အာဏာသိမ်းသည့် ဖေဖော်ဝါရီလနောက်ပိုင်း ကွန်ဒို၊ တိုက်ခန်းနှင့် မြို့နယ်၊ ရပ်ကွက်များရှိ ကာလတိုငှားရမ်းနေထိုင်သူများကို ပစ်မှတ်ထား၍ ဧည့်စာရင်းစစ်ရန် စစ်ကောင်စီက ညွှန်ကြားထားသည်။
Myanmar Now က ရရှိထားသည့် ရန်ကုန်မြောက်ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၎င်းလက်အောက်ရှိ မြို့နယ်ရုံးများကို ဇူလိုင် ၂ ရက်စွဲဖြင့် ပေးပို့သည့် စာတွင် ယင်းသို့ ညွှန်ကြားထားခြင်းဖြစ်သည်။
ကွန်ဒိုအဆောက်အအုံတို့တွင် ရပ်နားထားသော မော်တော်ယာဉ်များကိုလည်း ညအချိန်စစ်ဆေးရန် ထည့်သွင်းညွှန်ကြားထားသည်ကိုလည်း တွေ့ရပြီး စာပါကိစ္စရပ်များ စစ်ဆေးဆောင်ရွက်မှု၊ အကျိုးအမြတ်ရရှိမှုတို့ကို လစဉ် ၈ ရက်နေ့အရောက် အထက်ဌာနသို့ တင်ပြရန်အမိန့်ပေးထားသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးလျှင်ပြီးချင်း၌ပင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးဥပဒေကို ပြန်လည်ပြင်ဆင်၍ ဧည့်စာရင်းစစ်ဆေးနိုင်မည့် ပုဒ်မများကို ထည့်၍ စစ်ကောင်စီက တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေခြင်းဖြစ်သည်။
သို့သော် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ၎င်းတို့၏ ရုံးများ ပစ်မှတ်ထားတိုက်ခိုက်ခံရသည့် ဧပြီနှောင်းပိုင်းမှစ၍ ဧည့်စာရင်းစစ်ဆေးမှုအရှိန်လျော့နည်းသွားမှုကို ယခုကဲ့သို့ ညွှန်ကြားစာများဖြင့် တစ်ဖန်ပြန်လည်မြှင့်တင်ရန် ကြိုးပမ်းခြင်းဖြစ်နိုင်သည်ဟု ပြည်သူအချို့က သုံးသပ်သည်။
“အာဏာသိမ်းပြီး ဆန္ဒပြပွဲတွေ အုန်းအုန်းကျွက်ကျွက်ပေါ်တဲ့အချိန်တုန်းက သူတို့က အပြင်းအထန် အိမ်တွေထဲထိ လိုက်လံနှိမ်နင်းသလို ညကျရင်လည်း အချိန်မတော် ဧည့်စာရင်းဆိုပြီး လာလာဖမ်းတာတွေ ပြီးခဲ့တဲ့ တစ်လလုံးလိုလို ငြိမ်နေတာဗျ”ဟု ရန်ကုန်၊ ယုဇနဥယျဉ်မြို့တော်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
အထက်ပါ ညွှန်ကြားချက်မထုတ်ပြန်မီ ဇွန် ၁၂ကလည်း ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများပါမကျန် ဧည့်စာရင်းတိုင်ရန် စစ်ကောင်စီက တစ်နိုင်ငံလုံးတွင် ညွှန်ကြားထားပြီးဖြစ်သည်။
ထို့အတူ ကိုဗစ်နိုင်တင်းကပ်ရောဂါတတိယလှိုင်း ဆိုးရွားပြင်းထန်နေချိန်တွင် ယင်းကိုအခွင့်ကောင်းယူ၍ ဧည့်စာရင်းနှင့် ရောချကာ နိုင်ငံသားတို့၏ ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ချုပ်ချယ်ရန် ကြိုးပမ်းလာနေသည်ဟု ပြည်သူအချို့က ပြောသည်။
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် နေထိုင်သူတစ်ဦး၏ အဆိုအရ ယနေ့(ဇူလိုင်၈) နံနက် ၈နာရီခန့်တွင် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့မှ ကိုဗစ်နိုင်တင်းကာလ၌ မြို့နယ်အတွင်း သွားလာခွင့်ကတ်ပြား လာရောက်ပြုလုပ်ရန်၊ ဧည့်စာရင်းပါ တစ်ပါတည်းတိုင်ရန် တစ်အိမ်တက်ဆင်း လိုက်လံနှိုးဆော်နေသည်ဟု သိရသည်။
“ဧည့်စာရင်းကလည်း ဘာမှမသိသေးပါဘူး။ ညပိုင်းတုန်းကတော့ ကျွန်တော်တို့ဘက် ဧည့်စာရင်းစစ်တာတော့ မရှိဘူး။ ခါတိုင်းညတွေလို စစ်သားတွေစုရုံး၊ စုရုံး သွားလာနေတာမျိုးတော့ ရှိတယ်”ဟု ၎င်းက ပြောသည်။
ရန်ကုန်ဒေသခံတို့ကမူ ဧည့်စာရင်းကိစ္စ ထပ်မံတင်းကျပ်မည့် စစ်ကောင်စီ၏ အစီအစဉ်သည် ရပ်ကွက်အများအပြားတွင် သက်ရောက်မှုရှိပုံမရသေးဟု သုံးသပ်သည်။
“လာမစစ်ဘူး။ တိုင်လည်းမတိုင်ဘူး။ တချို့ သူတို့သတင်းအနံ့ရတဲ့ အိမ်တော့ ဝင်စစ်တာရှိတယ်။ မတိုင်လို့လည်း ဘာမှဖြစ်တာမရှိသေးဘူး”ဟု သာကေတမြို့နယ်အတွင်း အိမ်ခန်းတွဲများငှားရမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းအတွင်း စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် လှိုင်သာယာမြို့နယ်အတွင်း၌မူ အာဏာသိမ်းပြီးချိန်နောက်ပိုင်းမှစ၍ ဧည့်စာရင်းစစ်ခံရသည့်ကိစ္စ လျော့ပါးမသွားသေးဟု ဒေသခံအချို့က ပြောသည်။
“အဆောင်တွေကို အဓိက စစ်တာတွေ့တယ်။ ဒီမှာက နယ်မှာ အလုပ်လာလုပ်တဲ့ ကလေးတွေများတော့ အများစုက ဧည့်စာရင်းတိုင်နေရတယ်”ဟု လှိုင်သာယာမြို့ခံတစ်ဦးက ပြောသည်။
ဧည့်စာရင်းအကြောင်းပြ၍ ၎င်းတို့အလိုရှိသူကို ဝင်ရောက်ရှာဖွေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အတွက်မူ ဧည့်စာရင်းစစ်ခြင်းသည် ဝင်ငွေကောင်းသည့် လုပ်ငန်းဖြစ်နေတတ်သည်ဟု ရန်ကုန်တွင်နေသူတချို့က ပြောသည်။
ရန်ကုန်မြို့၊ သမိုင်း (၁) ရပ်ကွက်သားတစ်ဦးကလည်း ဧည့်စာရင်းစစ်ချိန်တွင် စစ်ကောင်စီတပ်များ ငွေညှစ်တတ်သည်ဟု ဆိုသည်။
“ဒီမှာတော့ မကြာခဏ လာစစ်တာရှိတယ်၊ သူတို့ဖမ်းချင်တဲ့သူမဟုတ်ဘူးဆိုရင်တော့ ခံဝန်ထိုးခိုင်းတာ၊ ပိုက်ဆံယူပြီး ပြန်လွှတ်လိုက်တာမျိုးရှိတယ်” ဟု သူက ဆက်ပြောသည်။
ညအချိန် ဧည့်စာရင်းဝင်ရောက်စစ်ဆေးမှုသည် အများပြည်သူကို အနိုင်ကျင့်သည့် လုပ်ရပ်ဖြစ်ခြင်းကြောင့်ဟုဆိုကာ ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ(NLD) လက်ထက်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဥပဒေမှ ပယ်ဖျက်ထားပြီးဖြစ်သည်။
သို့သော်လည်း စစ်ဗိုလ်ချုပ်များ အာဏာသိမ်းပြီးပြီးချင်း ဧည့်စာရင်းစစ်ခွင့်ရရန် ဥပဒေပြင်လိုက်ကြသည်။
ဧည့်စာရင်းမတိုင်ပါက ထောင် ၇ရက်ချနိုင်သည့် ပုဒ်မနှင့် ၎င်းတို့အလိုရှိသလို နေအိမ်များသို့ ဝင်ရောက်စစ်ဆေးမည့်ကိစ္စများကို ဗိုလ်ချုပ်ကြီးများက ဥပဒေတွင် ပြန်လည်ထည့်သွင်းလိုက်ကာ ၎င်းတို့သည် ဥပဒေအတိုင်းလုပ်ဆောင်နေခြင်းဖြစ်သည်ဟု မကြာခဏ ပြောကြားလျက်ရှိသည်။