သတင်း

မဘသဥက္ကဋ္ဌကို မင်းဆရာအဖြစ် ချီးမြှောက်မှု သီတဂူလက်ခမောင်းခတ်

စစ်တပ်ကျောထောက်နောက်ခံ ဘာသာရေးအစွန်းရောက်အဖွဲ့ ဥက္ကဋ္ဌဖြစ်သော အင်းစိန်ရွာမဆရာတော် ဦးတိလောကသည် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ “မင်းဆရာ ဖြစ်လာ” ဟု သီတဂူဆရာတော် ဦးဉာဏိဿရက ချီးကျူးထောမနာပြုလိုက်သည်။ ​

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကို ဦးဆောင်ခဲ့သော ဦးတိလောကကို သာသနာတော်ဆိုင်ရာ အဆင့်မြင့်ဆုံးဘွဲ့ ချီးမြှင့်သည့် စစ်ကောင်စီသည် သဒ္ဓါပညာ အားကောင်းသည့် အစိုးရဖြစ်သည်ဟုလည်း ဦးဉာဏိဿရက ဂုဏ်တင်သည်။

နေပြည်တော်တွင် မတ် ၁၆ ရက်က ပြုလုပ်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆပ်ကပ်လှူဒါန်းပွဲတွင် စစ်ကောင်စီပေးသည့် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ရ သံဃာတော် ၉ ပါးအနက် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ဆရာတော် ဦးတိလောကာဘိဝံသလည်း အပါအဝင်ဖြစ်သည်။

ထိုဘွဲ့ရသည့် အထိမ်းအမှတ်နှင့် ဦးတိလောကာဘိဝံသ၏ သက်တော် ၈၃ နှစ်ပြည့် မွေးနေ့ပူဇော်ပွဲကို ရန်ကုန်မြို့ အင်းစိန်မြို့နယ်၊ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်တွင် မတ် ၂၀ ရက်က ကျင်းပစဉ် သီတဂူဆရာတော်က အထက်ပါအတိုင်း မိန့်ဆိုခြင်းဖြစ်သည်။ 

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်သို့ မတ် ၁၈ ရက်တွင် ကြွရောက်လာသည့် သီတဂူဆရာတော်ကို ဦးတင်ကြိုဆိုနေသည့် ဦးတိလောကာဘိဝံသ။ ဓာတ်ပုံ – အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်

ဦးတိလောကသည် ၂၀၁၀ နှင့် ၂၀၁၅ အကြား ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်လက်ထက်တွင် စစ်တပ်၏ ကျောထောက်နောက်ခံအားပေးမှုဖြင့် လူမျိုးရေးဘာသာရေးအစွန်းရောက်အဖွဲ့ မဘသအဖွဲ့ကို နိုင်ငံအနှံ့ ဖွဲ့စည်းလှုပ်ရှားခဲ့သူဖြစ်သည်။ 

ထို့ပြင် ဦးသိန်းစိန်အစိုးရနှင့် ပူးပေါင်းကာ အငြင်းပွားဖွယ် မျိုးစောင့်ဥပဒေများပြဋ္ဌာန်းအတည်ပြုသည့် ဖြစ်စဉ်တွင်လည်း အခရာကျခဲ့သူဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ မဘသထုတ်ဝေသောစာစောင်များတွင် ဦးတိလောကသည် မျိုးစောင့်ဥပဒေပြဋ္ဌာန်းပေးသော ကြံ့ခိုင်ရေးအစိုးရကို ပြည်သူများက “ကျေးဇူးသိတတ်” ရမည်ဟု ရေးသားခြင်း၊ ထိုစဉ်က အတိုက်အခံခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာပါက အမျိုးဘာသာ သာသနာ ပျက်စီးတော့မည်ဖြစ်ကြောင်း လက်ကမ်းစာစောင်များ ရေးသား ဝေငှကာ ကြံ့ခိုင်ရေးပါတီကို မဲဆွယ်ပေးခဲ့ဖူးသည်။​

သို့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဦးဆောင်သော အစိုးရလက်ထက်တွင် မဘသဖျက်သိမ်းခံရကာ ဦးတိလောကသည်လည်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။

ယခင်အစိုးရလက်ထက်တွင် “ဆရာတင်ဖို့ ဝေးရော၊ လေးဖက်လေးတန်က အကျပ်အမျိုးမျိုး အကိုင်ခံရတဲ့ ဆရာတော်၊ ဒီကနေ့မှ တိုင်းပြည်ရဲ့ ဆရာဖြစ်တာ…သဒ္ဓါပညာကောင်းတဲ့ မင်းတို့ရဲ့ခေတ်မှာ တိုင်းပြည်ရဲ့ဆရာဖြစ်လာတယ်။ ဒါဟာ အထူးဝမ်းမြောက်ဂုဏ်ယူစရာကောင်းတဲ့ နေ့ထူးတစ်နေ့” ဟု အရှင်ဉာဏိဿရက မိန့်ကြားသည်။ 

သီတဂူဆရာတော်၏ ထိုဟောပြောချက်ကို Facebook လူမှုကွန်ရက်တွင်လည်း တိုက်ရိုက်လွှင့်တင်ထားသည်။

“နေလိုလလိုဖြစ်သော” ဦးတိလောကာဘိဝံသမှာ ပြီးခဲ့သည့် အစိုးရလက်ထက်တွင် တိမ်တိုက်များ ဖုံးအုပ်ခံခဲ့ရသော်လည်း ယခုအခါ ထွန်းတောက်လာပြီဟု သီတဂူဆရာတော်က မှတ်ချက်ပြုသည်ကို ထိုရုပ်သံ၌ တွေ့ရသည်။

ထိုသို့ မှတ်ချက်ပြုသည့် သီတဂူဆရာတော်မှာ ၂၀၁၇ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဆပ်ကပ်သည့် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ကို လက်ခံခဲ့ဖူးသည်။ 

 အရှင်ဉာဏိဿရကို ၂၀၁၇ တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နေပြည်တော်၌ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ ဆပ်ကပ်ခဲ့စဉ်။ ဓာတ်ပုံ- ပေးပို့

အရှင်ဉာဏိဿရမှာ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်မှစ၍ ယနေ့တိုင် လာဘ်လာဘမျှော်ကိုး၊ သာယာယိမ်းတတ်သူဟု နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက်အဖွဲ့မှ ဆရာတော် ဦးဝါယမက မှတ်ချက်ပြုသည်။

“အမျိုးမျိုး နေရာရဖို့ သူ(အရှင်ဉာဏိဿရ) လုပ်ခဲ့တယ်လို့ပဲ ဦးဇင်းယုံကြည်တယ်” ဟု ရဟန်းဝါ ၂၂ ရှိ ထိုဆရာတော်က မိန့်သည်။

သီတဂူဆရာတော်မှာ စစ်တပ်ကို အာဏာသိမ်းရန် အခါတော်ပေးသူများအနက် တစ်ဦးဟု သတင်းထွက်ဖူးသည့်ပြင် အာဏာသိမ်းပြီးနောက် ဘာသာရေးအခမ်းအနားအချို့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပူးတွဲတွဲ တွေ့ရလေ့ရှိသည်။

“ဘုတ်ကျီးမြှောက်၊ ကျီးဘုတ်မြှောက်နဲ့ မြှောက်ပင့်စားသောက်နေတာ” ဟု ဦးဝါယမက မိန့်သည်။

စစ်ကောင်စီလက်ထက်တွင် မဘသအဖွဲ့ တရားဝင်ခေါင်းထောင်လာခြင်း မရှိသေးသော်လည်း စစ်ကိုင်းတိုင်းရှိ ပြည်သူတို့၏ အသက်၊ အိုးအိမ်ကို စစ်တပ်နှင့် ပေါင်းကာ ရန်ရှာနေသည့် ပျူစောထီးမှာ ထိုအဖွဲ့ကို အခြေခံသည့်သဘော တွေ့ရကြောင်း ထိုဆရာတော်က မှတ်ချက်ပြုသည်။

“ပြည်သူလူထုအနေနဲ့ ရှိသမျှ မဘသတွေ အကုန်သတိထားရမယ်” ဟု ဦးဝါယမက မိန့်သည်။

NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ် မေလ ၂၃ ရက်တွင် မဘသကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) က တရားမဝင်အဖွဲ့အစည်းဖြစ်ကြောင်း ဆုံးဖြတ်၍ ဖျက်သိမ်းသည်။

ထို့နောက် NLD ထံမှ စစ်တပ်က အာဏာမသိမ်းမီ နှစ်နှစ်ဝန်းကျင်အလိုတွင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို) အဖြစ် ဦးတိလောကာဘိဝံသက ဥက္ကဋ္ဌတာဝန်ယူ၍ ဖွဲ့စည်းပြန်ရာ ဥပဒေအရ အရေးယူမှုရှိလာလျှင် ကြားဝင်ဖြေရှင်းပေးမည်မဟုတ်ဟု မဟနက ၂၀၁၉ တွင် ထုတ်ဖော်ပြောဆိုခဲ့ရသည်။

မဘသဥက္ကဋ္ဌဟောင်း အင်းစိန်ရွာမဆရာတော်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၁ ဒီဇင်ဘာ ၂၃ ရက်က သွားရောက်လှူဒါန်းခဲ့စဉ်။ (ဓာတ်ပုံ – စစ်ကောင်စီ) 

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်တွင် မဘသဥက္ကဋ္ဌဟောင်း အင်းစိန်ရွာမဆရာတော်ထံ စစ်ခေါင်းဆောင်ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့သလို၊ ထိုအဖွဲ့ဖျက်သိမ်းခံရမှုကို မကျေနပ်သည့်အကြောင်းပင် မိန့်ခွန်းတစ်ခု၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့သည်။

ထို့အတူ မဘသအဖွဲ့ဖျက်သိမ်းချိန်၊ NLD အစိုးရလက်ထက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးတာဝန်ယူခဲ့သူ အသက် ၇၅ နှစ်အရွယ် သူရဘွဲ့ရ အငြိမ်းစားဗိုလ်မှူးချုပ် ဦးအောင်ကိုကို အာဏာသိမ်းသည့်နေ့ကတည်းက စစ်တပ်က ဖမ်းပြီး အဂတိမှုများဖြင့် စွပ်စွဲ၍ ထောင် ၁၂ နှစ်ချထားသည်။

မဘသကို အမျိုးဘာသာ သာသနာရေးအတွက် အားကိုးရာအဖြစ် စစ်တပ်နှင့် အပေါင်းအပါများက ရည်ညွှန်းလေ့ရှိပြီး ထိုအဖွဲ့ကို ဖျက်ခဲ့သည့် NLD အစိုးရလက်ထက်တွင် ဗုဒ္ဓဘာသာ မှေးမှိန်ခဲ့သယောင် ပြောဆိုလေ့ရှိသည်။

မန္တလေးမှ ထင်ရှားသည့် မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသာဘိဝံသကမူ ဘာသာရေးကို နိုင်ငံရေးတွင် အသုံးချသည့် လုပ်ရပ်သာဖြစ်သည်ဟု Myanmar Now ကို မိန့်ထားသည်။

အာဏာသိမ်းမှုကို ဆန့်ကျင်လျှင် ရဟန်းသံဃာပါမချန် ဖမ်းဆီးနှိပ်စက်ခံနေရသည့် မန္တလေးမြို့တွင် သီတင်းသုံးသည့် ထိုဆရာတော်မှာ အာဏာသိမ်းပြီးပြီးချင်း စစ်တပ်က ဖမ်းဆီးသူများအနက် တစ်ဦးဖြစ်ပြီး ၂၀၂၁ ဩဂုတ်လတွင်မှ ပြန်လွတ်သည်။

“စစ်အာဏာရှင်လို့ ခေါ်ချင်လည်းခေါ်ပေါ့။ အဲဒီ မကောင်းတဲ့ နိုင်ငံရေးစနစ်ဟာ အကုန်လုံးကို ဖျက်ဆီးပစ်လိမ့်မယ်လို့ ဘုန်းကြီးမြင်ထားတယ်” ဟု အရှင်အရိယာဝံသာဘိဝံသက မှတ်ချက်ပြုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button