သတင်း

ဧည့်စာရင်းစစ်သူများက တိုက်ကြီးမြို့မှ အမျိုးသားတစ်ဦးကို ပစ်သတ်

ဇန်နဝါရီ ၅ ညပိုင်းတွင် စစ်ကောင်စီတပ်က ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ငါးအိမ်စုကျေးရွာတွင် ဧည့်စာရင်းစစ်နေစဉ် အိမ်တံခါးဖွင့်မပေးသော အသက် ၆၀ ဝန်းကျင် အမျိုးသားတစ်ဦးကို ပစ်သတ်ကြသည်ဟု ဒေသခံတို့ထံမှ သိရသည်။ 

စစ်တပ်သတင်းပေး ဇင်မင်းဝေဆိုသူ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရပြီးနောက် စစ်ကောင်စီတပ် ရောက်ရှိလာပြီး ထိုသို့ ဧည့်စာရင်းစစ်ကြောင်း၊ ဦးထိန်လင်း၏အလောင်းကိုလည်း စစ်ကောင်စီတပ်က ယူဆောင်သွားကြောင်း လုံခြုံရေးအခြေအနေမကောင်းသဖြင့် အမည်မဖော်လိုသော ဒေသခံတစ်ဦးက ပြောသည်။  

ဆွေမျိုးတော်စပ်သူတစ်ဦးကလည်း ဦးထိန်လင်းသည် အိမ်ထောင်မရှိ၊ တစ်ကိုယ်တည်းနေထိုင်သူဖြစ်သည်ဟု ဆိုသည်။ 

၎င်းက ဖြစ်စဉ်ကို အတည်ပြုသော်လည်း ၎င်း၏လုံခြုံရေး စိုးရိမ်ရ၍ အသေးစိတ်ဖြေကြားလိုခြင်း မရှိကြောင်း Myanmar Now ကို ပြောသည်။

နောက်တစ်နေ့ ဇန်နဝါရီ ၆ တွင် ဆွေမျိုးနီးစပ်များက ရုပ်အလောင်းကို မြို့နယ်ဆေးရုံတွင် သွားယူကာ သင်္ဂြိုဟ်လိုက်ကြောင်း ၎င်းထံမှ သိရသည်။ 

ဧည့်စာရင်းစစ်စဉ် ပစ်ခတ်မှုနှင့် ပတ်သက်ပြီး Myanmar Now က တိုက်ကြီးမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာ ဖုန်းပြန်လည်ဖြေဆိုခြင်း မရှိပေ။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုဆန့်ကျင်သူများအပါအဝင် အရပ်သားပြည်သူ ၁၄၄၅ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သည်ဟု ထိုဖြစ်ရပ်များကို မှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ ဇန်နဝါရီ ၇ စာရင်းများအရ သိရသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့ကို ဆန့်ကျင်သည်ဟု ယူဆပါက လူမမည်အရွယ် ကလေးပါမချန် ဖမ်းဆီးသတ်ဖြတ် ထောင်ချနေပြီး ဖမ်းဆီးခံရပြီး ၂၄ နာရီမပြည့်မီ  စစ်ကြောရေးကာလအတွင်း သေဆုံးရသူများလည်း ရှိနေသည်။ 

အလားတူ စစ်ကောင်စီသတင်းပေးများလည်း ဖမ်းဆီးသတ်ဖြတ်မှုများအတွက် တာဝန်ရှိသည်ဟုဆိုကာ လုပ်ကြံသတ်ဖြတ်ခံနေရသည်။

စစ်ကောင်စီတပ်က  ကျေးရွာများကို ဝင်ရောက်စီးနင်းစဉ် အရပ်သားများကိုပါ ပစ်ခတ်သတ်ဖြတ်နေပြီး မီးရှို့သတ်ဖြတ်ခြင်းများကို စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်နှင့် ကရင်နီဒေသတို့တွင်လည်း ကျူးလွန်ခဲ့ကြသည်။ 

မကြာသေးမီ ၂၀၂၁ ဒီဇင်ဘာ ၁၉ တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နယ်ခြားရွာ၌ အသက် ၄၀ အရွယ် တောင်သူ ကိုစိုးဟိန်း နေအိမ်တွင် ပစ်သတ်ခံခဲ့ရသည်။ 

ယမန်နေ့ (ဇန်နဝါရီ ၇) ကလည်း တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း မိုင်းထိစစ်တပ်က အသက်မပြည့်သေးသူ ၃ ဦးအပါအဝင် လူငယ် ၄ ဦး၏ ဦးခေါင်းကို အနီးကပ်ပစ်သတ်ခဲ့ကြသည်။  

အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီးခံရပြီး နှိပ်စက်ခံရသောကြောင့် စစ်ကြောရေး၌ ၂၄ နာရီအတွင်း သေဆုံးခဲ့ရသူများတွင် ဦးဇော်မြတ်လင်း၊ ဦးခင်မောင်လတ်၊ ကိုအေးကို၊ ကိုအောင်မြင့်လှိုင်၊ ကဗျာဆရာ ခက်သီ၊ ကို မင်းမင်း၊ ကိုမျိုးဇော်ဇော်၊ ဇေယျာလင်း၊ မိုင်နွမ်ဇာထျန်၊ ကိုဇော်ထက် (ခေါ်) ဆလိုင်းဗန်ထာကျုံ၊ ကိုဇင်ကိုထွန်း၊ သက်နိုင်ဦး၊ မျိုးမြင့်သန်း၊ ခင်မောင်ကြည်၊ ကိုထက်ဇော်လင်း တို့အပါအဝင် သေဆုံးမှုအများပြားကို Myanmar Now က အတည်ပြု သတင်းဖော်ပြနိုင်ခဲ့သည်။

စစ်တပ်၏ ဖမ်းဆီးမှုခံရပြီး ၂၄ နာရီအတွင်း သေဆုံးရသူများထဲတွင် တောင်သာမြို့နယ်မှ အသက် ၃၈ နှစ် အရွယ် ဦးမျိုးမြင့်သန်း၊ ရွှေဘိုမြို့တွင် အသက် ၄၄ နှစ်အရွယ် ကဗျာဆရာ ကိုခက်သီ၊ မတ္တရာမြို့နယ်မှ ဓားစာခံအဖြစ်ဖမ်းခံရသည့် အသက် ၃၃ နှစ်အရွယ် ဦးရဲအောင် နှင့် နာမှုကူညီရေးအသင်း အတွင်းရေးမှူးဖြစ်သူ အသက် ၅၇ နှစ်အရွယ် ဦးသန်းမြင့်၊ မြင်းခြံမြို့နယ်မှ အသက်၂၅ နှစ်အရွယ် တောင်သူ ကိုသန်းထွန်းအောင်၊ မန္တလေးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ​ကိုဖက်တီး ခေါ် ကိုသန်းထွန်းဦး၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှ အသက် ၂၉ နှစ်အရွယ် ချင်းအမျိုးသား ကိုလန့်ခန့်ထန် ၊ ကလေးမြို့မှ အသက် ၁၅နှစ်အရွယ် မောင်ကျော်မင်းခန့်၊ အသက် ၂၀ အရွယ် ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုအောင်ဘုန်းကျော်တို့ကိုလည်း အတည်ပြုနိုင်ခဲ့သည်။ 

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်သည့် ကျောင်းဆရာများကိုလည်း စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ရာ နေပြည်တော် လယ်ဝေးမြို့မှ အသက် ၃၆ နှစ်အရွယ် ဦးလှမင်းမောင်၊ စဉ့်ကိုင်မြို့နယ် ရွာဘိုကျေးရွာမှ အသက် ၃၂ နှစ်အရွယ် ကျောင်းဆရာ ဦးဝင်းလွင်၊ သပိတ်ကျင်းမြို့နယ် မြင်သာရွာမှ အသက် ၄၀ အရွယ် အထက်တန်းပြကျောင်းဆရာ ဦးဇော်မင်းအောင်တို့ ၂၄ နာရီအတွင်း သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ အသက် ၄၀ အရွယ် အလယ်တန်းပြကျောင်းဆရာ ဦးလှိုင်ဝင်းသည် စစ်ကြောရေး၌ ၅ ရက်အကြာတွင်လည်းကောင်း၊ ဟုမ္မလင်းမြို့တွင် အသက် ၃၀ ဝန်းကျင် ဆရာမ ဒေါ်မေနှင်းအေးသည် စစ်တပ်၏ ပစ်ခတ်မှုကြောင့်လည်းကောင်း သေဆုံးခဲ့ရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button