သတင်း

သီတဂူဆရာတော်၏ စစ်တပ်ကို ခွင့်လွှတ်ရန် ပြောကြားချက်ကို ဝေဖန်သူများကို စစ်တပ်လိုက်လံဖမ်းဆီး

စစ်တပ်ကို ခွင့်လွှတ်ရန် ပြောသည့် သီတဂူဆရာတော် အရှင်ဉာဏိဿရကို ဝေဖန်သည်ဆိုကာ မန္တလေးမြို့မှ နိဗ္ဗာန်ကုန်ဆိုင်တစ်ဆိုင် ချိပ်ပိတ်ခံလိုက်ရသည်။

စစ်တပ်ကို ခွင့်လွှတ်ရန် ပြောသည့် သီတဂူဆရာတော် အရှင်ဉာဏိဿရကို ဝေဖန်သည်ဆိုကာ မန္တလေးမြို့မှ နိဗ္ဗာန်ကုန်ဆိုင်တစ်ဆိုင် ချိပ်ပိတ်ခံရသည်ဟု စုံစမ်းသိရသည်။

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ၄၅ လမ်း ၈၂ လမ်း ၈၃ လမ်းကြား မဟာမုနိဘုရားကြီးအနီးရှိ မန်းရွှေခေတ် နိဗ္ဗာန်ကုန်ဆိုင်ကို ယမန်နေ့ ဇွန် ၂၃ နေ့ နေ့လယ်ပိုင်းက အရပ်ဝတ် စစ်ကောင်စီလက်အောက်ခံများ အိမ်စီးကားများဖြင့် လာရောက်ပြီး ဆိုင်ကို ချိပ်ပိတ်သွားခြင်းဖြစ်သည်။

ပဲခူးမြို့ ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော် စစ်တပ်က ပစ်သတ်ခဲ့သည်ကို အရှင်ဉာဏိဿရက သည်းခံခွင့်လွှတ်ပေးရန် သံဃာများကို မိန့်ကြားမှုခဲ့ရာ လူမှုကွန်ရက်တွင် ဝေဖန်မှုများ ပျံ့နှံ့လာခဲ့သည်။

စစ်ကောင်စီကို ထောက်ခံသည့် တယ်လီဂရမ်စာမျက်နှာများက မင်းရွှေခေတ်ဟူသည့် အမျိုးသားတစ်ဦးက “ငယ်ငယ်ကတည်းက ငွေမက်လို့ မကြိုက်ခဲ့တဲ ဘုန်းဘုန်း”ဟု ရေးသားထားသည့် မှတ်ချက်ကို ဖော်ပြကာ သီတဂူဆရာတော်ကိုရည်ရွယ်ချက်ရှိရှိ စော်ကားသည့် နိဗ္ဗာန်ကုန်ရောင်းသူဟု ဆိုကာ ဖမ်းဆီးရန် လှုံ့ဆော်ခဲ့ကြသည်။

ယင်းနောက် နာရီပိုင်းအကြာတွင် ထိုဆိုင်ကို လာရောက်ကာ ချိပ်ပိတ်သွားခြင်းဖြစ်သည်။

“သတင်းဌာနတစ်ခုအောက်မှာ ကွန်မန့်ရေးတာ။ အဲဒီကနေ သူ့ဖေ့ဘုတ်အကောင့်ကို ခြေရာခံပြီး လာဖမ်းတာလို့ ကြားတယ်။ လူကတော့ ဆိုင်မှာမရှိလို့ ဆိုင်ကို ချိပ်ပိတ်သွားတယ်” ဟု မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ချိပ်ပိတ်ခံလိုက်ရသည့် နိဗ္ဗာန်ကုန်ဆိုင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ − ပေးပို့)

နေပြည်တော်နေ ဗုဗ္ဗသိရိမြို့နယ်နေ “အမေရွာပြန်ချင်တယ်” FB Account ပိုင်ရှင်ကလည်း “ဂူဂူရေ ကိုယ့်အလှည့်ကျမှ နောင်တမရပါစေနဲ့၊ ဘုန်းကြီးဖြစ်နေပြီး အမှားအမှန် မခွဲခြားတတ်၊ ငွေမျက်နှာပဲ ကြည့်ပြီး ဒကာဆရာဖြစ်နေတဲ့ ငပုလက်ကိုင်တုတ် ဖြစ်နေပြီ” ဟု ရေးသားရာ ထိုသူ့လိပ်စာဖော်ပြ၍ ဖမ်းရန် ဟန်ငြိမ်းဦးက လှုံ့ဆော်ခဲ့သည်။

ထို့နောက် မကြာမီ စစ်ကောင်စီလက်အောက်ခံများ ရောက်ရှိ စစ်ဆေးခဲ့သည်ဟု ဗုဗ္ဗသိရိမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

“ရဲတွေ ရပ်ကွက်ထဲတော့ အဲဒီအိမ်ကို လာသွားတယ်၊ ဟန်ငြိမ်းဦးမှ တက်ပြီးမကြာဘူး၊ သူတို့က ငါးခြောက်ရောင်းတာ၊ လူဖမ်းမိလားတော့ သေချာမသိဘူး”

ဇွန် ၁၉ရက်နေ့တွင် စစ်ကောင်စီ လက်နက်ကိုင်တို့က ဆရာတော်စီးနင်းလာသည့် ကားကို ငါန်းဇွန်မြို့နယ် မြို့သာရွာနှင့် ပန်းချီကမ္မရွာကြားတွင် စစ်တပ်က ပစ်ခတ်ရာ မော်တော်ယာဉ်ပေါ်မှ ဝင်းနိမ္မတာရုံဆရာတော် ပျံလွန်သွားသည်။

ထိုကားပေါ်တွင် လိုက်ပါလာသည် ကံသုံးဆင့်ဆရာတော်နှင့် ယာဉ်မောင်းအမျိုးသားတို့လည်း ဒဏ်ရာရခဲ့သည်။

ယင်းဖြစ်စဉ် ဖြစ်ရပ်မှန်ပေါ်ပေါက်စေရန် အဆင့်မြင့်အရာရှိများ ပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် ဖော်ထုတ်သွားမည်ဟု စစ်ကောင်စီက ဆိုသည်။

ဆရာတော်များ လိုက်ပါလာသည့် မော်တော်ယာဉ်ကို ကျောက်ဆည်အခြေစိုက်စစ်တပ်နှင့် ငါန်းဇွန်အခြေစိုက် ပြည်သူ့စစ်အဖွဲ့ခေါ် ပျူစောထီးအဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပေါက်ကြားလာသည့် စစ်ကောင်စီတပ်၏ ထောက်လှမ်းရေးအစီရင်ခံစာများအရ သိရသည်။

ထိုသတ်ဖြတ်မှုနှင့် ပတ်သက်၍ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိသူ အရှင်ဉာဏိဿရက “သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေ့ပျောက်ခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်တော်မူကြပါ” ဟု ဇွန် ၂၂ရက်က ဝင်းနိမ္မတာရုံကျောင်းတိုက်ရှိ သံဃာတော်များကို စည်းရုံးဟောပြောခဲ့သည်။

Show More

Related Articles

Back to top button