အမျိုးသားရေးသမားများဟု အမည်ပြောင်းထားသည့် ‘မဘသ’ များသည် တကျော့ပြန် ရိုဟင်ဂျာမုန်းတီးရေး လှုပ်ရှားရန်အတွက် လာမည့် အင်္ဂါနေ့ (ဇန်နဝါရီလ ၂၇ ရက်)တွင် ရန်ကုန်မြို့လယ်၊ မြို့တော်ခန်းမရှေ့တွင် စုဝေးဟောပြောရန် ပြင်ဆင်နေသည်။
၎င်းတို့သည် ရွှေတိဂုံစေတီ အရှေ့ဘက်မုခ် ကြေးသွန်းဘုရားရှေ့၌ မွန်းလွဲ (၂) နာရီတွင် စတင်စုဝေးကြမည်ဖြစ်ပြီး၊ ထိုမှတဆင့် ဦးထောင်ဘိုအဝိုင်းသို့ဖြတ်ကာ ရန်ကုန်မြို့လယ်ခေါင်သို့ချီတက်ကြရန် ပြီးခဲ့သည့် တနင်္ဂနွေနေ့ (ဇန်နဝါရီလ ၁၈ ရက်) နေ့က ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် သဘောတူခဲ့ကြခြင်းဖြစ်သည်။
ရန်ကုန်မြို့လယ်စုဝေးပွဲကို ‘ICJ ရောက် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဂုဏ်ပြုထောက်ခံပွဲ’ ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး မွတ်ဆလင်မုန်းတီးရေးလှုပ်ရှားမှုများကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားသည့် မဘသခေါင်းဆောင် ဦးဝီရသူ လာသင့်မလာသင့်ကိုလည်း အဖွဲ့အတွင်းဆွေးနွေးနေသည်ဟု ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှ မဘသဟောင်း တစ်ဦးက ပြောသည်။
“ဆရာတော် (ဦးဝီရသူ) ထွက်လာဖို့ စောသေးတယ်လို့ ပြောကြတဲ့သူတွေလည်းရှိတယ်။ နောက်ပွဲတွေမှ ဆရာတော်ကို ပင့်မယ်ထင်တယ်။ ဦးပါမောက္ခ ကိုကြတော့ (ပွဲဆီ)အလာမခံချင်တဲ့သူများတယ်” ဟု၎င်းကဆိုသည်။

မကွေးဆရာတော်ဟု လူသိများသည့် ဦးပါမောက္ခသည်လည်း ဦးဝီရသူနည်းတူ မဘသ ခေါင်းဆောင်ဘုန်းတော်ကြီးဖြစ်သည်။ ဦးပါမောက္ခသည် ၂၀၁၆ ခုနှစ်အတွင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးရှေ့တွင် ရိုဟင်ဂျာဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ဦးဆောင်ခဲ့သူဖြစ်ပြီး ယင်းဆန္ဒပြပွဲကို ခွင့်ပြုချက်မဲ့ပြုလုပ်မှုဖြင့် ၂၀၁၈ ခုနှစ်တွင် ထောင်သုံးလကျခံခဲ့ရသည်။
“(ဒီပွဲကို) သွားမယ် မသွားမယ် အတိအကျတော့ မပြောနိုင်သေးဘူးပေါ့နော်” ဟု ဦးပါမောက္ခကဆိုသည်။
ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်မှု စွပ်စွဲချက်များနှင့် ပတ်သက်၍ နယ်သာလန်နိုင်ငံ သည်ဟိတ်ခ်မြို့၊ (International Court of Justice) နိုင်ငံတကာတရားမျှတမှုခုံရုံး၌ ကြားနာပွဲတွင် မြန်မာစစ်တပ်ကိုယ်စား စစ်တပ်အရာရှိဟောင်း ဦးကိုကိုလှိုင် တက်ရောက်နေ သည်။ ၎င်းပြန်လာချိန်တွင် ရန်ကုန်မြို့၌ လူစုလူဝေးပြုလုပ်၍ ထောက်ခံပွဲပြုလုပ်ရန် စစ်တပ်သြဇာခံ အမျိုးသားရေးအမည်ခံများက လှုပ်ရှားလာခြင်းဖြစ်သည်။
လာမည့်သီတင်းပတ်တွင်ကျင်းပမည့် ရန်ကုန်မြို့လယ်စုဝေးပွဲကို စစ်တပ် ထောက်ခံရေးသမား ဦးဝင်းကိုကိုလတ်၊ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) ဥက္ကဋ္ဌ ဦးဉာဏဓမ္မနှင့် အတွင်းရေးမှူး ဦးသုစိတ္တတို့ ဦးဆောင်ကြမည်ဖြစ်သည်။
၎င်းတို့သုံးဦးစလုံးသည် လွန်ခဲ့သည့်ဆယ်နှစ်က ဦးပါမောက္ခနှင့်အတူ အမေရိကန်သံရုံးရှေ့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူများဖြစ်သော်လည်း ဦးပါမောက္ခကို တကျော့ပြန် ရိုဟင်ဂျာ မုန်းတီးရေး လှုပ်ရှားမှုတွင် ချန်လှပ်ထားလိုကြသည်ဟု Myanmar Now က စကားပြောခွင့် ရခဲ့သည့် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှ မဘသဟောင်း က ဆိုသည်။
ဦးဝင်းကိုကိုလတ်၊ ဦးဉာဏဓမ္မနှင့် ဦးသုစိတ္တတို့သည် ၂၀၁၇ ခုနှစ် အတွင်းကရန်ကုန်မြို့၊ သာကေတမြို့နယ်အတွင်းမှ အစ္စလာမ်စာသင်ကျောင်းများကိုပိတ်ပင်ရန်လှုပ်ရှားမှု၊ ၂၀၂၄ ဖေဖော်ဝါရီ ၁ ရက် အသံတိတ်သပိတ်ကို တန်ပြန် ဆန္ဒပြပွဲ စသည်တို့ကို ဦးဆောင် ခဲ့ကြသူများလည်းဖြစ်ကြသည်။

ကြံ့ခိုင်ရေး၏ မဟာမိတ်မဘသများ
ရန်ကုန်မြို့လယ်စုဝေးပွဲကို ဦးဆောင်မည့် ဦးဝင်းကိုကိုလတ်၊ ဦးဉာဏဓမ္မနှင့် ဦးသုစိတ္တတို့သည် ‘ကြံ့ခိုင်ရေး’ ဟုခေါ်သည့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မဟာမိတ်များဖြစ်ကြ သည်။ ၎င်းတို့သုံးဦးစလုံးသည် ကြံ့ခိုင်ရေး ပါတီခေါင်းဆောင် စစ်ဗိုလ်ချုပ်နှင့် ရဲချုပ်ဟောင်း ဦးခင်ရီနှင့် ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက ရန်ကုန်မြို့ရှိ ကြံ့ခိုင်ရေးရုံးတွင် တွေ့ဆုံခဲ့ကြ သည်။
‘အမျိုးသားရေးအင်အားစုများ’ ဟုကြံ့ခိုင်ရေးပါတီဘက်က ရည်ညွှန်းသည့်၎င်းတို့သည် NLD အစိုးရလက်ထက်တွင် စစ်တပ်ထောက်ခံပွဲများ၊ ရိုဟင်ဂျာနှင့် မွတ်ဆလင်မုန်းတီးရေး လှုပ်ရှားမှုများ မကြာခဏပြုလုပ်ခဲ့ကြသူများဖြစ်ပြီး ယင်းလှုပ်ရှားမှုများကို ဦးခင်ရီက နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည်။
ဦးသိန်းစိန်အစိုးရအဖွဲ့တွင် သမ္မတရုံးဝန်ကြီးဟောင်းအဖြစ် တာဝန်ယူဖူးသော ရေတပ်ဦးစီးချုပ်ဟောင်း ဦးစိုးသိမ်း ရေးသားသည့် ဒီမိုကရေစီ ဒုတိယအစိုးရသစ်နှင့် မြန်မာနိုင်ငံ (ဒုတိယတွဲ) စာအုပ်တွင် အာဏာမသိမ်းမီက ၁၁ ပွဲ၊ အာဏာသိမ်းပြီးနောက် ၁၁ ပွဲ တပ်ထောက်ခံပွဲ စုစုပေါင်း ၂၂ ပွဲကို ဦးခင်ရီ စီစဉ်သည်ဟု အသေးစိတ် ရေးသားထားသည်။
အသွင်ပြောင်းမဘသများနည်းတူ ကြံ့ခိုင်ရေးပါတီကလည်း ပြီးခဲ့သည့်အင်္ဂါနေ့ (ဇန်နဝါရီလ ၂၀ ရက်) က ICJ ရောက် စစ်ကော်မရှင် ကိုယ်စားလှယ်များကို ထောက်ခံကြောင်း ကြေညာချက် ထုတ်ခဲ့သည်။

လမ်းဟောင်းလျှောက်ကြမည့် မဘသများ
ရွှေတိဂုံစေတီ အရှေ့ဘက်မုခ် ကြေးသွန်းဘုရားရှေ့မှ ဦးထောင်ဘိုအဝိုင်းကိုဖြတ်ကာ ဆူးလေဘုရားလမ်းမမှတဆင့် မြို့တော်ခန်းမရှေ့သို့ လမ်းလျှောက်ချိန်သည် တစ်နာရီနီးပါးကြာသည်။
ထိုလမ်းကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အာဏာရနေချိန်၊ ပြီးခဲ့သည့်နှစ်များအတွင်းက အမျိုးသားရေးသမားအမည်ခံ စစ်တပ်ထောက်ခံသူများ အကြိမ်ကြိမ်ချီတက်ခဲ့ကြသည်။
၎င်းတို့လှုပ်ရှားမှုများက စစ်တပ်၏မူဝါဒများနှင့်ထပ်တူကျပြီးNLD အစိုးရပြုတ်ကျရေး၊ စစ်တပ်နှင့် စစ်ဗိုလ်ချုပ်များ၏ ကြံ့ခိုင်ရေးပါတီ အာဏာပြန်ရရေး၊ မွတ်ဆလင်နှင့် ရိုဟင်ဂျာ မုန်းတီးရေး၊ အမေရိကန်နှင့် အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)ကို ဆန့်ကျင်ရေးတို့ဖြစ်သည်။

စစ်တပ်ကကျောထောက်နောက်ခံပေးထားသည့် အသွင်ပြောင်းမဘသများ ရန်ကုန်မြို့တော်ခန်းမရှေ့ နောက်ဆုံးစုဝေးခဲ့ကြသည်က ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင်ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေးအရှိန်ကောင်းနေသည့် ယင်းအချိန်တွင် အသွင်ပြောင်းမဘသများကို စစ်တပ်က တရုတ်ဆန့်ကျင်ရေးအတွက် ဆန္ဒပြခိုင်းခဲ့သည်။
ရန်ကုန်မြို့လယ်နှင့် နေပြည်တော်၌ သာမက ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့တွင်ပါ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါ်တင်တင်ပြုလုပ်ခဲ့ကြသည့် မဘသများ၏ လှုပ်ရှားမှုကို တရုတ်သံရုံးက စစ်တပ်ထံ ကန့်ကွက်ခဲ့ ပြီးနောက် ရပ်တန့်သွားခဲ့သည်။
‘ICJ ရောက် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဂုဏ်ပြုထောက်ခံပွဲ’ ဟုခေါင်းစဉ်တပ်ထားသည့် လာမည့်သီတင်းပတ်အတွင်း ကျင်းပမည့် ရန်ကုန်မြို့လယ် ရိုဟင်ဂျာဆန့်ကျင်ရေး လှုပ်ရှားပွဲအပြီးတွင် စစ်တပ်ထိန်းချုပ်ထားသည့် မြို့များတွင် အလားတူပွဲများ ကျင်းပရန် မဘသများက မျှော်လင့်နေသည်ဟု Myanmar Now ၏ သတင်းအရင်းအမြစ်ကဆိုသည်။
အစွန်းရောက်အမျိုးသားရေးဝါဒီများဟု ကမ္ဘာကျော်ကြားသူများဖြင့် ဖွဲ့စည်းထားသည့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ က ၂၀၁၇ ခုနှစ်တွင် ဖျက်သိမ်းရန် ညွှန်ကြားခဲ့သော်လည်း မဘသ တို့၏ မွတ်ဆလင်မုန်းတီးရေး၊ စစ်တပ်အာဏာပြန်ရရေးလှုပ်ရှားမှုများကို ယနေ့တိုင် ရပ်တန့်နိုင်ခြင်းမရှိသေးပါ။
မဘသ ဖျက်သိမ်းပြီးနောက် ၂၀၁၉ ခုနှစ်တွင် ‘ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း’ ဟု အမည်ပြောင်းဖွဲ့ခဲ့ရာတွင်လည်း ထိုစဉ်က ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံကိုယ်တိုင် အလှူငွေကျပ်သိန်း ၃၀၀ တက်ရောက်လှူဒါန်းခဲ့သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်သော စစ်တပ်ဦးဆောင်သည့် ရွေးကောက်ပွဲ၌ ဗိုလ်ချုပ်သက်ပုံသည် ကြံ့ခိုင်ရေးပါတီမှရွေးကောက်ပွဲဝင်ကာ စစ်ကိုင်းမြို့ ပြည်သူ့လွှတ်တော်အမတ်ဖြစ်လာသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်ကလည်း အာဏာသိမ်း တစ်နှစ်ပြည့်မိန့်ခွန်းတွင် NLD လက်ထက် မဘသကို ဖျက်သိမ်းခဲ့မှုနှင့်ပတ်သက်၍ ဝေဖန်ခဲ့သည်။
မဘသကို နိုင်ငံတော်သံဃမဟာနာယက အမိန့်ဖြင့် ဖျက်သိမ်းခဲ့သဖြင့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်တွင်လည်း ထိုအဖွဲ့သည် ပြန်လည် လည်ပတ်ခြင်းမရှိတော့ ကြောင်း၊ သို့သော် အဖွဲ့ဖျက်သိမ်းမှုကိုဆန့်ကျင်သည် မန္တလေးနှင့် ကရင်ပြည်နယ်မှ မဘသအဖွဲ့များသည် ဆက်လက်လှုပ်ရှားမှုများရှိနေကြောင်း မဘသ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးပါမောက္ခကဆိုသည်။
“ဘုန်ကြီးတို့ရဲ့ ဆန္ဒက စစ်တပ်ကိုလည်း ထောက်ခံတာမဟုတ်ဘူး၊ ဆန့်ကျင်တာလဲမဟုတ်ဘူး။ နိုင်ငံအတွက်လူမျိုးအတွက် လုပ်သင့်လုပ်ထိုက်တာတွေကိုတော့ လုပ်သွားမှာပါ” ဟု မကြာမီကျင်းပမည့် မဘသလှုပ်ရှားမှုနှင့် ပတ်သက်၍ ၎င်းကပြောကြားသည်။



