ဆောင်းပါး

မန္တလေးရောက်လာသော်လည်း ထိတ်လန့်နေရသော စစ်ရှောင်များ

ဒေသအနှံ့မှ စစ်ရှောင်လာသူအများအပြားသည် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသော မြန်မာပြည်အလယ်ပိုင်းမြို့တော် မန္တလေးသို့ အားကိုးတကြီး လာရောက် ခိုလှုံနေကြရာ နေရာသစ်သည် အခက်အခဲများ ပြည့်နေပြီး ၎င်းတို့၏ လုံခြုံရေးအတွက်လည်း အာမခံနိုင်ခြင်းမရှိသောမြို့ကြီး ဖြစ်နေကြောင်း နေ့စဉ် တွေ့မြင်ခံစားနေရလေသည်။

ဖေဖော်ဝါရီ ၄ ရက်နေ့က မန္တလေးတောင်ခြေရှိ ရွာတစ်ရွာကို အုပ်ချုပ်ရေးအဖွဲ့၊ ရဲ၊ စစ်တပ်တို့ ဝင်ရောက်ကာ ထိုရွာတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်အများအပြားကို ဖမ်းဆီးခေါ်ဆောင်သွားသည်။

အများအပြားကို ဒဏ်ရိုက်ပြီး ပြန်လွှတ်ပေးသော်လည်း အမျိုးသား ၃၀ ခန့်မှာ ယနေ့အချိန်တွင် လွတ်မြောက်လာခြင်းမရှိသေးပေ။

စစ်ရှုံးပြီး စစ်သည်အင်အား အရေးပေါ် လိုအပ်နေသည့် စစ်ကောင်စီက စစ်ရှောင်များကို ပိုမို ပစ်မှတ်ထားပြီး လူသစ်စုဆောင်းဖွယ် ရှိသည်ဟု မန္တလေးတွင် ခိုလှုံနေသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ပါသွားရင် လူမသိ၊ သူမသိနဲ့။ ဘယ်အချိန် တံခါးလာခေါက်ပြီး ဆွဲခေါ်သွားမလဲပဲ စိုးရိမ်နေရတာ” ဟု မန္တလေး မြို့ရောက် အထက်ပါ စစ်ဘေးရှောင်လူငယ်က ဆိုသည်။

ဒေသအနှံ့မှ စစ်ရှောင်လာသူအများအပြားသည် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသော မြန်မာပြည်အလယ်ပိုင်းမြို့တော် မန္တလေးသို့ အားကိုးတကြီး လာရောက် ခိုလှုံနေကြရာ နေရာသစ်သည် အခက်အခဲများ ပြည့်နေပြီး ၎င်းတို့၏ လုံခြုံရေးအတွက်လည်း အာမခံနိုင်ခြင်းမရှိသောမြို့ကြီး ဖြစ်နေကြောင်း နေ့စဉ် တွေ့မြင်ခံစားနေရလေသည်။

နေထိုင်စရိတ်နှင့် မရေရာသော မြေကွက်

၂၀၂၃ ခုနှစ်မှစတင်ကာ အနယ်နယ်အရပ်ရပ်မှ စစ်ဘေးရှောင်များ လာရောက်ခဲ့ကြခြင်းဖြစ်ပြီး အများစုမှာ စစ်မက်ဖြစ်ပွားနေသည့် ရှမ်းမြောက်၊ စစ်ကိုင်းတိုင်းမှ မြို့များ၊ အနီးရှိ မတ္တရာကဲ့သို့သော မြို့များမှ ဖြစ်သည်ဟု မြို့ခံများနှင့် အိမ်ခြံမြေလုပ်ကိုင် သူများက ပြောကြသည်။

ယခုနှစ်ဆန်းတွင် ပြောင်းရွှေ့လာမှု ပိုမိုများပြားလာကြောင်း၊ အိမ်ငှားရမ်းသူ အများစုမှာ စစ်ဘေးရှောင်လာသူများဖြစ်ကြကြောင်း အိမ်ခြံမြေဈေးကွက်အကြောင်း သိနားလည်သူတစ်ဦးက ပြောသည်။

“တချို့ကတော့ သူတို့နယ်တွေမှာ ရှိတာရောင်းချ၊ အထုပ်မပြီး ပြေးလာကြတယ်။ ဒီမှာ ဈေးသက်သာမယ့် ကျူးလိုနေရာတွေမှာ လတ်တလော အိမ်ဆောက်နေထိုင်ကြတယ်။ အငှားနေတဲ့သူက ပိုများတယ်။ အခု အိမ်အငှားဆို ၈၀ ရာနှုန်းလောက်က စစ်ရှောင်တွေပဲ” ဟု အထက်ပါ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သည့် မြို့ခံ အမျိုးသမီးက Myanmar Now ကို ပြောသည်။

ပိုင်ဆိုင်မှု ခိုင်မာခြင်း မရှိသည့် မြေကွက်များကို ဝယ်ယူဆောက်လုပ်နေခြင်းကြောင့် အနာဂတ်တွင် တစ်ပူပေါ်နှစ်ပူဆင့်မည့် ပြဿနာများဖြစ်လာဦးမည်ဟု ယင်းအမျိုးသမီးက ဆက်ပြောသည်။

“တချို့က ဘာမှသိတာမဟုတ်ဘူး။ မန္တလေးမှာ နေလို့ရတယ်ဆိုပြီး၊ ရှိတာလေးရောင်းချပြီး အိမ်ဝယ်နေကြတယ်။ ဝိသမလောဘ စီးပွားရေးသမားတွေကလည်း အဆင်ပြေရင်ပြီးရော၊ အုပ်ချုပ်ရေးတွေနဲ့ ပေါင်း ၊ မခိုင်မာတာတွေကို အကွက်ရိုက် ရောင်းချနေကြတယ်” ဟု သူက ပြောသည်။

“ခုက စစ်ဖြစ်နေတော့ ဒီဘက်ကို မလှည့်နိုင်သေးတဲ့အချိန်မို့သာ၊ နောင်တစ်ချိန် ရှင်းကြရမှာ”

နေအိမ်အိုးအိမ်များလည်း စွန့်ခွာထွက်ပြေးကြရသော ပြောင်းရွှေ့သူများအနေဖြင့်လည်း အိမ်ငှားရမ်းခ ဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းတို့ စသည့် ရင်ဆိုင်နေရသည့် အခက်အခဲများစွာရှိနေသည်။

 ယမန်နှစ် ဩဂုတ်လ တိတယက စစ်ရှောင်လာသော ခင်ဦးမြို့နယ် ဒေသခံများ ။ (ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး)

စစ်ကိုင်းတိုင်းမှလာသူများ

စစ်ရှောင်များမှာ ပြောင်းရွှေ့လာသူများဖြစ်သောကြောင့် ဧည့်စာရင်းတိုင်မထားသည်ကို စစ်ဆေးတွေ့ရှိပါက ဖမ်းခေါ်သွားပြီး သိန်းဆယ်ဂဏန်းအထိ လာဘ်ထိုးမှ ပြန်လွတ်ပေးခြင်း၊ မပေးနိုင်သူ ငွေဒဏ် သို့မဟုတ် ထောင်ဒဏ်ကျခံရနိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်ခံရခြင်းတို့မှာ အခြားမြို့များကဲ့သို့ မန္တလေးတွင်လည်း ကြုံတွေ့နေရသည်။

ထို့ပြင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတို့၏ ခြိမ်းခြောက်မှုများလည်း ရှိနေသည်ဟု စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှ စစ်ရှောင်လာသူ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းတွင် မြို့နယ်အများစု လက်နက်ကိုင်တော်လှန်သူများ ရှိသောကြောင့် ထိုဒေသမှ လာသူများ ပိုမို ရန်ပြုခံရသည်ဟု ဆိုသည်။

“ဧည့်စာရင်းအစစ်ခံရရင်လည်း စစ်သားတွေပါ အုံနဲ့ကျင်းနဲ့ လာကြတယ်။ မင်းတို့က ဒီကို ဘာလုပ်တာလဲဆိုတာမျိုး….တချို့ဆို ရမ်းကားကြတယ်။ ဆဲဆိုတယ်” ဟု ၎င်းက ဆိုသည်။

“တချို့ကျလည်း ဘုန်းကြီးကျောင်းတွေမှာ ဝေယျာဝစ္စလုပ်ပြီး ကပ်နေကြရတယ်။ ဒါလည်း လူအုပ်စုများတဲ့ ဘုန်းကြီးကျောင်းဆို သူတို့ ဝင်စီးပြီး မထင်ရင်မထင်သလို စစ်ဆေးတယ်။ ဖမ်းခေါ်သွားတယ်”

စစ်ကောင်စီကမူ ၎င်းတို့က ဥပဒေမဲ့ လုပ်ဆောင်ခြင်း မရှိကြောင်း၊ ပြည်သူလူထုကို အကာအကွယ်ပေးနေကြောင်း မကြာခဏ ပြောဆိုတတ်သည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုံလှကျေးရွာတွင် နေထိုင်ခဲ့သူ အထက်ပါအမျိုးသားသည် ၂၀၂၂ခုနှစ် နိုဝင်ဘာလတွင် ၎င်း၏ကျေးရွာအနီး တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် စစ်တပ်၏ စစ်ကြောင်းထိုး မီးရှို့မှုကြောင့် ရွာထက်ဝက်ခန့် မီးလောင်ဆုံးရှုံးသွားပြီးနောက် မန္တလေးမြို့သို့ လာရောက်နေထိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ သံပန်းသံတံခါးပြုလုပ်သည့်လုပ်ငန်းတွင် နေ့စားဝင်ရောက်လုပ်ကိုင်နေပြီး၊ မိသားစုဝင်တစ်ဦးမှာ ဈေးအတွင်းပန်းရောင်းခြင်း၊ နောက်တစ်ဦးမှာ ကုန်စုံဆိုင်တစ်ခုတွင် ဝန်ထမ်းလုပ်ခြင်းဖြင့် အသက်မွေးလျက်ရှိသည်။

တောတောင်များအတွင်း စစ်ရှောင်နေသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖတ်ကာကျေးရွာမှ ဒေသခံများကို ဇန်နဝါရီ ၂၆ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ- မြတ်ပန်း/Myanmar Now)

အာဏာသိမ်းပြီးသုံးနှစ်အတွင်း တိုင်းပြည်ကမောက်ကမအခြေအနေများကြောင့် နောက်ဆက်တွဲ စားဝတ်နေရေးအခက်အခဲကို တစ်နိုင်ငံလုံး ရင်ဆိုင်နေကြချိန်တွင် စစ်ရှောင်ပြည်သူတို့မှာ အလုပ်အကိုင်နှင့် ပိုင်ဆိုင်မှု လက်လွတ်ဆုံးရှုံးထားရသူများ ဖြစ်သည်ဟု ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှ စစ်ရှောင်လာသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

နိုင်ငံသားစိစစ်ရေးကတ် နံပါတ်တွင် စစ်ကိုင်းတိုင်း၏အမှတ်အသား “၅/” ပါဝင်လျှင် စစ်ကောင်စီက ပိုမို ပစ်မှတ်ထားတတ်သဖြင့် စစ်ကိုင်းတိုင်းမှ လာသူများမှာ အလုပ်အကိုင်နှင့် နေထိုင်စရာ ရရန် ၎င်းတို့ထက် ပိုမိုခက်ခဲသည်ဟု သူက ဆိုသည်။

“အိမ်ငှားရမ်းခတွေကလည်း အဆမတန်ပဲ။ ရောက်စက နှစ်သိန်းနဲ့ စပြီးနေရတဲ့ အိမ်က လေးသိန်းခွဲ၊ ငါးသိန်း တက်တောင်းတယ်။ ဒါပေမဲ့ ငှားရမ်းပေးတာကိုပဲ ကျေးဇူးတင်ရတယ်။ တချို့က စစ်ရှောင်တွေဆို မငှားရဲကြဘူး။ ၅/တွေဆို ပိုဆိုးတယ်” ဟု သူက ရှင်းပြသည်။

“အလုပ်ရှိတဲ့လူတစ်ယောက်၊ နိုင်ငံရေးကင်းရှင်းတဲ့လူတစ်ယောက်အတွက်ကတော့ မန္တလေးမြို့က နေလို့ အဆင်ပြေသေးပါတယ်။ ဒါပေမဲ့ အစစအရာရာ ဈေးတက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ ရပ်တည်ဖို့က ဝင်ငွေရှိမှ ဖြစ်မှာ၊ ကျွန်မက အခု စက်ချုပ်သင်ပြီး နေ့စားနဲ့ အမျိုးသမီးအတွင်းခံအကျီလေးတွေ ချုပ်တယ်။ စားလောက်ဖို့ မပြောနဲ့….မိသားစုဆီ အကူအညီပဲ တောင်းခံနေရတယ်”

လတ်တလောတွင် ရှမ်းပြည်မြောက်ပိုင်းအခြေအနေများ အေးဆေးသွားသောကြောင့် ၎င်းနှင့် မိသားစုက နေရပ်ပြန်ရန် ပြင်ဆင်နေကြသည်ဟု ဆိုသည်။

တစ်ပူပေါ် နှစ်ပူဆင့်

မန္တလေးမြို့တွင် အိမ်ငှားခမြင့်တက်မှုကို ရင်မဆိုင်ရသော စစ်ရှောင်များမှာ ဘာသာရေးအဆောက်အအုံများ၊ မိတ်ဆွေများထံတွင် ခိုလှုံနေရသူများ ဖြစ်သည်ဟု စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“မဟာအောင်မြေက ဘုန်းကြီးကျောင်းတွေမှာဆို ရာနဲ့ချီပြီး ရှိကြတယ်။ အစ်မတို့ သွားလှူတုန်းကဆို သူတို့မှာ အဝတ်အစား၊ ခြင်ထောင်၊ အသုံးအဆောင် ဘာတစ်ခုမှကို မပါလာဘဲ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာကြသူတွေ အများကြီးပဲ။ ဘုန်းကြီးကျောင်းတွေက ကျွေးထားတယ်။ အနီးအနား ရပ်ကွက်တွေက အဝတ်လေးတွေ ဆန်တွေ၊ စားစရာတွေ လာလှူကြတာမျိုးလည်း တွေ့ခဲ့ရတယ်” ဟု ယင်းအမျိုးသမီးက ဆိုသည်။

“ကြည်နူးစရာလေးတစ်ခု တွေ့ခဲ့တာဆိုရင် အချို့ဆို လူတွေတင် ပြေးလာတာ မဟုတ်ဘူး။ အိမ်မွေးတိရိစ္ဆာန်၊ ကြောင်၊ ခွေးလေးတွေပါ မိသားစုလိုက် ခေါ်လာကြတယ်။ အခက်အခဲကြားကတောင် မေတ္တာတရားလေးတွေပေါ့”

မဟာအောင်မြေမြို့နယ် ဘုန်းကြီးကျောင်းတစ်ကျောင်းအနီး နေထိုင်သူတစ်ဦးက ထိုကျောင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ရန်ကြောင့် စစ်ရှောင်လာသည်ဟု ဆိုသောသူများ ရှိသည်ဟု ပြောသည်။ စစ်ကောင်စီ၏ ပျူစောထီးပြည်သူ့စစ် အားကောင်းသည့်ရွာများမှ ပြေးလာသူများ ဖြစ်သည်ဟု သူက ဆက်ပြောသည်။

“တချို့ကျတော့ သာမန်ပြည်သူတွေ၊ တချို့က ပျူရွာတွေကလို့ ပြောတယ်။ PDF ရန် ကြောက်လို့ ပြေးလာတာတဲ့။ အဲဒီလိုတွေလည်း ရှိကြတယ်” ဟု ထိုအမျိုးသားက ပြောသည်။

စစ်ဘေးရှောင်တချို့မှာ ခိုလှုံရာကျောင်းတိုက်အနီး ပျံကျဈေးသည်အဖြစ် ရပ်တည်နေကြကြောင်း ဆိုသည်။

“သူတို့က အခုဆို ဘုန်းကြီးကျောင်းဘေးပတ်လည်မှာ အကြော်တို့၊ မုန့်ပေါင်းတို့ မုန့်ရေပါးတို့ ရောင်းကြတယ်။ နေတာကတော့ ဘုန်းကြီးကျောင်းမှာပဲ” ဟု သူက ဆိုသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် တစ်ပတ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကြီး နှင့် လေကြောင်းသုံး ဗုံးကြဲမှုကြောင့် ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်းများအပါအဝင် အရပ်သားနေအိမ် ၂၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က ထုတ်ပြန်ခဲ့သည်။

နမ့်ဆန်တိုက်ပွဲကာလအတွင်း နေအိမ်ပျက်စီးသွားခဲ့သည့် ဒေသခံများကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထောက်ပံ့နေစဉ်။ (ဓာတ်ပုံ-TWO)

နမ့်ဆန်မြို့လယ်ရပ်ကွက် မန်ခိုက်ရပ်ကွက်၊ မင်္ဂလာရပ်ကွက်၊ နမ္မဝေါရပ်ကွက်၊ ဇယန်းကြီး၊ ဇယန်းပန်လောကျေးရွာ၊ ကားလမ်းကျေးရွာ၊ မန်ခိုက်ကျေးရွာနှင့် ငွန်ဆိုင်းကျေးရွာတို့၏ အိမ်ခြေ စုစုပေါင်း ၂၃၄ အိမ်နှင့် လူဦးရေ ၁၁၀၇ ဦးကို ကူညီထောက်ပံ့ခဲ့ကြောင်း ထိုအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို ဖေဖော်ဝါရီ ၁၀ တွင် အသက်သွင်းလိုက်ရာ အခြားမြို့များနည်းတူ စစ်တပ်ကို မလိုလားသူ မန္တလေးဒေသခံအများအပြားလည်း စိတ်မသက်မသာဖြစ်နေကြပြီး စစ်ရှောင်များမှာမူ လုံခြုံရေးခြိမ်းခြောက်ခံရမှု ပိုမိုဆိုးရွားလာသည်ဟု ဆိုသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) က ဇန်နဝါရီ တတိယပတ်အထိ စာရင်းများအရ တိုက်ပွဲများကြောင့်၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ မြန်မာနိုင်ငံတစ်ဝန်း လူပေါင်း ၂ ဒသမ ၆ သန်းကျော် ထွက်ပြေးရမည်ဟု ခန့်မှန်းထားပြီး အောက်တိုဘာလကုန်ကစ၍ ပြင်းထန်လာသော တိုက်ပွဲများကြောင့် ခန့်မှန်းခြေ လူပေါင်း ၆၂၈,၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်ဟု ဖော်ပြထားသည်။

မန္တလေးတိုင်း၊ သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာ၊ မလှိုင်၊ မြင်းခြံမြို့နယ်များအတွင်းရှိ ကျေးရွာများ စားနပ်ရိက္ခာ ရစေရန် ဇွန်လမှ ဩဂုတ်လအထိ ၃ လတာကာလအတွင်း ကျပ် ၂၂,၇၂၁,၀၀၀ ထောက်ပံ့ပေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ကြေညာထားသည်။ 

ထွက်ပြေးတိမ်းရှောင်ရသူများ၊ ထိခိုက်ဒဏ်ရာရသူများ၊ သေဆုံးသွားသည့် အရပ်သားနှင့် တော်လှန်ရေးသမားတို့၏ မိသားစုဝင်များ၊ အာဏာဖီဆန်ထားသော ဝန်ထမ်းများ၊ နိုင်ငံရေးအကျဉ်းသားမိသားစုများကို ကူညီခြင်းဖြစ်သည်ဟု ဆိုသည်။

ထွက်ပြေးလာသည့် ခင်ဦးဒေသခံများကို ၂၀၂၂ အောက်တိုဘာတတိယပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ- မိုးဦး/Myanmar Now)

Show More

Related Articles

Back to top button