သတင်း

အသံတိတ်သပိတ်ကို ဖမ်းဆီး၊ ဆိုင်ချိပ်ပိတ်ခြင်းများဖြင့် စစ်ကောင်စီ တုံ့ပြန်

အာဏာသိမ်းမှု ၃ နှစ်ပြည့်သည့်နေ့ တိတ်ဆိတ်ငြိမ်သက်စွာနေကြမည့် အစီအစဉ်ကို စစ်ကောင်စီက အသည်းအသန် ဟန့်တားခဲ့ပြီး ယခင်သပိတ်များကဲ့သို့ပင် ခပ်ကြမ်းကြမ်း တုံ့ပြန်လိုက်သည်။

စစ်အာဏာသိမ်း ၃ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ရုံးချိန်အတွင်း အိမ်နှင့် လုပ်ငန်းခွင်ထဲတွင်သာ နေထိုင်သည့်နည်းဖြင့် စစ်ကောင်စီကို ဆန့်ကျင်ရန် နိုင်ငံအနှံ့ စီစဉ်ထားကြရာ စစ်ကောင်စီကလည်း ထိုလှုပ်ရှားမှုတွင် ပါဝင်အားပေးသည်ဟု ယူဆရသူများကို ဖမ်းဆီး၊ နှိပ်ကွပ်နေသည်။

မန္တလေး၊ မဟာအောင်မြေမြို့နယ် ကျောက်မျက်ရောင်းဝယ်ရေးစခန်းရှိ ဆိုင်များ မဖွင့်ဘဲ အသံတိတ်သပိတ်ဆင်နွှဲနေကြောင်း “Tik Tok”စာမျက်နှာတွင် တင်သူ၏ဆိုင်ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပြီး ဆိုင်ခန်းအများအပြားကိုလည်း ဒဏ်ငွေရိုက်သည်ဟု သိရသည်။

စစ်ကောင်စီ ချိပ်ပိတ်လိုက်သည့် ဆိုင်မှာ “ထက်ရတနာက ကျောက်မျက်ရောင်းဝယ်ရေး” ဆိုင်ခန်း ဖြစ်သည်ဟု ကျောက်မျက်လုပ်ကိုင်သူတစ်ဦးက ပြောသည်။

“Tik Tok တင်လို့ အရှက်ရပြီး လာချိပ်ပိတ်တာ၊ ပိုင်ဆိုင်မှုတွေသိမ်းမယ် ထင်တယ်၊ ဆိုင်ခန်းရှေ့ မီးလုံးတွေပါ ဖြုတ်ယူသွားကြတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုအမျိုးသမီးက ဆိုသည်။

ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်ရှိသည့် ထိုကျောက်မျက်ဝိုင်းတွင် သပိတ်တွင် ပါဝင်သည်ဟု ယူဆရသည့် ဆိုင်ခန်းများကို ဒဏ်ငွေ ၇ သိန်းကျပ်စီ တောင်းကြောင်း၊ လမ်းဘေးဈေးဆိုင်များပါမချန် အရေးယူခဲ့ကြောင်း ထိုအမျိုးသမီးက ဆိုသည်။ 

ဆိုင်ခန်းပေါင်း မည်မျှ ဒဏ်ငွေအရိုက်ခံရသည်ကို မသိရသေးပေ။

“လမ်းဘေးဈေးသည်လေးတွေ၊ ကွမ်းယာခုံ၊ စားပွဲတွေတို့၊ သစ်သီးလှည်းတို့ပါ ပိတ်ထားတာ တွေ့ရင် စည်ပင်ကားတွေနဲ့ မတင်သွားတယ်၊ ရိုက်ချိုးခဲ့တာတွေ လုပ်တယ်။ ဒီနေ့မနက် ရပ်ကွက်ရုံးတွေမှာ ဆင့်ခေါ်ပြီး အရေးယူခံနေကြရတယ်၊ အကုန်ကို ပတ်ရမ်းတော့တာ” ဟု ထိုအမျိုးသမီးက ဖေဖော်ဝါရီ ၂ နေ့လယ်ပိုင်းတွင် ပြောသည်။

မည်သည့်အကြောင်းကြောင့် ပိတ်ခြင်းဖြစ်သည်ကို မေးမြန်းစုံစမ်းခြင်း မရှိဘဲ ထိုသို့ တုံ့ပြန်ခြင်း ဖြစ်သည်ဟု သိရသည်။

မနက်ပိုင်းတွင် မဟာအောင်မြေမြို့နယ် ၄၁ လမ်း၊ ၈၇ လမ်း သင်္ဂဇာချောင်းအနီး ကျောက်ဝိုင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားရောက်ရှိလာကာ ဆိုင်များဖွင့်ရန် ခြိမ်းခြောက်ခဲ့သည်၊ ညနေပိုင်းတွင် အရေးယူခဲ့သည်ဟု အသက် ၃၀ အရွယ် ကျောက်အရောင်းအဝယ်လုပ်ကိုင်သူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“စစ်သားအချို့ပါတယ်။ ရဲတွေ စည်ပင်တွေပါတယ်။ မနက်ပိုင်းမှာတော့ မဖွင့်လို့ ဆိုပြီး ဓာတ်ပုံတွေရိုက်တယ်၊ တချို့ကကြောက်ပြီး နေ့လယ်ပိုင်းမှာ ပြန်လာဖွင့်ကြတယ်။ ကျောက်ဝိုင်းလို လူစည်ကားတဲ့နေရာက တိတ်ဆိတ်နေတော့ ဒေါသပုန်တွေထပြီး အကုန်အရေးယူတော့တာ” ဟု ကျောက်အရောင်းအဝယ်သမားက ပြောသည်။

လူသူရှင်းနေသည့် မန္တလေးမြို့တွင်း တစ်နေရာကို ဖေဖော်ဝါရီလ ၁ ရက် နံနက်ပိုင်းက တွေ့ရစဉ်။

မန္တလေးတွင် ဖမ်းဆီးခံရမှုများ

မန္တလေးဒေသခံ ၃ ဦးထက်မနည်းကို အသံတိတ်သပိတ်တွင် ပါဝင်သည်ဟု စွပ်စွဲကာ ဖမ်းဆီးထားသည်ဟုလည်း သိရသည်။

အသက် ၂၀ ကျော်အရွယ် အဝတ်အထည်အရောင်းဆိုင်ဝန်ထမ်း ကိုကျော်ဇောလင်းကို လမ်း ၈၀၊ ၂၇ လမ်းအနီး ၎င်းလုပ်ကိုင်သည့်ဆိုင်တွင် ဖမ်းဆီးသွားသည်၊ မန္တလေးရှိ လူသူကင်းမဲ့နေသည့် လမ်းမကြီးများ၏ ဓာတ်ပုံများကို ဖော်ပြထားသည့်  Facebook Page တစ်ခုကို လူမှုကွန်ရက်တွင် မျှဝေခဲ့မှုဖြင့် ဖေဖော်ဝါရီ ၁ ညနေပိုင်းတွင် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။

ကျန်နှစ်ဦးမှာ အသက် ၁၇ နှစ်အရွယ် မန္တလေးမြို့ခံအမျိုးသမီးတစ်ဦး၊ မန္တလေးကြက်ခြေနီအသင်းမှ အသက် ၄၀ ကျော်အရွယ် ကိုကျော်စိုးဦးတို့ ဖြစ်သည်။

ကိုကျော်စိုးဦးသည် စာပေလောက၊ ပညာရေးလောကသားတစ်ဦးဖြစ်သည်ဟု သူနှင့် ရင်းနှီးသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ကိုကျော်စိုးဦးလည်း ဖမ်းခံရတယ်။ သူက အရင်တုန်းက အင်္ဂလိပ်စာဆရာ။ စာပေလောကနဲ့လည်း နီးစပ်တယ်။ အရင်က မန္တလေးသတင်းစာတွေမှာ စာတွေ၊ ကဗျာတွေ ရေးတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။

ထိုသူများကို အကြမ်းဖက်အားပေးမှုဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု စစ်တပ်ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင် ရေးသားနေကြသည်၊ အဖမ်းခံရပြီးနောက် ကြမ်းပြင်ပေါ်တွင် ဒူးထောက်၍ လက်ကို ဦးခေါင်းပေါ် တင်ထားသည့် ဓာတ်ပုံများကိုပါ ပူးတွဲဖော်ပြပြီး ရေးသားကြခြင်း ဖြစ်သည်။

မန္တလေးတွင် ယမန်နေ့က သပိတ်ပါဝင်ဆင်နွဲမှုဖြင့် ဖမ်းဆီးခံရသည့်အရေအတွက်မှာ များပြားနိုင်ပြီး ထိုသုံးဦးကိုသာ အတည်ပြုရရှိခဲ့သည်ဟု မန္တလေးတော်လှန်ရေးအဖွဲ့တို့က ဆိုကြသည်။

စစ်ကောင်စီ၏ တန်ပြန်လုပ်ရပ်

စစ်အာဏာသိမ်း ၃ နှစ်မြောက် နှစ်ပတ်လည်အဖြစ် အသံတိတ်သပိတ်ပြုလုပ်ရန် တက်ကြွလှုပ်ရှားသူများက ဆော်ဩခဲ့ကြရာ နိုင်ငံအနှံ့ မြို့ကြီးများတွင် ပြည်သူအများအပြားက သတ်မှတ်ချိန်အတွင်း လမ်းပေါ်မထွက်သည့်နည်းဖြင့် ပူးပေါင်း ပါဝင်ခဲ့သည်ကို အွန်လိုင်းစာမျက်နှာသို့ ဆက်တိုက် ရောက်လာသည့် ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရသည်။

ရန်ကုန်၊ မန္တလေးအပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့ရွာများတွင် ယခင်နေ့များနှင့်မတူဘဲ လူသူကင်းမဲ့နေပုံကို ဖော်ညွှန်းသော ပုံများ ဖြစ်သည်။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင်မူ လူစည်ကားရာနေရာများ၌ ပုံမှန်မပြတ် သွားလာလှုပ်ရှားမှု ရှိသည်ကို တွေ့ရသည်။

အသံတိတ်သပိတ်ကို တန်ပြန်ရန် စစ်ကောင်စီကလည်း အာဏာသိမ်းမှု ထောက်ခံသူများ၊ “အမျိုးသားရေး” လှုပ်ရှားသူများကို အသုံးချခဲ့သည်။

စစ်ကောင်စီကို ထောက်ခံသည်ဟုဆိုသော ရာနှင့်ချီသောသူများ ရန်ကုန်မြို့လယ်သို့  အလံထောင် ချီတက် ရောက်ရှိလာပြီး ဟောပြောပွဲများ ပြုလုပ်ကြသည်။ အတိတ်ကာလ စစ်တပ်၏ စစ်ပွဲအောင်မြင်မှုမှအစ အမျိုးဘာသာသာသနာစောင့်ရှောက်ရန်အထိ ဟောပြောသည့်နည်းဖြင့် အသံတိတ်သပိတ်အစီအစဉ်ကို တန်ပြန်ခဲ့ကြသည်။

လမ်းမများပေါ်တွင် လူသူကင်းရှင်းသည်အထိ အသံတိတ်နည်းဖြင့် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် သပိတ်မှောက်မှုကို ၂၀၂၁ တွင် ၂ ကြိမ်၊ အာဏာသိမ်း ၁ နှစ်ပြည့် ၂၀၂၂ ဖေဖော်ဝါရီ ၁ နှင့် အာဏာသိမ်း ၂ နှစ်ပြည့် ၂၀၂၃ ဖေဖော်ဝါရီ ၁ တို့တွင် ၁ ကြိမ်စီဖြင့် စုစုပေါင်း ၄ ကြိမ် ကျင်းပခဲ့ဖူးသည်။ ထိုစဉ်ကလည်း ပြည်သူအများအပြား၏ ပူးပေါင်းဆောင်ရွက်မှုကို တွေ့ခဲ့ရသလို စစ်ကောင်စီကလည်း သပိတ်တွင် ပါဝင်သည်ဟု ယူဆရသူများကို ဖမ်းဆီးထောင်ချခဲ့သည်။

(မှတ်ချက် – ယနေ့ ညနေပိုင်း ထပ်မံရရှိသော အချက်အလက်များကို ဤသတင်းတွင် ဆက်လက် ဖော်ပြပေးပါမည်။)

Show More

Related Articles

Back to top button