟု ဒေါ်အေးက ဆိုသည်။ “ဘယ်နေ့ဧည့်စာရင်းလာစစ်မလဲ ရင်တမမနဲ့ စောင့်နေရတာ။ လိုတဲ့စာရွက်စာတမ်းရှိလို့ တစ်ခုခုလိုတာဆိုပြီး အဖမ်းခံရမလား ကြောက်နေရတယ်” ဟု သူက ပြောသည်။
စိုးရိမ်စိတ်ကြောင့် ညဘက်အိပ်ရာဝင်ခါနီးတိုင်း အိမ်ထောင်စုဇယား၊ ဧည့်စာရင်းတိုင်ထားသည့် စာရွက်စာတမ်းများကို ဒေါ်အေး အသင့်ပြင်ထားလေ့ရှိသည်။ သူတို့နေထိုင်ရာ ချောင်ကျကျ ရပ်ကွက်ထဲ ခွေးတစ်အုပ်ထိုးဟောင်သံမှာလည်း ရပ်ကွက်သူ ရပ်ကွက်သားတို့အတွက် အန္တရာယ်အချက်ပေးသံဖြစ်လာသည်။
တစ်ညတွင် ဒေါ်အေးတို့ ရပ်ကွက်ထဲသို့ ရဲနှင့် စစ်သားများပါသည့် အင်အား ၂၀ ကျော် အုပ်စုက ဧည့်စာရင်းစစ်မည်ဆိုကာ ဆိုင်းမဆင့်ဗုံမဆင့် ရောက်ရှိလာခဲ့သည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး အိမ်သို့ ဝင်သည်၊ လက်နက်ကိုင်တို့က ပစ်ခတ်ရန်လည်း အသင့်ပြင်ထားတတ်သည်။
ခွေးဟောင်သံ၊ ခွေးအူသံများကြားက မှိန်ပျပျအလင်းရောင်အောက်တွင် သူ့ကို မြင်ရသည်မှာ လက်နက်မဲ့ဖိနှိပ်ခံ ပြည်သူတို့အတွက် ထိတ်လန့်ဖွယ်ပင်ဖြစ်သည်။
“အိမ်ကို ဝိုင်းထားပြီး သေနတ်တွေတောင် မောင်းတင်ပြီး စောင့်နေတာ” ဟု ဒေါ်အေးတို့နှင့် အိမ်နီးချင်း အမျိုးသားတစ်ဦးက ဆိုသည်။
အိမ်ရှေ့တွင် အော်ဟစ်ခေါ်လေ့ရှိပြီး ခြံတံခါးကို တဒုန်းဒုန်းဖြင့် ဆောင့်ကန်တတ်သည်၊ အိမ်ထဲသို့ ရောက်ရှိချိန်တွင်လည်း သေနတ်များထိုးချိန်ပြီး “ရှိတဲ့သူအကုန်ထွက်၊ မထွက်ဘဲ ရှာတွေ့ရင် ဖမ်းမှာ” ဟု ခြိမ်းခြောက်ကြောင်းလည်း ထိုအမျိုးသားက ပြောပြသည်။

ငွေပေးလျှင် ကျေအေးသည့် ဧည့်ဆိုးတို့ ဧည့်စာရင်းစစ်ပုံ
မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်ဆိုးတို့က ကြမ်းသည်၊ ရမ်းသည်၊ ငေါက်ငမ်းသည်။ အိမ်ရှိ အိမ်ထောင်စုစာရင်းပါ လူဦးရေနှင့် အသက်အရွယ်တို့ကို တိုက်ဆိုင်စစ်ဆေးသည်။ မသင်္ကာပါက ဓာတ်ပုံများ ရိုက်ယူသွားတတ်သည်ဟုလည်း ဧည့်စာရင်း အစစ်ခံရဖူးသူ အမျိုးသမီးတစ်ဦးက ပြောသည်။
“ဧည့်စာရင်းစစ်တာနဲ့ မတူဘူး၊ တရားခံလာဖမ်းသလိုပုံစံနဲ့၊ ခြိမ်းခြောက်နေသလိုကြီးလည်း ခံစားရတယ်၊ ပုံရိုက်တာလည်း မကြိုက်ဘူး။ ဘာမှပြောမရတော့ ငြိမ်ခံနေရတာပဲ” ဟု မွန်းကျပ်မှုကို ဖွင့်ဟသည်။
“လာစစ်တဲ့နေ့က ယောက်ျားရော၊ သားရောမရှိတော့၊ ဘယ်သွားတာလဲ၊ ဘာအလုပ်လုပ်တာလဲ၊ မရှိတာ ဘယ်လောက်ကြာပြီလဲ၊ အသေးစိတ်မေးတာ”
နေပြည်တော်သည် အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲကင်းမဲ့ဇုန်၊ အလုံခြုံဆုံးနေရာဖြစ်နေသေးပြီး စစ်တပ်မိသားစုဝင်များနှင့် စစ်ဘေးရှောင်များ ခိုလှုံသည့်မြို့လည်းဖြစ်သည်။ ဧည့်စာရင်းမတိုင်၍ ဖမ်းဆီးခံရမှုများ ခပ်စိပ်စိပ်ကြားသိနေရသဖြင့် နေပြည်တော်သို့ ရွှေ့ပြောင်းလာသူများသည် မမေ့မလျော့ တိုင်ကြားသင့်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ခုက ဧည့်စာရင်းမတိုင်ဘဲ မီးဖွင့်ထားရင် တက်စစ်တယ်၊ ကွက်တိတန်းမိတာပဲ၊ ခုနောက်ပိုင်း ဧည့်စာရင်းမတိုင်ရင် အချုပ်ထဲတန်းပို့တာ” ဟုပြောသည်။
ဧည့်စာရင်းအကြောင်းပြချက်ဖြင့် ဖမ်းဆီးခံရသူတစ်ဦးဦးသည် သူ၏စီးပွားရေးနှင့် အခြေအနေအပေါ် မူတည်၍ လာဘ်ငွေပေးခြင်း၊ တရားရုံးတွင် ဒဏ်ငွေဆောင်ခိုင်းခြင်း နည်းလမ်းတစ်ခုခုဖြင့် ဖြေရှင်းကြရသည်။ ဧည့်စာရင်းမတိုင်မိသူတစ်ဦးလျှင် ကျပ်ခုနှစ်သောင်းမှ တစ်သိန်းထိ ပေးကြရသည်ဟုလည်း သိရသည်။
အိမ်ထောင်စုဇယားပေါ်ရှိ လိပ်စာနှင့် နေထိုင်သည့်လိပ်စာ မတူညီလျှင် အိမ်ရှင်များလည်း မိမိအိမ်တွင် မိမိ တည်းခိုနေထိုင်ကြောင်း ဧည့်စာရင်းတိုင်ကြရသည်မှာ အခြားနိုင်ငံများတွင် မရှိသည့် ဖိနှိပ်မှုမျိုး ဖြစ်သည်။
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်မှ အမျိုးသားတစ်ဦးကလည်း ဧည့်စာရင်းအတွက် တစ်နှစ်လုံးစာ ငွေသွင်းထားရသည်ဟုလည်း ပြောပြသည်။
“မကြုံဖူးပါဘူးဗျာ၊ ဧည့်စာရင်းကို နှစ်ပြတ်နဲ့ပေးခဲ့ရတာ၊ တစ်နှစ်စာလုံး တစ်ခါတည်းဆောင်ရင် ခြောက်သောင်းဆိုပြီး တောင်းတယ်၊ အထက်ကို နှစ်သောင်းပဲ စာရင်းသွင်းမယ်၊ ကျန်တာ ခွဲဝေယူကြမယ်ဆိုပြီး အဲဒီလိုကို ပေါ်တင်တွေပြောဆိုနေကြတာ။ ခေတ်က အဲဒီလိုကို ဖြစ်သွားတာ”
အုပ်ချုပ်ရေးမှူးရုံးအများအပြား ထိုသို့ ငွေတောင်းခြင်းကို “စာရွက်စာတမ်းကြေး” ဟု အမည်ပေးထားသည်။

ဧည့်စာရင်းအကြောင်းပြ လူဖမ်းပွဲကြီး
မြို့ပတ်လည်တွင် စစ်မီးဝိုင်းနေခြင်းကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာကြသည့် စစ်ရှောင်ပြည်သူ အများအပြားခိုလှုံရာ မန္တလေးမြို့ပြကြီးတွင်မူ နေ့လယ်ပိုင်းတွင်ပင် ဧည့်စာရင်းစစ်တတ်သည်။
ဖေဖော်ဝါရီ ၂၅ နေ့ နံနက် ၉ နာရီခန့်ကဖြစ်သည်။ မန္တလေး၊ ချမ်းမြသာစည်မြို့နယ် ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်သော အောင်ပင်လယ်ရှိ နေအိမ်များ၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် ကာရာအိုကေဆိုင်များကို ဧည့်စာရင်းစစ်ဆေးသည်ဆိုကာ ပိတ်ဆို့၍ ဝင်ရောက်စစ်ဆေးရာ လူငယ် ၁၇ ဦး ဖမ်းဆီးခံလိုက်ရသည်။
“ပါသွားတာက အရပ်သားလူငယ်တွေချည်းပဲ၊ တော်လှန်ရေးတပ်ဖွဲ့တွေ မဟုတ်ဘူး ဘယ်သူတွေလဲ အသေးစိတ်မသိရပေမဲ့ ရပ်ကွက်ခံတွေပါတယ်။ လက်ဖက်ရည်ဆိုင်၊ ကေတီဗီတို့မှာ လုပ်တဲ့ နယ်ဝေးကလာတဲ့ အလုပ်သမားတွေ” ဟု မြို့ခံတစ်ဦးကပြောပြသည်။
ထိုလူငယ်များကို နောက်တစ်နေ့တွင် ၎င်းတို့၏ဆိုင်ရာ အလုပ်ရှင်များ၊ ဆွေမျိုးများက ရပ်ကွက်ရုံးနှင့် ရဲစခန်းတို့တွင် ငွေဖြင့် သွားရောက်ရွေးယူကြရသည်။ ငွေကြေးပေးညှိနှိုင်းနိုင်သူများသာ ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။
ထို့အတူ ဖေဖော်ဝါရီလဆန်းနေ့တွင်လည်း မန္တလေးတောင်ခြေအနီး နွယ်နီကျေးရွာတွင် နေ့ခင်းကြောင်တောင် ဧည့်စာရင်းစစ်ဆေးကာ စစ်ရှောင်ပြည်သူ ၃၀ ခန့်ကို ဖမ်းဆီးသွားသည်။
ထိုသူတို့သည် ယနေ့အချိန်ထိ လွတ်မြောက်လာခြင်းမရှိဘဲ မည်သည့်နေရာတွင်ရှိနေသည်ကို မသိကြရပေ။
စစ်ကိုင်းတိုင်း ကနီမြို့နယ်မှ စစ်ဘေးရှောင်လာကာ မဟာအောင်မြေမြို့နယ် အထည်ဆိုင်တစ်ဆိုင်တွင် ဝင်ရောက်လုပ်ကိုင်နေသည့် စစ်ရှောင် အမျိုးသမီးငယ် ၈ ဦးသည်လည်း ဖေဖော်ဝါရီလဆန်းအတွင်း ၎င်းတို့ငှားရမ်းနေထိုင်သည့်နေအိမ်တစ်လုံးတွင် ဧည့်စာရင်း အစစ်ခံလိုက်ရသည်။
“ကောင်မလေးတွေက ကြောက်လန့်ပြီး ငိုရှာတယ်။ ကိုယ့်မှတ်ပုံတင်ကိုယ်ကိုင်ပြီး ငုတ်တုတ် ထိုင်ခိုင်းတယ်။ ညဘက်ကြီးဆိုတော့ သူတို့ဟိန်းဟောက်နေသံတွေက ဆူနေတာပဲ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထိုနေ့က ရပ်ကွက်ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး၊ ပျူစောထီး ခေါ် ပြည်သူ့စစ်၊ ရဲ၊ စစ်သား စသည့် အင်အား ၂၀ ကျော်ပါဝင်သော ထိုအဖွဲ့က မဟာအောင်မြေမြို့နယ် ရပ်ကွက်တစ်ခုကို ပိတ်ဆို့ကာ ညသန်းခေါင်တွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
“အိမ်တစ်အိမ်ချင်းစီကို ဝင်စီးတယ်။ အသက်ကြီးရွယ်အိုတွေကအစ အိမ်အရှိလူအကုန် မှတ်ပုံတင်လေးတွေကိုင်ပြီး ငုတ်တုတ်ထိုင်ခိုင်းတယ်။ ရပ်မိရပ်ဖ အဘိုးကြီးအဘွားကြီးတွေအစ စစ်သားတွေက အဲဒီလို ဟိန်းဟောက်ပြီး ထိုင်ခိုင်းတာ” ဟု ထိုညက ဧည့်စာရင်းအစစ်ခံခဲ့ရသည့် အထက်ပါ အမျိုးသားက ပြောသည်။
ထိုအခြေအနေများကြောင့် မန္တလေးရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်ကြီးများပင်လျှင် ည ၇ နာရီနောက်ပိုင်း လူမရှိတော့ဘဲ ဆိုင်များပိတ်ကာ မီးအမှောင်ချထားရသည်။ ”ဧည့်စာရင်းစစ်ဆေးသည်” ဟူသည့် “လူဖမ်းပွဲ” ကြီးကို မြို့ခံများနှင့် စစ်ရှောင်ပြည်သူတို့ ညစဉ် အိပ်မက်ဆိုးကြီးသကဲ့သို့ ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

ဧည့်ဆိုးတို့ကြောင့် ဖျောက်ဖျက်လိုက်ရသည့် တစ်သက်တာ အမှတ်တရများ
ဧည့်စာရင်းစစ်ရာတွင် အိမ်ရွေးစစ်တတ်သည်ဟုလည်း ဧရာဝတီတိုင်းဒေသခံ အသက် ၅၀ အရွယ် အမျိုးသမီးကြီးကပြောသည်။ ယင်းတို့ရွာတွင် အိမ်ခြေ ၁၀၀ ကျော်ရှိသည့်အနက် ၃ အိမ်သာ စစ်သည်ဟု ဆိုသည်။
ထိုဧည့်စာရင်းစစ်ခံရသည့် အိမ်များမှာ ထောင်ဒဏ်နှစ်ရှည်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး၏အိမ်၊ တိမ်းရှောင်နေရသည့် CDM ဝန်ထမ်းဟောင်းအိမ်နှင့် သတင်းသမားဟောင်းတို့၏ အိမ်တို့ဖြစ်သည်။
ရံဖန်ရံခါ လာရောက်တတ်သည့် ဧည့်ဆိုးတို့သည် နေအိမ်များရှိ အိမ်ထောင်စုစာရင်းကို တောင်းကြည့်ရုံမက မိသားစုအမှတ်တရ ဓာတ်ပုံများ၊ တိမ်းရှောင်နေရသည့် သား၊ သမီး၊ မြေးတို့၏ ငယ်စဉ်ဓာတ်ပုံများမှအစ တက္ကသိုလ်ဝင်တန်းအောင် အမှတ်တရဆုအမှတ်တံဆိပ်အပါအဝင်၊ ဘွဲ့ရဓာတ်ပုံများကိုပင် စပ်စုတတ်သည်။
ထိုအမှတ်တရများ၊ ဓာတ်ပုံများကို မြင်ပါက သူကဘယ်သူလဲ၊ ဘယ်ရောက်နေသလဲ၊ ဘာလုပ်နေသလဲဟု မေးခွန်းပေါင်းများစွာကို မေးတတ်သည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ ထို့ကြောင့် အမြတ်တနိုး တစ်သက်လုံးသိမ်းဆည်း၊ ချိတ်ဆွဲထားသည့် သား၊ သမီးတို့နှင့် ပတ်သက်သည့် အမှတ်တရများကို ဧည့်ဆိုးတို့ရန်ကြောင့် ဖြုတ်သိမ်း၊ ဖျောက်ဖျက်ထားရသည်။
ဧည့်ဆိုးတို့ကြောင့် တိမ်းရှောင်သည့်သူက တိမ်းရှောင်ရ၊ ထောင်ထဲရောက်သူက ရောက်သွားကြချိန်တွင် ကျန်ရစ်သူမိသားစုဝင်တချို့နှင့် မိဘများသေဆုံးမှုများလည်း ရှိသည်။ ထို့ကြောင့် မိသားစုဝင်များက ပြန်အစားထိုးမရနိုင်တော့သည့် အမှတ်တရကလေးများကို အမြတ်တနိုး သိမ်းဆည်းထားလိုသော်လည်း ဖျောက်ဖျက်ပစ်ကြရကာ တစ်သက်တာအမှတ်တရများ ပျောက်ဆုံးကုန်တော့သည်။

နှစ် ၁၀၀ ကျော်သည့်တိုင် ခြောက်လှန့်နေသည့် ဧည့်စာရင်းတစ္ဆေ
ဧည့်စာရင်းတိုင်ကြရန် စတင်ပြီး ဥပဒေပြုခဲ့သည့်ကာလမှာ အင်္ဂလိပ်ကိုလိုနီခေတ် ၁၉၀၇ ခုနှစ်က ဖြစ်သည်။ ဗြိတိသျှအစိုးရကို တော်လှန်ပုန်ကန်သည့် မြန်မာသူပုန်များကို ဖိနှိပ်ရန် ရည်ရွယ်ပြဋ္ဌာန်းခဲ့သည့် ကျေးရွာအက်ဥပဒေဖြစ်သည်။ နှစ် ၁၀၀ ကျော်က ဗြိတိသျှတို့ ပြဋ္ဌာန်းခဲ့သည့် ဥပဒေသည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် အာဏာရှင်အဆက်ဆက် ကောင်းစွာအသုံးချခဲ့သည့် ဥပဒေလည်းဖြစ်သည်။
၁၉၈၈ ခုနှစ် ပြည်သူ့အရေးတော်ပုံကြီးအပြီးတွင် ထိုဥပဒေ ပိုမိုထင်ရှားလာပြီး ၁၉၉၆ ကျောင်းသားလှုပ်ရှားမှု၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတို့တွင် ထိုဥပဒေကို အာဏာရှင်အဆက်ဆက်က ကိုင်စွဲပြီး ဧည့်စာရင်းစစ်ဖမ်းဆီးကာ ဆန့်ကျင်သူများကို နှိပ်ကွပ်လေ့ရှိသည်။
ဗြိတိသျှတို့က အုပ်ချုပ်မှု တည်မြဲရေးအတွက် ပြဋ္ဌာန်းခဲ့သော ထိုဥပဒေကို ၂၀၁၂ ခုနှစ် သမ္မတဦးသိန်းစိန်လက်ထက်တွင် ဖျက်သိမ်းခဲ့သည်။ သို့သော် ဒီမိုကရေစီအရေးနှင့် တက်ကြွလှုပ်ရှားသူများကို အချိန်မရွေး ဖမ်းဆီနိုင်သည့် ဧည့်စာရင်းစစ်ပုဒ်မ ပုဒ်မ ၁၃ (ဆ) ကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေတွင် ဆက်လက် ပြဋ္ဌာန်းခဲ့သည်။
ထိုပုဒ်မကို အမျိုးသားဒီမိုကရေစီအစိုးရလက်ထက် ၂၀၁၆ ခုနှစ်တွင် ပယ်ဖျက်စေခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီး ၁၃ ရက်အကြာတွင် စစ်ကောင်စီက ထိုပုဒ်မကို ပြန်လည် အသက်သွင်းခဲ့သည်။ ထိုဥပဒေကို အသုံးချလျက် စစ်ကောင်စီက နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဧည့်စာရင်းစစ်၊ လူဖမ်းသည့်သံသရာ တစ်ပတ်ပြန်လည်လာခဲ့သည်။
ရန်ကုန်တွင် လခစား ဒလန်များ ထားရှိပြီး ရပ်ကွက်များအတွင်း လူစိမ်းများဝင်လာပါက သတင်းပေးစေခြင်း၊ အဖွဲ့လိုက် ဧည့်စာရင်းစစ်ခြင်းတို့လည်း လုပ်ဆောင်နေသည်။ ဧည့်စာရင်းစစ်ဆေးမှုများကို ပုံမှန်လုပ်ငန်းစဉ်အဖြစ် စစ်ဆေးနေပြီး အဓိကအားဖြင့် ဒေသခံမဟုတ်သည့် ဧည့်စာရင်းတိုင်ကြားပြီး နေထိုင်သူများကို စစ်ဆေးကြောင်း မြို့နယ် ၄ ခုမှ ဒေသခံများက ပြောသည်။
နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရပြီး စစ်စခန်းများဆုံးရှုံးခြင်း၊ ထိန်းချုပ်နယ်မြေ စွန့်လွှတ်ရခြင်း၊ စစ်လက်နက်၊ လေယာဉ်သင်္ဘောနှင့် စစ်သည်အင်အား ဆုံးရှုံးမှုများလာခြင်းတို့သည် နေပြည်တော်နေ စစ်ခေါင်းဆောင်အပါအဝင်၊ စစ်အရာရှိများကို ထိတ်လန့်တုန်လှုပ်စေပြီး ဧည့်စာရင်းစစ်ခြင်းသည် ၎င်းတို့၏မလုံခြုံမှုကို ပြနေခြင်းဖြစ်သည်။
နေပြည်တော်တွင် နှစ်ရှည်နေလာခဲ့သည့် အသက် ၅၀ ကျော်အရွယ် ဒေါ်အေးသည်လည်း မိမိအိမ် လုံခြုံရေးအတွက် ကိုယ်တိုင် ကင်းစောင့်နေရသည်။
ဧည့်စာရင်းစစ်ဆေးသည့်အဖွဲ့က တံခါးကို ကြမ်းတမ်းစွာ ထုနှက်တတ်၊ ဖျက်ဆီးတတ်သဖြင့် ထိုသို့ ရန်ပြုခံရခြင်းကို တားဆီးနိုင်ရန် ကင်းစောင့်ခြင်း ဖြစ်သည်။
ညနေ မှောင်လာပြီဆိုလျှင် အလယ်တန်းကျောင်းသား ၂ ယောက်ကို အိပ်ခန်းအတွင်းတွင်သာ မီးဖွင့် စာကျက်စေသည်။
ညနေမှောင်ချိန်တွင် ဧည့်ခန်းမီးနှင့် အိမ်ရှေ့မီးကို မဖွင့်မိစေရန် ဒေါ်အေး သတိထားသည်။
သူကမူ ညမှောင်ရီပျိုးပြအချိန်မှသည် သန်းခေါင်တိုင်အောင် ခြောက်လှန့်တတ်သည့် ဧည့်စာရင်းတစ္တေများကို အိမ်ထောင်စုဇယားနှင့် ဧည့်စာရင်းတိုင်ထားသည့် စာရွက်များဖြင့် ဖြေရှင်းနိုင်ရန် ပြင်ဆင်သည်။
သားသမီးများ ကောင်းစွာစာကျက်နိုင်ရေး၊ နောက်တစ်နေ့ လုပ်ငန်းခွင်ဝင်ရမည့် သားနှင့်သမီးလည်း ဧည့်စာရင်းတစ္ဆေများ၏အန္တရာယ်မှ ကင်းဝေးပြီး အိပ်ရေးဝရေးအတွက် စိတ်ပူရသည့် ဒေါ်အေးက အိမ်ရှေ့ ဧည့်ခန်းအမှောင်ထဲတွင် ကင်းစောင့်နေသည်။ စိတ်ထဲတွင်မူ “အိမ်ထဲမှာနေတာတောင် လုံခြုံရေး အာမခံချက်မရှိဘူး၊ ခေါင်းပြားပြားလည်း မအိပ်နိုင်တော့ဘူး” ဟု ညည်းတွားနေမိသည်။